ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ စက်လှေ ၂ စီးနှင့်အတူ မူးယစ်ဆေးဝါး ထည့်ထားသည့် ဆာလာအိတ် ၇ လုံးကို ဖမ်းမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် စက်လှေများကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တပ်မတော် (ရေ) မှ ကင်းလှည့် နေစဉ် မောင်တောနယ်စပ်ရှိ ပင်လယ်ပြင်ထဲမှ ဖမ်းမိခြင်း ဖြစ်ကြောင်း အစိုးရသတင်းများ၌ ဖော်ပြထားသည်။ ဖမ်းမိသည့် စက်လှေ၌ ဆာလာအိတ် ၅ လုံး ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၀ သိန်း ဖမ်းမိပြီး၊ ကာလ တန်ဖိုး ကျပ်ငွေ သိန်း ၂ သောင်းရှိကြောင်း မြဝတီ သတင်း၌ ဖော်ပြထားသည်။
အလားတူ ယင်းနေ့ နံနက် ၄ နာရီခန့်ကလည်း ပင်လယ်ပြင်၌ မသင်္ကာဖွယ်ရာ စက်လှေတစီးအား စစ်ဆေးစဉ် လှေပေါ်မှ အထုပ် ၂ ထုပ်အား ပစ်ချ၍ ထွက်ပြေးသော်လည်း ဖမ်းမိခဲ့ကြောင်း၊ ထိုစက်လှေ၌ လူ ၅ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၄ ဒသမ ၅ သိန်း ဖမ်းမိပြီး ကာလတန်ဖိုး ကျပ် သိန်း ၉၀ဝ၀ ခန့်ရှိကြောင်း မြဝတီ သတင်း၌ ဖော်ပြထားသည်။
ဖမ်းဆီးရမိထားသူများအား စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်း၌ ထိန်းသိမ်း စစ်ဆေးနေပြီး ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့မည့် ဆေးဝါးများ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ဧရာဝတီကို ပြောသည်။
ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ ပန်းတောင်း-တောင်ကုတ် အဝေးပြေးလမ်းပေါ်တွင်လည်း ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးမိရာ၊ စိတ်ကြွဆေးပြားပေါင်း ၁ သန်းစီ ပါဝင်သည့် ပီပါ ၁၄ လုံး၊ ဆေးပြား ၁ သောင်း စီ ပါဝင်သည့် ပီနံအိတ် ၉၅ အိတ်နှင့်အတူ လူ ၄ ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းမိခဲ့သည်။
ပန်းတောင်မြို့နယ်၌ ဖမ်းမိသည့် မူးယစ် ဆေးဝါးများ၏ ကာလ တန်ဖိုးမှာ ကျပ်ဘီလီယံ ၇၄၇၇ ဘီလီယံ ရှိကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
ရခိုင်ပြည်နယ် ပင်လယ်ပြင်၌ ယခုနှစ်အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး အများအပြားကို ဆက်တိုက် ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါး အမှုသည် ပြစ်မှုကြီးလေးပြီး နှစ်ရှည်ထောင်ဒဏ် ကျခံရမည်ဖြစ်၍ ရောင်းဝယ်သူများသည်လည်း အဆင်ဆင့် လုပ်ဆောင်ကြခြင်းကြောင့် ပိုင်ရှင်မဲ့များအဖြစ် ဖမ်မိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက ဧရာဝတီကို ပြောသည်။
မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် ဧရိယာရှိ နတ်မြစ် အတွင်းတွင်လည်း WY စာတမ်းပါ မူးယစ်ဆေးပြား ၃၈ သိန်းခန့်ကို ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ဖမ်းဆီးမိခဲ့သေးသည်။
ထိုမူးဆေးဝါးများ၏ မူလ ပိုင်ရှင်များအား ဖော်ထုတ်နိုင်ရေး အတွက် ကွင်းဆက်များဖြင့် အဆင်ဆင့် စုံစမ်းဖော်ထုတ်သွား မည်ဟုလည်း ပြည်နယ် ရဲတပ်ဖွဲ့က ဆိုသည်။