အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် တပ်နေရာချထားရေးကိစ္စရပ်များကို ဆွေးနွေးပါက ရက္ခိုင်စစ်တပ် (AA)၏ တည်ရှိမှုကို လိုင်ဇာတွင်သာ အသိအမှတ်ပြုမည်ဟု တပ်မတော်က ဧရာဝတီကို ပြောသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ရခိုင်ပြည်နယ်မှာ တည်ရှိနေမှုက Bilateral မှာ လက်ခံနိုင်ဖွယ်ကတော့ အကြောင်းမရှိဘူး။ ယခင် တည်ရှိတဲ့ နေရာပဲ လိုင်ဇာနဲ့ ပတ်သတ်ပြီး လိုင်ဇာမှာ တည်ရှိတဲ့ အနေအထားနဲ့ပဲ လက်ခံနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကတော့ အကြမ်းဖျင်းပြောခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ခေါင်းဆောင်များသည် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) တခု ချုပ်ဆိုရန် ဆွေးနွေး နေကြရာ ထိုထဲတွင် တပ်နေရာချထားရေးနှင့် နှစ်ဦးနှစ်ဖက် တပ်များ စောင့်ထိန်းလိုက်ရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိုလည်း ထည့်သွင်းသွားမည် ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်၊ ရက္ခိုင်စစ်တပ် (AA) သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၆ ခုတွင် ဝင်ရောက်လှုပ်ရှားနေသဖြင့် အပစ်ရပ်စာချုပ် ချုပ်ပါက တပ်နေရာချထားရေး အတွက် တပ်မတော်၏ သဘောထားကို မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုသို့ ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ရခိုင်ပြည်နယ်မှာ တည်ရှိမှုနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်သည် အရင်တုန်းက အတိုင်း အဖြူရောင်နယ်မြေ ဖြစ်တယ်လို့ ကျနော်တို့ ခံယူထားတယ်။ ရခိုင်နယ်မြေမှာ တည်ရှိနေမှုနဲ့ ပတ်သတ်ပြီး ကျနော်တို့ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြီးသား ဖြစ်တယ်”ဟု ဆိုသည်။
NRPC ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )၊ AA တို့သည် ဧပြီ ၃၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တွေ့ဆုံပြီး Bilateral စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ်များဘက်မှ Bilateral တွင် ၎င်းတို့ ထည့်လိုသည့် အချက်အလက်များကို အဆိုပြုချက် သီးခြားစီ ရေးကာ NRPC ဘက်ကို ပေးလိုက်သည်။
မဟာမိတ် ၄ ဖွဲ့က Bilateral စာချုပ် ချုပ်ဆိုပါက အပစ်ရပ်ဆိုင်းရေး အချက်များအပြင် တဖွဲ့ချင်းစီ၏ တပ်များ နေရာချထားရေး နှစ်ဖက်သဘောတူရန်၊ နှစ်ဖက်တပ်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (Code Of Conduct) များကို တပါတည်း ညှိနှိုင်း ရေးဆွဲပြီး သဘောတူရန်တို့ တောင်းဆိုထားသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့က NRPC ကို ပေးလိုက်သည့် အဆိုပြုချက် ၄ စောင်ထဲတွင် မည်သည့် အကြောင်း အရာများ ပါသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
တပ်နေရာချထားရေးအတွက် AA ဘက်မှ ဆွေးနွေးလိုသည့် အချက်များကို မေးမြန်းရာ AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက တပ်ပိုင်းဆိုင်ရာ ကိစ္စများကို သတင်းမီဒီယာတွင် ထုတ်ဖော်ပြောဆိုရန် အချိန် စောပါသေးသည်ဟု ပြောသည်။
AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လုံးက Bilateral တွင် ထည့်လိုသည့် အချက်များ အားလုံးကို အစိုးရ၊ တပ်မတော်တို့ထံ ဧပြီ ၃၀ ရက်တည်းက ပေးပို့ထားပြီး ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
ဆက်လက်၍ ဦးခိုင်သုခ က “ဒီတကြိမ်မှာ သူတု့ိဘက်က သဘောထားကို ကျနော်တို့ဆီကို ပို့လာရမှာ။ Bilateral နဲ့ပတ်သတ်ပြီး ထပ်ညှိရမှာ။ အထူးသဖြင့် တပ်ဘက်ဆိုင်ရာ ကိစ္စတွေလည်း ပါလာမှာ။ ဆွေးနွေး တယ်ဆိုတာ နှစ်ဦးနှစ်ဖက် သြဇာ လွှမ်းမိုးမှု မရှိတဲ့ နေရာမှာ ဆွေးနွေးရင် ပိုပြီးတော့ အပြန်အလှန် အကျေအလည် အကြောက်အကန် ပြောလို့ ရတာပေါ့ဗျာ” ဟု ပြောသည်။
AA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၊ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ် တို့တွင် လှုပ်ရှားကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
KIA ထိန်းချုပ်သည့် လိုင်ဇာမြို့တွင် AA က ယာယီဌာနချုပ် အခြေစိုက်သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အခြေခံ စစ်သင်တန်း ပေးထားပြီး ဖြစ်သည့် AA တပ်ဖွဲ့ဝင် တသောင်းကျော် ရှိသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်း လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင် ၃၀၀၀ နှင့် အထက် ရှိသည်ဟု တိုင်းရင်းသားနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ခန့်မှန်းကြသော်လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက တပ်မတော်နှင့် AA ကြား တပ်နေရာ ချထားရေး ညှိနှိုင်းပါက အရှိတရားအပေါ်တွင် အသိအမှတ်ပြု ဆွေးနွေးပါက ပြေလည်နိုင်မည်ဟု သုံးသပ်သည်။
ဦးမောင်မောင်စိုး က “တပ်နေရာချထားရေးက နှစ်ဖက်က လွန်လွန်ကျွံကျွံ မတောင်းဆိုကြဘူးဆိုရင် ဘာပဲဖြစ်ဖြစ် ရခိုင်မှာ AA တပ်ဖွဲ့ဝင်က ထောင်ဂဏန်းအချို့ ရောက် နေပြီဆိုတော့ အဲ့အခြေအနေအပေါ် အရှိတရားကို အခြေခံပြီး မျှမျှတတ စဉ်းစားမယ်ဆို ညှိနှိုင်းလို့ ရမယ် ထင်ပါတယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် NRPC ကိုယ်စားလှယ်များအကြား ထပ်မံ တွေ့ဆုံရန် မေ ၂၄ ရက်နှင့် ၂၅ ရက်ကို လျာထားသော်လည်း မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်အချို့က လုံခြုံရေး စိုးရိမ်သည်ဟု ဆိုကာ နေရာ ညှိနှိုင်းနေသဖြင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့သေးပါ။
မြောက်ပိုင်မဟာမိတ်အဖွဲ့များနှင့် NRPC တို့ကြား ကြားဝင်ညှိနှိုင်းပေးနေသည့် ကချင် ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွ့ဲ (PCG) မှ ဦးဆန်းအောင်က ဇွန်မှသာ အစည်းအဝေး ဖြစ်နိုင်တော့မည်ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ အစည်းအဝေးများသို့ မြောက်ပိုင်း မဟာမိတ်ခေါင်းဆောင်များ လာတတ်ရောက်ပါက တရုတ်နိုင်ငံဘက်မှ လုံခြုံရေးကို တာဝန်ယူပြီး တရုတ်နိုင်ငံပိုင် လေယာဉ်ဖြင့် အကြိုအပို့ လုပ်ပေးသည်။
ယခုအခါ Bilateral ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံဘက်မှ တာဝန်ယူ အကြိုအပို့ လုပ်ပေးသည်များ မတွေ့ရပါ။
ဦးဆန်းအောင် က “အစိုးရဘက်က အဲ့လို လက်မခံတဲ့ သဘောလို့ မြင်ပါတယ်။ တရုတ်က ပါဝင်ပတ်သတ် နေတာမျိုး ပေါ်တင် ပါဝင်ပတ်သတ်နေတာကို တပ်မတော်ဘက်က အစိုးရဘက်က သိပ်မလိုလားတဲ့ အနေ အထားမျိုး ရှိတယ်။ အဲ့တာတွေက သံတမန်တွေက အာမခံချက် မပေးတော့ သူတို့က နယ်စပ်မှာ လုပ်ချင်တယ် ဆိုပြီး တင်ပြနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
NRPC ဘက်မှ နေပြည်တော်၊ ရန်ကုန် နှင့် မြစ်ကြီးနားမြို့တို့တွင် တွေ့ဆုံရန် အဆိုပြုထားပြီး မြောက်ပိုင်း မဟာမိတ်များဘက်မှ မူဆယ်မြို့နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ပန်ဆန်းမြို့ တို့တွင် တွေ့လိုကြောင်း အဆိုပြုထားသည်။
ဇွန်တွင် ကျင်းပမည့် အစည်းအဝေး၌ Bilateral စာချုပ်ပါ အချက်များကို စတင်ညှိနှိုင်းတော့မည်ဟု ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် MNDAA သည် ကိုးကန့်ဒေသ၊ ဟုန်အိုင်တောင်ကြော တဝိုက်နှင့် သံလွင်မြစ် အနောက်ဘက်ခြမ်း တကြောတွင် အခြေစိုက်လှုပ်ရှားသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊မန်တုံ၊ မူဆယ်၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် လှုပ်ရှားသည်။
TNLA နှင့် MNDAA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်ရပ်စာချုပ်များ မရှိသည့်အပြင် ၎င်းတို့ ဆွေးနွေး လိုသည့် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးပါ။
KIA သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားပြီး အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ ၁၇ နှစ်တာ အပစ်ရပ်စာချုပ် ချုပ်ဆိုဖူးသည်။ အပစ်ရပ်သတ်မှတ်မှုများ၊ တပ်ပိုင်းဆိုင်ရာ နေရာ သတ်မှတ်မှုများ ပြုလုပ်ဖူးသည်။
တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့တွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တွေ့ဆုံစဉ်က KIA ၏ တပ်မဟာများအနက် တပ်မဟာ ၅ ၊ ၆ ၊ ၇ ၊ ၈ တို့ကို ထပ်မံတိုးချဲ့ထားသည့် တပ်မဟာများဟု သတ်မှတ်သဖြင့် ဖျက်သိမ်းပေးရန် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်း အခြေစိုက်ထားသည့် တပ်မဟာများကို ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ပေးရန် တပ်မတော်က ပြောဆိုဆွေးနွေးထားသည်။
KIO/KIA ဘက်က သဘောမတူပဲ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် တပ်တွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ လိုအပ်ချက်အရ ဟု ဆိုကာ ကချင်ပြည်နယ်တွင်း တပ်မဟာ ၉ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၁၀ ကို ထပ်မံ တိုးချဲ့ ဖွဲ့စည်းထားသည်။
ဆက်စပ်ဖတ်ရှူရန်
ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ
မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရေး နေရာညှိမရ၍ ကြန့်ကြာနေ