ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှု များကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ၏ အမြင့်ဆုံး အဆင့် စုံစမ်းရေးကော်မရှင် (COI) တခု ဖွဲ့စည်းရန် မတ်လ ၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
လက်ရှိအချိန်တွင် ဂျီနီဗာတွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ နှစ်ပတ်လည် အစည်းအဝေး တွင် အစီရင်ခံစာ တင်သွင်းရာ၌ ယန်ဟီးလီက ထိုသို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဖွဲ့ဝင် ၄၇ ဦးပါဝင်သည့် လူ့အခွင့်အရေးကောင်စီက “ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ အပေါ် ကျူး လွန်ခဲ့သည့် ကာလရှည်ကြာ ဖိနှိပ်မှုများ နှင့် စနစ်တကျ အခြေခိုင်နေသော ခွဲခြားဆက်ဆံသည့် မူဝါဒ၊ ဥပဒေနှင့် အလေ့အထများ” ကို စုံစမ်းစစ်ဆေးရေး ကော်မတီတရပ် ဖွဲ့စည်းပေးရန် သူက တောင်းဆိုလိုက်သည်။
စစ်ဆေး သက်သေပြရေးတွင် ၂၀၁၂ နှင့် ၂၀၁၄ မှ ပဋိပက္ခများ နှင့် အောက်တိုဘာလ အတွင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ခြင်း အတွက် စစ်တပ်က မွတ်ဆလင်များကို လက်တုန့်ပြန် တိုက်ခိုက် ဖြိုခွင်းမှုများကို အလေးပေးသင့်သည်ဟုလည်း ယန်ဟီးလီက ပြောသည်။
စဉ်းစားသုံးသပ်ရမည့် ဖြစ်ရပ်များက လူသားချင်းစာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် ညီမျှကောင်း ညီမျှနိုင်သည် ဟုလည်း သူက ပြောသည်။
အောက်တိုဘာလမှ စတင်ခဲ့သည့် စစ်ဆင်ရေးများတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက လူသတ်မှု၊ မုဒိန်းမှုနှင့် နှိပ်စက် ညှဉ်းပန်းမှုများ ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ရုံး၏ စုံစမ်းစစ်ဆေးမှု တခုက ဆိုသည်။
စစ်ဆင်ရေးများအတွင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ကလေးငယ်များကို သတ်ဖြတ်ခြင်း၊ လူများကို အရှင်လတ်လတ် မီးရှို့ခြင်း နှင့် အုပ်စုဖွဲ့ မုဒိန်းကျင့် ခြင်းများ ပြုလုပ်ခဲ့ကြောင်း လွတ်မြောက်လာသူများက ကုလသမဂ္ဂသို့ ပြောကြားခဲ့ကြ သည်။
မြန်မာ့တပ်မတော်ကမူ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲမှုများသည် မှန်ကန်မှု မရှိဟု ပယ်ချခဲ့သည်။
ကော်မရှင်တခု ဖွဲ့စည်းရေးအတွက် လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်များ၏ ခွင့်ပြုချက် ရရှိရမည် ဖြစ်ပြီး ယခုလကုန် ပိုင်း အစည်းအဝေး မပြီးဆုံးမီ အတည်ပြုပေးရမည် ဖြစ်သည်။