တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)ကြား ပဏာမာ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး နှစ်ဖက် ကြိုးပမ်းနေသည့်တိုင် အဆင်မပြေဘဲ ဖြစ်နေခြင်းကြောင့် တကယ် သဘောတူညီချက်များ ရယူနိုင်ပါ့ မလားဆိုပြီး မေးခွန်းထုတ်မှုများ ရှိလာနေသည်။
AA သည် ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ခွင့်ရှိကြောင်းနှင့် အခြေစိုက်နိုင်ရမည်ဟု ရပ်တည်ချက်ရှိနေပြီး တပ်မတော်ဘက်က ရခိုင်ပြည်နယ်သည် အဖြူရောင်နယ် မြေဖြစ်သည့်အတွက် အခြေစိုက်ခွင့်မပြုနိုင်ကြောင်း နှင့် ရပ်တည်မှုကို အသိအမှတ်မပြုနိုင်ကြောင်း ပြောထားသည်။
ထိုသို့ နှစ်ဖက် သဘောထား ရပ်တည်ချက်များ ကိုယ်စီ ရှိနေသည့်အနက် Bilateral စာချုပ် လက်မှတ်ရေးထိုး နိုင်ရန် အစိုးရ-တပ်မတော် ကိုယ်စားလှယ်များနှင့် AA တာဝန်ရှိသူများ ညှိနှိုင်းလျက်ရှိရာ တချို့က တပ်တည်နေ ရာ ကိစ္စကြောင့် Bilateral စာချုပ် မဖြစ်လာနိုင်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာ အောင်မျိုးက “မဖြစ်နိုင်ပါဘူး၊ ရခိုင်က အစကတည်းက အဖြူရောင် နယ်မြေ ဖြစ်ပြီးသားလေ၊ အဖြူဖြစ်ပြီးသားကို အညိုပြန်ပြီးတော့ ဘယ်သူမှ အဆိုးမခံဘူး။ ညိုပြီးသား ဆက်ညိုနေတာ မဲပြီးသား ဆက်မဲနေတာကိုတော့ စစ်တပ်က အတိုင်းအတာ တရပ်အထိ ဒါတော့ လက်ခံပေမယ့် ဖြူပြီးသား တခုကို အညိုကတော့ ဘယ်လိုမှ မခံဘူး အဓိက အဲဒါ ပြဿနာပေါ့နော်။ အဲပြဿနာဖြစ်နေလို့ သူ့ဟာသူ လိုင်ဇာမှာ ရှိနေရင်တော့ စစ်တပ်က လက်ခံမှာပဲ ရခိုင်ပြန်လာနေမှာတော့ စစ်တပ်က လက်ခံမှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
NCA ၏ အားနည်းချက်သည် နယ်မြေလွှမ်းမိုးမှုကိစ္စဖြစ်ကြောင်း၊ AA တည်ရှိ လာပါက demarcation (နယ်မြေပိုင်းခြားသတ်မှတ်ခြင်း) တိတိကျကျ ပြတ်ပြတ်သားသား လုပ်ရမည်ဖြစ်သည့် အတွက် ပြဿနာရှိကြောင်း၊ နယ်မြေ ပိုင်းခြား သတ်မှတ်မှုရှိလာပါက ဆက်ကြေး ကောက်ခံမှုများနှင့် စီးပွားရေး လုပ်ကိုင်မှုများကိစ္စ အငြင်းပွားလာနိုင်ကြောင်း၊ ရခိုင်ပြည်နယ်သည် ပြောက်ကျား စစ်ဆင်ရေး လုပ်ရန် နေရာကောင်း မဟုတ်သည့်တိုင် AA က လုပ်ဆောင်လာနိုင်ခြင်းကြောင့် တပ်မတော်က ဖြစ်တည်ခွင့်လည်း ပေးမှာ မဟုတ်ကြောင်း ဒေါက်တာ အောင်မျိုးက ဆိုသည်။
ဒေါက်တာ အောင်မျိုး က “Bilateral ကို AA အနေနဲ့ ဖြစ်ချင်တယ်ဆိုရင် သူက ပြောထားပြီးသားပဲလေ၊ အားလုံးကလည်း အသံတွေ လွှင့်ထားတာပဲ သူလိုင်ဇာမှာနေရင် ရကောင်း ရနိုင်တာပေါ့နော်၊ ဒါက သူ့အတွက် အစွမ်းကုန်ပဲလေ။ ဒီထက် ပိုပြီး မရနိုင်ဘူး” ဟု ဆိုသည်။
နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ AA နှင့် တပ်မတော်ကြား ရပ်တည်ချက် ၂ ခု ကွာခြားနေမှုမှာ မှန်သော်လည်း ညှိနှိုင်းမှု အဆင်ပြေခြင်း ရှိ/မရှိဆိုသည်မှာ အရင် ညှိကြည့်ကြရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးမောင်မောင်စိုး က “အဓိကတော့ အဲရပ်တည်ချက် ၂ ခုကွာတာတော့ အမှန်ပဲ၊ ဒါပေမယ့် ညှိလို့ အဆင်ပြေမယ် မပြေဘူးဆိုတာ ညှိကြည့်မှပဲ သိမှာပေါ့။ အဓိကတော့ အရင်ညှိကြည့်ကြဖို့ပါပဲ။ Bilateral အောင်မြင်ဖို့ဆိုရင်တော့ လက်ရှိ တကယ့် မြေပြင် အခြေအနေကို စဉ်းစား သုံးသပ်ကြည့်ကြမယ်၊ အဲအပေါ်မှာ ညှိကြမယ်ဆိုရင်တော့ အဆင်ပြေ နိုင်ပါတယ်” ဟု ပြောသည်။
AA သည် ကချင်လွတ်လပ်ရေးာတပ်မတော် (KIA) ၏ ကူညီထောက်ပံ့မှုဖြင့် လိုင်ဇာမြို့မှာ သင်တန်းတက်ပြီး ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မတော်ဘက်က တပ်တည်နေရာအား လိုင်ဇာမှာသာ အသိအမှတ်ပြုနိုင်ကြောင်းနှင့် ရခိုင်မှာ အခြေစိုက်ခွင့် လုံးဝခွင့်မပြုနိုင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇွန် ၂ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခဲ့သည်။
AA ဘက်ကမူ မိမိတို့မှာ ရခိုင်တပ်ဖွဲ့ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်မှာ အခြေစိုက်ခွင့် ရှိကြောင်း၊ ရခိုင်ပြည်နယ် အတွင်းမှာ လက်ရှိ အခြေစိုက် လှုပ်ရှားနေနိုင်ပြီ ဖြစ်ကြောင်း ဆိုထားသည်။
လက်ရှိတွင် တပ်မတော်နှင့် AA ကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အပါအဝင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မောင်းတော၊ ပုဏ္ဏကျွန်း၊ ကျောက်တော် စသည့် မြို့နယ် များတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ အခြေအနေတွင် အစိုးရ-တပ်မတော်နှင့် AA ကြား ပဏာမာ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ် ထိုးနိုင်ရေး နှစ်ဖက် ညှိနှိုင်းနေပြီး အဆင်ပြေမှုတော့ မရှိသေးပေ။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်း ရေးမှူး (၁) ဒေါက်တာရွှေခါးရ် က “အဲကိစ္စနဲ့ ပတ်သက်လို့ကတော့ နည်းနည်း AA က သူ့ပြည်နယ်ထဲမှာပဲ လှုပ် ရှားနေတာပေါ့နော်။ ဒါအဖြစ်မှန်ကတော့ ကျနော်တို့ အသိအမှတ်ပြုပေးရမှာပေါ့၊ စတာကတော့ လိုင်ဇာမှာ သင်တန်းသွားတတ်တာပဲ ရှိတာ၊ အဖြစ်မှန်တိုင်းကို ကျနော်တို့အရှိတရားကို အခြေခံပြီးတော့ စဉ်းစားသင့်တယ် လို့ ကျနော်ကတော့ ယူဆတာပေါ့လေ” ဟု ဧရာဝတီသို့ ပြောသည်။
Bilataeral စာချုပ် ချုပ်ဆိုနိုင်ရန်အတွက်ဆိုလျှင် စာချုပ်ထဲတွင် နှစ်ဖက်စလုံး လိုက်နားရမည့် Code of Conduct (CoC) ကို ကောင်းကောင်း ရေးဆွဲရန်လိုအပ်ကြောင်း၊ Bilateral ထဲတွင် မလုပ်ရမည့်အချက်များနှင့် ရှောင်ရှားရ မည့် အချက်များကို အသေအချာ ထည့်သွင်းရန်လိုအပ်ကြောင်း၊ စောင့်ကြည့်ခြင်းနှင့် ထိထိ ရောက်ရောက် အရေးယူမှုများ ပြုလုပ်ခြင်းတို့ကိုလည်း ထည့်သင့်ကြောင်း ဒေါက်တာရွှေခါးရ်က အကြံပြုသည်။
AA သည် Bilateral စာချုပ် လက်မှတ် ရေးထိုးနိုင်ရေးအတွက် အစိုးရ-တပ်မတော်ထံသို့ ၎င်းတို့ ရေးဆွဲထား သော အစီရင်ခံစာမူကြမ်းတခုကို ပေးပို့ထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် KIA-TNLA-MNDAA တို့နှင့် ပူးပေါင်း၍ ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ အစိုးရ-တပ်မတော်မှ ကိုယ်စားလှယ် များပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့မှ တာဝန်ရှိသူများ Bilateral စာချုပ် လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး အပြန် အလှန် လိုလားသော အစီရင်ခံစာများပေးအပ်ကာ မေလထဲမှာ ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ကြ သည်။
မေ ၂၄ ရက်တွင် တွေ့ဆုံရန် နှစ်ဖက် ကိုယ်စားလှယ်များကြား အတည်ပြုနိုင်ခဲ့သော်လည်း တွေ့ဆုံ ဆွေးနွေးရန် နေရာ ညှိနှိုင်းမရ ခြင်းကြောင့် ယနေ့ချိန်ထိ တွေ့ဆုံ ဆွေးနွေးမှု မဖြစ်မြောက်ပဲ ဖြစ်နေသည်။
အစိုးရဘက်က နေပြည်တော်၊ လားရှိုး၊ မြစ်ကြီးနား၊ ရန်ကုန် စသည့် မြို့များမှာ တွေ့ဆုံနိုင်ရန် အဆိုပြုသော် လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က AA နှင့် တပ်မတော် တိုက်ပွဲ ပြင်းထန်နေသည့်အတွက် လုံခြုံရေး စိတ်မချခြင်းကြောင့် ပန်ဆန်းမြို့(ပန်ခမ်း)၊ မူဆယ်၊ တရုတ်နိုင်ငံ ခွင်မင်း(ကူမင်းမြို့) တို့တွင်သာ တွေ့ဆုံ နိုင်ကြောင်း ပြန်လည် အဆိုပြုရာ ယနေ့ထိတိုင် မတွေ့နိုင်ပဲ ဖြစ်နေသည်။
AA ဖက်မှ တင်ပြသော Bilateral စာချုပ်နှင့် ပတ်သက်သည့် ပရိုပိုဆယ်မူကြမ်းတွင် မည်သည့် အချက် အလတ်များ ပါဝင်ကြောင်းကို နှစ်ဖက် တာဝန်ရှိသူများက ထုတ်ဖော် မပြောကြပေ။ AA ဘက်က တော့ မည်ကဲ့သို့ အပစ်ရပ်ကြမည် ဆိုသည်နှင့် ဖမ်းဆီးခံထားရသူများကို ပြန်လွတ်ပေးရန်ဆိုသော အချက်များ ပါဝင်ကြောင်းသာ ပြောပြီး အသေးစိတ် အချက်အလတ်ကိုတော့ မပြောပေ။
AA ဘက်မှ လုံခြုံရေးစိုးရိမ်မှု အကြောင်းပြချက်သည် အရေးမပါကြောင်း၊ ကမ္ဘာ့သိကိစ္စ ဖြစ်နေခြင်းကြောင့် မည်သူမှ ဖမ်းဆီးထောင်ချ၍ မရကြောင်းနှင့် အစိုးရဘက်က မြောက်ပိုင်းအဖွဲ့များ အဆိုပြုသည့် နေရာကို မသွားခြင်းကလည်း AA အပေါ် စိတ်ဆန္ဒ မရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာ အောင်မျိုးက ဆိုသည်။
ဒေါက်တာ အောင်မျိုးက “နေပြည်တော်မှာ လုပ်ချင်လဲ လာလို့ရတာပဲ၊ တကမ္ဘာလုံးက စောင့်ကြည့်နေတာ ဘယ်သူကမှ သူတို့ကို တစားခံ အဖြစ် ဖမ်းထားမှာ မဟုတ်ဘူး၊ အဲတော့ ဒါတွေက သက်သက် အကြောင်းပြချက်တွေပါဗျာ၊ မြောက်ပိုင်းအဖွဲ့ အဆိုပြုတဲ့ နေရာကို မသွားတာကလည်း တကယ်မလုပ်ချင်လို့ပါ၊ AA နဲ့ ပတ်သက်လို့ရှိရင် မလုပ်ချင်တဲ့ စိတ်ရှိ လို့နေမှာပေါ့ ဆန္ဒမရှိလို့ နေမှာပါ” ဟု ပြောသည်။
JMC-U မှ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်ကတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ပါက နေရာ မရွေးသင့် ကြောင်း၊ နှစ်ဖက်စလုံး ယခုနေရာ ညှိနှိုင်းမရဖြစ်နေခြင်းကို ပြန်ပြီးတော့ စဉ်းစားသင့်ကြောင်း၊ ယုံကြည်မှု တည် ဆောက်ခြင်းဖြင့် နှစ်ဖက် အဆင်ပြေမည့် အခြေအနေကို အဖြေရှာသင့်ကြောင်း ဆိုသည်။
ဦးမောင်မောင်စိုး က “အဲဒါတော့ အကြောင်းပြချက် ခိုင်လုံလား မခိုင်လုံလား ဆိုတာကတော့ ပြောရခက်ပါတယ်၊ နှစ်ဖက် စလုံးကတော့ အကြောင်းပြချက် ကိုယ်စီ ပေးနေကြတာပေါ့။ အဲတော့ လိုက်လျော အလျှော့ပေးမယ် ဆိုလို့ ရှိရင်တော့ အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ဖက်စလုံးက တင်းခံနေအုံးမယ် ဆိုရင်တော့ ဖြစ်မြောက်ဖို့ နည်းနည်း ခက်မှာပေါ့၊ တွေ့ဆုံဖို့ နည်းနည်း ခက်နေမှာပေါ့။ အဓိကတော့ ညှိနှိုင်းတဲ့လူတွေက တဖက်ဖက်ကို သို့မဟုတ် နှစ်ဖက်စလုံးကို နားချ ညှိနှိုင်းပေးနိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်” ဟု ပြောသည်။
You may also like these stories:
ပလက်ဝ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော် AA အဖွဲ့ လုယူသွား
ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ
AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော