အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ပျံသန်းရင်း ပျက်ကျသွားသော အဲအေးရှား လေယာဉ်၏ အပျက်အစီးဟု ယူဆရသော အစိတ်အပိုင်းများကို ဂျာဗား ပင်လယ် Karimata ရေလက်ကြားတွင် တွေ့ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ CNN သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့က ခရီးသည် ၁၅၅ ဦးကိုတင်ဆောင်၍ အင်ဒိုနီးရှား နိုင်ငံမှ စင်ကာပူသို့ ထွက်ခွာသွားသည့် အဲေအေးရှား လေယာဉ် ကို ရှာဖွေနေသူများက အင်ဒိုနီးရှားနိုင်ငံ Karimata ရေလက်ကြားတွင် လေယာဉ်အပျက် အစီးများဟု ယူဆရသည့်အရာများကို မြင်တွေ့သည်ရသည်ဟု ပြောကြား ကြောင်း CNN သတင်းက ဆိုသည်။
ပင်လယ်ကြမ်းပြင်တွင် အဲအေးရှား လေယာဉ် ဟု ယူဆရသည့် အရာ တခုကို တွေ့ရှိခဲ့သည်ဟု အင်ဒိုနီးရှား ရှာဖွေရေး သမားများက ပြောသည်။ သို့သော်လည်း လေယာဉ်တစင်းလုံး၊ သို့ မဟုတ်ကျိုးပဲ့ ပျက်စီးနေသည့် အစိတ် အပိုင်းတခုဟု အတိအကျ ပြောဆိုနိုင်ရန် မသေချာ သေးကြောင်း လေယာဉ်ရှာဖွေရေးလုပ်ဆောင်နေသူ Hernato ကပြောသည်။
ပျောက်ဆုံးနေသည့် လေယာဉ်၏ အစိတ်အပိုင်းများနှင့် အလောင်းအမြောက်အများကို ပင်လယ်ပြင်တွင်းတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တွေ့ရှိခဲ့ရသည်။
အပျက်အစီးများကို တွေ့ရှိရသောနေရာသည် လေယာဉ် နောက်ဆုံးရှိခဲ့သည်ဟု သိထားရသည့်နေရာနှင့် ကီလိုမိတာ ၁၀၀ မှ ၂၀၀ အတွင်းဖြစ်သည့် ဂျာဗားပင်လယ်ပြင်တွင် ဖြစ်သည်ဟု အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့က ပြောသည်။
ယခုအချိန်အထိ အလောင်း ၇လောင်း (အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး)ကို ရေထဲမှ ဆယ်ယူပြီး ဖြစ်သည်ဟု အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ Bambang Soelistyo က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြော ကြားခဲ့သည်။ တွေ့ရှိသည့် အမျိုးသမီးအလောင်းတလောင်းသည် လေယာဉ်အမှုထမ်း ဝတ်စုံကို ဝတ်ဆင်ထားသည်ဟု လည်း သိရသည်။
ရှာဖွေရေး အဖွဲ့က ကျန်အလောင်းများနှင့် လေယာဉ် အစိတ်အပိုင်းများ အပြင် black box ကိုလည်း ရှာဖွေနေသည်။ black box ကိုတွေ့ရှိမှသာလျှင် ခရီးသည် ၁၅၅ ဦးနှင့် အမှုထမ်း ၇ ဦးလိုက်ပါသွားခဲ့သည့် လေယာဉ် ထိန်းချုပ်ရေး မျှော် စင်နှင့် အဆက်အသွယ်ပြတ်တောက်သွား ပြီးနောက် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ လတ်တလော ရာသီဥတု ဆိုးဝါးနေသည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ခက်ခက်ခဲခဲ လုပ်ကိုင်နေရကြောင်း သိရှိရသည်။
Airbus A320-200 အမျိုးအစားလေယာဉ်၏ လေယာဉ်မှူးက ရာသီဥတုဆိုးရွားသည့်နေသည့် အတွက် အထက်သို့ ပိုမြင့် မြင့် တက်ခွင့်ပြုရန် ထိန်းချုပ်ရေးမျှော်စင်သို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီးနောက် အဆက်အသွယ် ပြတ် တောက်သွား ခဲ့ခြင်းဖြစ်သည်။
လေယာဉ်သည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြုံတွေခဲ့ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောဆိုသည်။ မိုးသည်းထန်မှု နှင့် အဆိုပါနေရာတဝိုက်တွင် ဖြစ်ပေါ်နေခဲ့သည့် မိုးကြိုးမုန်တိုင်းက လေယာဉ်စက်ကို ပျက်စီးစေခဲ့ခြင်းလည်း ဖြစ်နိုင်သည် ဟု လေ့လာသုံးသပ်သူအချို့က ဆိုသည်။