ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် နေရာများအား သတင်းဌာနများကို လိုက်လံပြသပေးသည့် မုံးကိုးမြို့ ခရစ်ယာန်နှစ်ခြင်းအသင်းတော်မှ ဘာသာရေးဆရာ ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
မုံးကိုးမြို့ နှစ်ခြင်းအသင်းတော်မှ သင်ထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် သင်းထောက်ဆရာ ဦးလန်ဂျော်ကမ်ဆိုင် တို့သည် ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှ စတင်ပျောက်ဆုံးနေကြောင်းနှင့် ယနေ့အချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း မုံးကိုးမြို့ခံ ဦးဘောက်နော်က ဧရာဝတီကို ပြောသည်။
“မနေ့က (ခရစ်စမတ်နေ့) သူတို့တွေ ဘုရားကျောင်း ရောက်မလာလို့ စသိတာပါ။ အခုထိ အဆက်အသွယ် မရသေးဘူး။ ကျနော်တို့ စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးနေသည့် သင်ထောက်ဆရာ ၂ ဦးသည် လွန်ခဲ့သည့် ရက်သတ္တပတ်က မုံးကိုးမြို့သို့ လာရောက် သတင်းရယူကြသည့် DVB သတင်းဌာန ၊ ကုမုဒြာသတင်းဌာနနှင့် ဧရာဝတီသတင်းဌာနတို့မှ သတင်းထောက်များကို မုံးကိုးမြို့အနှံ့ လိုက်လံပြသပြီး တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရှင်းပြပေးကြသူများ ဖြစ်ကြသည်။
မုံးကိုးဒေသခံ ဒေါ်ဟောင်နောက “ ဆရာ ၂ ဦးပျောက်နေတာ။ မပျောက်ခင်က ကျမနဲ့ စကားပြောပြီး အိမ်ပြန်လိုက်ဦးမယ်။ အလုပ်ရှိတယ်ဆိုပြီး ပြောပြီးထွက်သွားကြတာ။ မနက်က ဘုရားကျောင်းမလာတော့မှ သိတာ၊ တကယ်ဆို သူတို့ဘုရားကျောင်းတက်တယ်။ ကျမတို့ စိတ်ပူနေကြတာ” ဟု ဧရာဝတီကို ပြောသည်။
သင်ထောက်ဆရာ ၂ ဦးသည် မုံးကိုးမြို့နယ် ဗျူဟာကုန်အနီး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့က ခေါ်ဆောင်သွားသည်ကို အတည်ပြုရန် ခက်ခဲကြောင်း ဒေသခံတချို့က ပြောသည်။
မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဌေးက မုံးကိုးမြို့ သင်းထောက်ဆရာ ၂ ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း၊ အုပ်ချုပ်ရေးမှူးထံ လာရောက်တိုင်ကြားခြင်းလည်း မရှိကြောင်း ဧရာဝတီကို ပြောသည်။
မုံးကိုးဒေသတွင် နိုဝင်ဘာ ၂၀ ရက်မှ စတင်ပြီး အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ( Northern Alliance Burma) တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သဖြင့် အရပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး၊ အထက်တန်းကျောင်း ၁ ကျောင်းနှင့် ကက်သလစ် သာသနာပြု ဘုရားကျောင်း ၁ ကျောင်း လက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရသည်။