မြန်မာနှင့် ဥရောပ သမဂ္ဂ နိုင်ငံများ(EU) အကြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အကာအကွယ် ပေးနိုင်မည့် သဘောတူညီမှုများကို မကြာမီ ကာလအတွင်း လက်မှတ်ထိုးရန် ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ဧရာဝတီသို့ ပြောသည်။
“EU နဲ့က အခု လုပ်နေတယ်၊ လိုအပ်တဲ့ ဟာတွေ နှစ်ဘက် အပြန်အလှန် ညှိနှိုင်းရတယ်၊ စကားလုံး အသုံးအနှုန်းက အစပေါ့၊ မကြာခင် ထိုးမှာပါ”ဟု ဝန်ကြီးက ဆိုသည်။
လက်ရှိ အချိန်တွင် EU နှင့် ယင်းသို့ လက်မှတ်ရေးထိုးမှုကို မြန်မာနိုင်ငံ အတွင်း လုပ်ဆောင်ရန် သို့မဟုတ် ပြည်ပ တနေရာတွင် လုပ်ဆောင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
“သူတို့နဲ့ ညှိနှိုင်း နေတာပဲ၊ သူတို့က ဒီမှာ လာထိုးမလားပေါ့၊ ဒီမှာ လာထိုးရင် သူတို့ လာနိုင်တဲ့ရက်က ဘဏ္ဍာနှစ် ကျော်မလား၊ မကျော်လား၊ ကျနော်တို့ မသိဘူး၊ ဒါကြောင့် ကန့်သတ်ပြီး ပြောလို့ မရဘူး”ဟု ဒေါက်တာ ကံဇော်က ပြောသည်။
မြန်မာနိုင်ငံနှင့် EUတို့ သဘောတူညီမှုကို လက်မှတ်ထိုးပြီးပါက ရင်းနှီးမြှုပ်နှံမှုများတွင် နှစ်ဘက်စလုံး အတွက် အကျိုးရှိမည် ဖြစ်ပြီး အကာအကွယ်များစွာ ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
“အဲ့ဒါ ပြီးသွားရင်တော့ ကိုယ်တို့ဆီမှာ EUရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်၊ ကိုယ့်နိုင်ငံသားတွေလည်း တချိန်မှာ EU သွားပြီး တော့ Investment(ရင်းနှီးမြှုပ်နှံမှု)လုပ်ချင်ရင် ဒီသဘောတူညီမှုက အကာအကွယ် ပေးမှာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် EU ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက် ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အစမှ ဒီဇင်ဘာလကုန် အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ တရုတ်နိုင်ငံထက် များပြားစွာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် ယခု ရေးထိုးရန် ရှိသော နှစ်ဘက် သဘောတူညီမှု မတိုင်ခင် အစောဆုံး ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်။
“အခုဝင်တဲ့ EUရဲ့ရင်းနှီးမြှုပ်နှံမှုတွေကတော့ မြန်မာပြည်ရဲ့ပြောင်းလဲနေတဲ့ ဖြစ်စဉ် အပေါ်မှာ အခွင့်အလမ်းကို စောစော ဆုပ်ကိုင် ချင်ကြတဲ့ သူတွေပေါ့၊ သူတို့က စောစော ဝင်လာကြတယ်၊ စာချုပ်ရှိမှရယ် မဟုတ်ဘူး၊ မရှိလည်း ဝင်တာပါပဲ၊ စာချုပ်ရှိလာတဲ့ အတွက်ကြောင့်မို့ သူတို့အတွက် အခြေအနေ ပိုကောင်းတာပေါ့”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံကျော် ရှိနေပြီး ၁၉၈၉ ခုနှစ်မှ လက်ရှိ အချိန် အထိ ခွင့်ပြုမိန့် ချပေးခဲ့သည့် ပမာဏ စုစုပေါင်း ဖြစ်သည်။
အထက်ပါ ကာလအတွင်း ပြန်လည် ဆုတ်ခွာသွားသော လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှှံမှု ပမာဏကို ပြန်လည် ကြည့်မည် ဆိုပါက ဒေါ်လာ ၃၄ ဘီလီယံ ရှိကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။
“အချို့လုပ်ငန်းတွေက မအောင်မြင်လို့ ပြန်သွားတာ ရှိတယ်၊ အချို့လည်း နှစ်ပြည့်လို့ ပြန်သွားတာ ရှိတယ်၊ အချို့လည်း ဆက် မအောင်မြင်လို့ ရပ်ခဲ့ရတာ ရှိတယ်၊ အဲ့ဒါတွေ နုတ်လိုက်ရင် ဒေါ်လာ ၁၀ ဘီလီယံ ရှိတယ်၊ စုစုပေါင်း ဒေါ်လာ ၃၄ ဘီလီယံပေါ့”ဟု ဦးအောင်နိုင်ဦး က ပြောသည်။
ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက် သော်လည်း ယခု နောက် ပိုင်းတွင် ထုတ်လုပ်မှု လုပ်ငန်းများ၌ မြှုပ်နှံမှု ပိုမြင့်တက်လာကြောင်း၊ အထူးသဖြင့် လက်ရှိတွင် အဝင်များနေသည်မှာ လက်ခစားစနှစ် CMP လုပ်ငန်များ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
ယနေ့အချိန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်သည့်အခြေအနေမှာ အရှိန်ရစ ပြုလျက်ရှိသည့် အနေအထား ဖြစ် ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့် တက် လာသည်ဟု ထုတ်ပြန် ပြောဆို ထားသည်။
သမ္မတက ဦးသိန်းစိန်က နိုင်ငံ၏ စုစုပေါင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ကို လာမည့် ဘဏ္ဍာနှစ် ၂၀၁၄- ၂၀၁၅ တွင် ၉.၁ ရာခိုင်နှုန်း တိုးမြင့်ရန် လုပ်ဆောင်မည်ဟု နေပြည်တော်၌ ဇန်နဝါရီ ၂၇ ရက်က စတင် ကျင်းပသည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် ပြောဆိုသည်။