မြန်မာနိုင်ငံမှ ကလေးငယ်များသည် ၎င်းတို့၏ ကလေးဘဝကို ဆုံးရှုံးနေရပြီး မြန်မာနိုင်ငံ သည် နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၁၁၂ သို့ ရောက်ရှိကြောင်း ဇွန်လ ၁ရက်နေ့ Save the Children ထုတ်ပြန်ချက်မှ သိရသည်။
ကမ္ဘာပေါ်ရှိ ကလေးသူငယ်အရေအတွက်၏ ၄ပုံ ၁ပုံ ဖြစ်သည့် ကလေးငယ် သန်း၇၀၀ ကျော်ကို ရှာဖွေသုတေသန ပြုလုပ်ထားသည့် အဆိုပါစာတမ်းတွင် ကာကွယ်နိုင်သော ရောဂါများကြောင့် (သို့) မတော်တဆမှုကြောင့် သေဆုံးခြင်း၊ အရွယ်မတိုင်မီ လက်ထပ်ခြင်း၊ ဆယ်ကျော်သက် ကိုယ်ဝန် ဆောင်မှု၊ အကြမ်းဖက်မှုများ၊ ကျောင်းမနေနိုင်ခြင်း၊ အလုပ်လုပ်ရခြင်းနှင့် အာဟာရ ချို့တဲ့ခြင်း စသည့်ပြဿနာများကြောင့် ကလေးသူငယ်များစွာ ဘဝဆုံးရှုံးနေရကြောင်း ဖော်ပြထားသည်။
နိုင်ငံတနိုင်ငံချင်းစီမှ သုတေသနပြုထားသော အချက်အလက်များအရ ကလေးသူငယ် ဘဝကို ကာကွယ်နိုင်မှုအရ အဆင့် ၁ (အကောင်းဆုံး) မှ အဆင့် ၁၇၂ (အဆိုးဆုံး) အဖြစ် အဆင့် သတ်မှတ် ထားပြီး မြန်မာနိုင်ငံသည် ကလေးသေဆုံးမှုနှုန်း ( မွေးဖွားမှု ၁ထောင်လျှင် ၅၀)၊ အာဟာရ ချို့တဲ့ ပုညှက်မှု ဝေဒနာခံစားနေရသော ကလေးဦးရေနှုန်း (၂၉ ဒသမ ၂ ရာခိုင်နှုန်း) နှင့် မူလတန်းနှင့် အလယ်တန်း ကျောင်းထွက်မှုနှုန်း (၂၉ ဒသမ ၄ရာခိုင်နှုန်း) ရှိနေသည်။
“ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေမှာ အာဟာရ ချို့တဲ့ ပုညှက်မှုနှုန်း ကျဆင်းလာတာကို တွေ့ရပါ တယ်။ လိုအပ်ချက်ရှိတဲ့ အားနည်းတဲ့ ကလေးသူငယ်တွေကို အလေးထားတဲ့ ပညာရေးနဲ့ ကျန်းမာရေး တို့မှာ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ အစိုးရကို အကြံပြုတိုက်တွန်း ပြောကြားလိုပါတယ်။” ဟု Save the Children ၏ Country Director ဖြစ်သူ Michael McGrath က ပြောသည်။
အစိုးရအနေဖြင့် ကာကွယ်၊ ကုသနိုင်သောရောဂါများမှ ကလေးသူငယ်သေဆုံးမှုနှုန်းကို လျှော့ချရန်၊ အာဟာရချို့တဲ့ ပုညှက်မှုနှုန်းကို လျှော့ချရန်၊ အမျိုးသားအဆင့် ရောဂါလျှော့ချမှု နှုန်းထားကို တကမ္ဘာလုံး သဘောတူညီထားသည့် အာဟာရပြည့်မီမှုနှုန်းထားထိ တိုးတက်အောင် ဆောင်ရွက် ရန်နှင့် Save the children က အကြံံပြုထားသည်။
ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် အဆင့် ၁၁၆၊ ၁၃၀၊ ၁၃၄ အသီးသီးရှိကြပြီး တရုတ်က အဆင့် ၄၁ နှင့် ထိုင်းနိုင်ငံကအဆင့် ၈၄ ရှိနေသည်။