အာရပ်နိုင်ငံများနှင့် မတူ သွေးမစွန်းဘဲ အသွင်ကူးပြောင်းရေးလုပ်ခဲ့လို့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို “မြန်မာ့နွေဦး”လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးခဲ့တဲ့ အပြောင်းအလဲဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်မှာပဲ အရှိန်ကုန်သွားပြီလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ မကြာသေးခင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာကြောင့်ပါ။
ဒီအစီရင်ခံစာမှာ တိုင်းရင်းသားနယ်မြေတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ပြင်ဆင်ပေးဖို့ တင်ပြခဲ့ပေမယ့် ဒီမိုကရက်တစ် အတိုက်အခံတွေ လိုလားနေကြတဲ့ တပ်မတော်ကို နိုင်ငံတော်ရဲ့ အမျိုးသား ဦးဆောင်မှုကဏ္ဍက လျှော့ချဖို့နဲ့ မဲဆန္ဒရှင် အများစုကြားမှာ ရေပန်းစားနေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်တားဆီးထားတဲ့ ဥပဒေပြဌာန်းချက်တွေကို ပြင်ဆင်ရေးတွေ ကန့်ကွက်သူ ပိုများတယ်လို့ တင်ပြခဲ့တာမို့ မြန်မာပြည်သူတွေနဲ့ နိုင်ငံခြားအစိုးရတွေ စိတ်လှုပ်ရှားခဲ့တဲ့ “ပြုပြင်ပြောင်းလဲရေး” ပြီးသွားခဲ့ပြီလားလို့ လေ့လာစောင့်ကြည့်သူ အများစုက ဝေဖန်လာခဲ့ကြပါတယ်။
တပ်မတော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက် ၄၀၅၄၁ လက်ခံရရှိကြောင်း ဖော်ပြပါတယ်။ တပ်မတော်ကို နိုင်ငံတော်ရဲ့ အမျိုးသား ဦးဆောင်မှုကဏ္ဍကို ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၂၇၁၄၈၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ စ ကို ပြင်ဖို့ ၅၇၄၀၊ ဖွဲ့စည်းပုံပါ ပုဒ်မ တခုခု ကို ပြင်ဆင်မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုအပ်တာကို ပြင်ဆင်ဖို့ ၅၆၂၀ ရှိတယ်လို့ တင်ပြထားပေမယ့် မှတ်ချက်အနေနဲ့ အဲဒါတွေကို မပြင်ဖို့ အကြံပြုသူ ၁၀၆၁၀၂ ဦးရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီအရင်ခံစာဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် နောက်ဆုံးပိတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည် လိုလားတဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့ အတိုက်အခံတွေရှိတယ်ဆိုတာ တရားဝင် ရှင်းရှင်းလင်းလင်း အသိပေးချက်တခုပါ။ ထူးဆန်းတာက ဒီအစီရင်ခံစာ တင်သွင်းတဲ့အခါ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခြင်း အလျဉ်းမရှိတာပါပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီအစီရင်ခံစာကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး “အကောင်အထည် ဖော်မှု” ကော်မတီသစ်တရပ်ကို ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့ပြန်ပါတယ်။
အဲဒီကော်မတီသစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် အမတ် ၁၄ ဦး ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ် ၂ ဦး၊ တိုင်းရင်းသားပါတီတချို့က လွှတ်တော်အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦးနဲ့ ဖွဲ့စည်းပြန်ပါတယ်။ အစီရင်ခံစာထဲမှာ တိုင်းရင်းသားနယ်မြေတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ပြင်ဆင်ပေးဖို့ အကြံပြုထားပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အစိုးရက ဦးဆောင်ပြုလုပ်နေပြီး တပ်မတော်ကလည်း ပါဝင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ တိုက်ရိုက် သက်ရောက်မှု ရှိတာမို့ ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးက ဘယ်လိုအကျိုးဖြစ်ထွန်းစေမှာလဲလို့ တိုင်းရင်းသားနိုင်ငံရေးခေါင်း ဆောင်တချို့က မေးခွန်းထုတ်လာပြန်ပါတယ်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင် ဦးစိုင်းညွှန့်လွင် က “လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ၃၁ ဦးကော်မတီက သူရဲ့လုပ်ပိုင်ခွင့်နဲ့ ဘာတွေလုပ်မလဲ။ လောခီးလာ အပစ်ရပ်ရေး ဆုံးဖြတ်ချက် တွေရှိတယ်။ ဘားအံမှာလည်း ဆွေးနွေးပွဲလုပ်ဦးမယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဦးမယ်။ လွှတ်တော်ရဲ့ ၃၁ ဦး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီက အစိုးရငြိမ်းချမ်းရေး ကော်မတီကြားမှာ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လိုတယ်။ နှစ်ပေါင်း ၅၀ ၊ ၆၀ ပြည်တွင်းစစ်ပြဿနာကို အချိန်ပေးရမှာပဲ။ အစိုးရငြိမ်းချမ်းရေး ကော်မတီက ဖြေရှင်းတဲ့ဟာကို လွှတ်တော် ၃၁ ဦးကော်မတီက ဘယ်လိုသဘောထားမလဲ။ လွှတ်တော် ၃၁ ဦးနဲ့ အစိုးရလုပ်နေတဲ့ဟာ ကြားမှာ ဆက်စပ်မှုမရှိရင်တော့ မြန်မာပြည် အခက်အခဲဖြစ်မယ်” လို့ ပြောပါတယ်။
သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရနဲ့ သူရဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်အကြား အားပြိုင်မှု ဖြစ်ပေါ်နေပြီး လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့ဆိုပြီး အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး အဆုံးအဖြတ်ရယူူဖို့ ပြင်ဆင်နေတာမို့ အဲဒီအားပြိုင်မှုကလည်း တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး ဆွေးနွေးမှုအပေါ် သက်ရောက်မှုရှိမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး “အကောင်အထည်ဖော်ရေး” ကော်မတီသစ်ဟာ “လေ့လာသုံးသပ်ရေး” ကော်မတီလို တပ်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက အများစုမို့ ကျားသနားမှ နွားချမ်းသာရမယ့် အခြေအနေလို့လည်း ပြောဆိုနေပါတယ်။
“အတိုက်အခံ အင်အားစုတွေက လွှတ်တော်မှာ အင်အားနည်းတယ်။ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့က ကြံ့ခိုင်ရေးနဲ့ တပ်က ပြင်ပေးမှပဲရမှာ” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကတော့ တိုင်းရင်းသားဒေသတွေအတွက် အခြေခံဥပဒေ ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်လိမ့်မယ်လို့ ပြောပါတယ်။ “ခရိုင်ဝန်၊ မြို့ဝန်တွေကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက် တင်မြှောက်လို့ ရလာမယ်။ သံယဇာတ ပေါ်မှာ အခွန်ကောက်ခံမှုကတော့ ပြည်ထောင်စုနဲ့ ဒေသအစိုးရကြားမှာ ဘယ်လိုခွဲဝေမလဲဆိုတာတော့ ဆွေးနွေး ရဦးမယ်ထင်တယ်” လို့ ပြောပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက လက်ရှိ ၂၀၁၄ ခုနှစ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သဘောထား ကွဲလာနိုင်ခြေ ရှိတာမို့ တောင်းဆိုမှုတွေ၊ ဆူပူမှုအကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဇန်နဝါရီ လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က လမ်းညွှန်မှာကြားခဲ့တာပါ။ “ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ ဖိအားပေးမှုများ ဖြစ်ပေါ်လာပြီး မိမိတို့ အစိုးရအတွက် အလားတူ ကိစ္စများပေါ် ပေါက်လာပါက အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဆန့်ကျင်ဘက် သဘောထား ရှိသူများက နယ်မြေအသီးသီးသို့ ကွင်းဆင်း စည်းရုံးပြီး ဆူပူတောင်းဆိုမှုများ နေရာ အသီးသီးတွင် ပေါ် ပေါက်လာစေရန် ဖန်တီး လုပ်ဆောင်နေသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း” လို့ သမ္မတက သက်ဆိုင်ရာ ဝန်ကြီး ဌာနများကို ညွှန်ကြားထားပါတယ်။
ဒီလို ပြောဆိုတာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ နယ်လှည့် ဟောပြောမှုတွေ ချင်း၊ ကရင်နဲ့ ရှမ်းပြည်နယ် ခရီးစဉ်တွေမှာ လုပ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တချိန်တည်းမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကြံ့ခိုင်ရေး လွှတ်တော် အမတ် ဦးအောင်သိန်းလင်း အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ၊ သံဃာတော်တချို့ အပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့တဲ့ ဆွေးနွေးစုရုံးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေရေး ကန့်သတ်ထားတဲ့ အခြေခံဥပဒေ ပါ ပုဒ်မ ၅၉ (စ) မပယ်ဖျက်ရေးကို ထောက်ခံခဲ့ကြတာကလည်း သမ္မတ စိုးရိမ်သလို ဖြစ်လာတော့မယ့် လမ်းစလားလို့ တွေးစရာတွေပဲ ဖြစ်ပါတော့တယ်။