ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ တားဆီးမှုခံထားရသော ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အာဏာပိုင်များက မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းလိုက်ပြီး သပိတ်မှောက် စစ်ကြောင်းမှ သံဃာတော်များ၊ ကျောင်းသားများ၊ ကျောင်းသူများ အများစု ရိုက်နှက်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် သပိတ်မှောက်ကျောင်းသားများက ရဲတပ်ဖွဲ့၏ တားဆီးမှုကို ဖောက်ထွက်မည်ဟု ကြေညာ ထားရာ ပဲခူးတိုင်းဒေသကြီးနယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနှင့် ကျောင်းသား ကိုယ်စား လှယ်များ အကြား ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ မူလက ညှိနှိုင်းချက်များအရ ကျောင်းသားများကို လက်ပံတန်း အထွက် တာဆုံအထိ လမ်းလျှောက်ခွင့်ပြုပြီး ရန်ကုန်သို့ ကားဖြင့် ချီတက်ခွင့်ပြုမည်ဟု သဘောတူညီချက် ရရှိခဲ့သည်။
သို့ရာတွင် ကျောင်းသားများ စတင်ထွက်ခွာရန် ပြင်ဆင်သောအခါ အလံမထောင်ရ၊ ခွပ်ဒေါင်း နဖူးစည်း မစည်းရ ဆိုသော ကန့်သတ်ချက်များကြောင့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုများဖြစ်ပွားလာကြောင်း၊ ယင်းနောက် ကျောင်းသားများက ရဲတပ်ဖွဲ့အတားအဆီးများကိုစတင်တိုးဝှေ့ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများကို အတင်းဝင်ရောက် ရိုက်နှက်ဖမ်းဆီး၍ အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်း၊ ဖြိုခွင်းမှု တွင် သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အနည်းဆုံး ၅၀ နီးပါး အဖမ်းခံရဖွယ်ရှိကြောင်း လက်ပံတန်း ရောက် ဧရာဝတီသတင်းထောက်က သတင်းပေးပို့သည်။
ရဲတပ်ဖွဲ့ဝင်များသည် သတင်းထောက်များကို ပစ်မှတ်ထား၍ လိုက်လံ ဖမ်းဆီးခဲ့ပြီး ဂျာနယ်သတင်းထောက်တဦး အဖမ်း ခံရကြောင်း၊ အခြားသော သတင်းထောက်များမှာမူ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့တွင် မွန်းလွဲ ၃ နာရီခန့်တွင် ကျောင်းသား အင်အား ၁၀၀ ကျော်ခန့်က ချီတက်ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း၍ ကျောင်းသား တဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသော ကျောင်းသား တဦးကို ပြန်လည် လွှတ်ပေးခဲ့သည့်အတွက် ကျောင်းသားများက သပိတ်လှန်၍ လူစုခွဲသွားကြောင်း သိရှိရသည်။
(ဧရာဝတီသတင်းထောက်သူဇာ ပူးပေါင်းရေးသားသည်)