ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာ အပါအဝင် မိသားစုဝင် ၄ ဦးသည် ၎င်းတို့၏ နေအိမ်တွင် မေလ ၃ ရက်နေ့ နံနက် ၂ နာရီခန့်က အသတ်ခံရကြောင်း
သိရသည်။
အသတ်ခံရသူ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ၎င်းနှင့် မိသားစုဝင်များကို လူ ၂၀ ကျော်က ဝိုင်းဝန်းရိုက်နက်
သတ်ဖြတ်သွားခြင်း ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း မောင်တောရဲစခန်းမှ တာဝန်ရှိသူက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
“နယ်ခြားစောင့်တပ် ကနေပြီးတော့ တရားခံ ၁ ယောက်တော့ မိထားပြီ၊ အသတ်ခံရတာက ဘင်္ဂါလီလူမျိုးတွေပဲ၊ ရွာကလည်း ဘင်္ဂါလီရွာမှာ ဖြစ်တာပဲ၊ သတ်သွားတဲ့သူတွေကလည်း ဘင်္ဂါလီလူမျိုးတွေပဲ၊ သူတို့တွေရဲ့ လူမှုရေး ကိစ္စတွေကနေ စပြီး ဖြစ်တာလို့ ယူဆထားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါကိစ္စတွင် ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိပြီး ကျုးလွန်သူများမှာ တဖက်နိုင်ငံမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ အမှုတွင် ပါဝင်နေသည်ဟု ယူဆရသည့် မသင်္ကာသူများကို စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါကိစ္စကို မောင်တောမြို့ နယ်ခြားစောင့်တပ်က တာဝန်ယူ ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။
မောင်တော မြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၁၀၃ အုပ်စုရှိပြီး ဘင်္ဂါလီ မွတ်စလင်များ နေထိုင်သည့် ကျေးရွာ အုပ်စုပေါင်း ၈၀ ကျော် ရှိကြောင်း သိရသည်။
လက်ရှိတွင် မောင်တောမြို့နယ်၊ နယ်စပ်လုံခြုံရေးနှင့် မှုခင်းကိစ္စများ အတွက် နယ်ခြားစောင့်တပ်များက တာဝန်ယူ ဆောင်ရွက်နေကြောင်း၊ မောင်တောမြို့နယ် လုံခြုံရေးအတွက် မြို့မရဲစခန်းမှ ရဲဝန်ထမ်းများဖြင့် ရပ်ကွက်အလိုက် ကင်းစခန်းများ ချထားကြောင်း၊ စစ်တပ်နှင့် မိတ်ဖက် အဖွဲ့အစည်းများကလည်း လုံခြုံရေးတာဝန်ယူထားကြောင်း မောင်တောမြို့နယ်ရဲစခန်းမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပြီး ၂၆၅ ဦး
ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ ဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။