မန္တလေးတိုင်း ဖွံ့ဖြိုးရေး အတွက် ရည်မှန်းထားသော စီမံကိန်းကြီး ၅ ခုသည် နိုင်ငံရေး အရ အမြတ် ထုတ်ရန် ရည်ရွယ် ချက်နှင့် မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီ ကို ပြောသည်။
မန္တလေး နိုင်ငံတကာ ကုန်စည် ပြပွဲနှင့် စီးပွားရေး ဖိုရမ်ကို မတ်လ ၂၃ ရက်မှ စ၍ ၃ ရက် ကြာ ကျင်းပ ခဲ့ပြီး ဖွင့်ပွဲနေ့ တွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးတိုင်း အတွင်း အကောင် အထည် ဖော်နေသော စီမံကိန်း ကြီး ၅ ခုသည် တိုင်းဖွံ့ဖြိုးရေး အတွက် အလားအလာ ရှိကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကြီး ၅ ခုမှာ မန္တလေး မြို့သာ စက်မှုဇုန်၊ ရေတံခွန်တောင် အိမ်ရာ စီမံကိန်း၊ အမရပူရ မြို့ပြ စီမံ ကိန်း (ရှမ်းကလေးကျွန်း စီမံကိန်း)၊ မင်္ဂလာ မန္တလေး စီမံကိန်းနှင့် New Mandalay အိမ်ရာ စီမံကိန်းတို့ ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် က “ဒီစီမံကိန်းတွေကို အလျင်စလို ဖုတ်ပူမီးတိုက် နိုင်ငံရေး အရ အမြတ်ထုတ်ချင်လို့ မဟုတ်ဘူး။ မန္တလေးတိုင်း အတွက်၊ နိုင်ငံ အတွက် ရေရှည် စနစ်ကျတဲ့ Green၊ Clean၊ Smart ရင်းနှီးမြှုပ်နှံမှု ဖြစ် အောင်လုပ်မယ့် လုပ်ငန်း ဆိုတာတော့ ကျနော် ရဲရဲကြီး ပြောချင်တယ်” ဟု ဆိုသည်။
သို့ရာတွင် အထက်ပါ စီမံကိန်း ၅ ခုအနက် New Mandalay အိမ်ရာ စီမံကိန်းမှ အပ ကျန်စီမံကိန်း ၄ ခုသည် ယခင် အစိုးရက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) အစိုးရ တက်လာသော အခါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့် မကိုက်ညီသဖြင့် ပြန်လည် စိစစ် ရန် တိုင်းလွှတ်တော်က ထောက်ပြခြင်းခံခဲ့ ရသော စီမံကိန်းများလည်း ဖြစ်သည်။
“အရင် အစိုးရနဲ့ ဘယ်လိုပဲ ချုပ်ခဲ့ချုပ်ခဲ့ပါ။ ကျနော်တု့ိ ပြန်လည် စိစစ်ပြီး ပြည်သူအတွက် နစ်နာမယ့် ဟာတွေ မရှိဘူး။ ဖွံ့ဖြိုးနိုင်တဲ့ လမ်းစရှိတယ် ဆိုရင် ဆက်ခွင့်ပြုပေးလိုက်တယ်။ ဒါမှလည်း တိုင်း အတွင်း မှာ အလုပ်အကိုင် အခွင့်အလမ်း အများကြီး ရလာမှာဖြစ်သလို လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်လာမယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီ ကို ပြောသည်။
၎င်းက “တချို့ စာချုပ်ဆိုတာတွေက ပြင်လို့ မရဘူးဗျ။ ရှေ့နေချုပ်ရုံးက ကျပြီးပြီ။ ဒါတွေကို ကျနော်တို့က ဆက် Contribute (ပံ့ပိုး) လုပ်ရတယ်။ ပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ လာတဲ့အခါ ကျနော်တို့မြေမပေး နိုင် သေးတော့ အဲဒီနေရာတွေမှာ ပေးတယ်။ မြို့ရဲ့ အလုပ်အကိုင်၊ စီးပွားဖွံဖြိုးမှုကို အထောက်အကူ ပြုမယ် ထင်လို့ High Light လုပ်ပြီး ပြောလိုက်တာပါ” ဟု ရှင်းပြသည်။
ဝန်ကြီးချုပ် တင်ပြခဲ့သော စီမံကိန်း ၅ ခုအနက် New Mandalay Resort City စီမံကိန်းသည် ပြည်ထောင်စု ဆောက် လုပ်ရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်း အစိုးရအဖွဲ့ တို့က ဆောင်ရွက်မည့် နိုင်ငံတော် စီမံကိန်း တရပ် ဖြစ်ပြီး ကျန်စီမံ ကိန်း ၄ ခုသည် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီများက အကောင်အထည်ဖော်မည်ဟု သိရသည်။
ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “ စီမံကိန်းတွေ လုပ်တယ် ဆိုတာ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရဖို့၊ ဒေသဖွံ့ဖြိုးရေး အတွက် ရသင့်ရထိုက်တဲ့ အခွန် အခ တွေ ရဖို့က အရေးကြီးပါတယ်။ ဒါမှသာ ဖွံ့ဖြိုးမှု လမ်းကြောင်းကို ဖြောင့်ဖြောင့် သွားနိုင်မှာပါ”ဟု ဧရာဝတီသို့ပြောသည်။
ထို့အတွက် စီမံကိန်းကို အကောင်အထည်ဖော် လုပ်ကိုင်မည့် ကုမ္ပဏီများ အနေဖြင့် တဝက်တပျက်ဖြင့် ရပ်တန့် မနေ ဘဲ အမှန်အကန် လုပ်ဆောင်ရန် လိုကြောင်း၊ သို့မှသာ ဒေသအတွက် အကျိုးရှိသည့် စီမံကိန်းများ ဖြစ်လာမည် ဖြစ်ကြောင်း၊ ထိုအတွက်လည်း စောင့်ကြည့်လေလာမှုများ အမြဲရှိရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။
ယင်းစီမံကိန်း ၄ ခု အနက် နှစ်ခုမှာ ဒေသခံများနှင့် မြေယာ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ရှိနေခြင်းကြောင့် ဆန္ဒထုတ် ဖော်မှုများ မကြာခဏ ပြုလုပ်ခံရသော စီမံကိန်းများလည်း ဖြစ်သည်။
ရေတံခွန် တောင်အိမ်ရာ စီမံကိန်းကို ဆောင်ရွက်မည့် ဖွံ့ဖြိုးသစ် ကုမ္ပဏီ၏ ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးသက် လွင်ရွှေက “ဒေသ တခုဖွံ့ဖြိုးဖို့ အတွက် အခြေခံ အဆောက်အအုံတွေ ပြည့်စုံဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် ရင်း နှီးမြှုပ်နှံမှုက အရေးကြီးတယ်။ ဆင်းရဲ နွမ်းပါးမှု ဆိုတာ တိုက်ဖျက်လို့ မရသလို အဲဒီ ဒေသကို စီးပွားရေး ကောင်း အောင် လုပ်ရင်းနဲ့ ဖွံ့ဖြိုးမှုကို ကျွဲကူး ရေပါ ဖြစ်အောင် လုပ်ရတာပါ” ဟု ပြောသည်။
ယင်း အိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့် စာချုပ်တွင် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီက မြေယာ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာများ ထည့်သွင်း ချုပ်ဆိုခဲ့သောကြောင့် လက်ရှိ အစိုးရတက်လာသော အခါ တနှစ်ကျော် စိစစ်ခြင်း၊ ပြန်လည် ညှိနှိုင်းခြင်း များ ဆောင်ရွက်ခဲ့ရသည့် စီမံကိန်း တခုလည်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနှင့် ကပ်လျက် အကောင်အထည် ဖော်မည့် အမရပူရ မြို့ပြ စီမံကိန်းကို ဦးဆောင်သူ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် က “ကျနော်တို့ စီမံကိန်းကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်သလို နိုင်ငံတကာ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ပဲ ရှေ့ဆက် ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်ခဲ့ သော အင်တာဗျူးတခုတွင် ဖြေကြားခဲ့သည်။
တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက် အရ အထက်ပါ စီမံကိန်း ၅ ခုသည် သဘာဝ ပတ်ဝန်းကျင်၊ လူမှုဘဝ ဆိုင်ရာ လေ့လာ ဆန်းစစ်ချက် (EIA/SIA) များ ပြုလုပ်ပြီး ဖြစ်ကာ Environmental Management Plan (EMP) သဘာဝ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမည့် စီမံချက်များ မရှိပါက လုပ်ဆောင်ခွင့် မပြုဟု ဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန် – ပြင်ဦးလွင် ရတနာပုံမြို့သစ်စီမံကိန်း ၂၀၁၉ တွင် စတင်မည်