အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးစိုင်းပန်းဆိုင်၏ ကြားဖြတ် ရွေးကောက်ပွဲ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ် ဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်ထားမှု အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က ပ လပ် လိုက်ခြင်းသည် ဥပဒေနှင့်မညီဟု SNLD တာဝန်ရှိသူ များက ပြောဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ရှိ SNLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
လက်ရှိ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဖြစ်နေသော ဦးစိုင်းပန်းဆိုင်နှင့် ဒေါ်နန်းထွေးမှုံတို့သည် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်၊ ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဦးစိုင်းပန်းဆိုင်၏ မဲဆွယ်စည်းရုံးရေး အသုံးစရိတ် စာရင်းများတွင် တရားမဲ့ပြုကျင့်မှုများ တွေ့ရ၍ဟု ဆိုကာ ဒေါ်နန်းထွေးမှုံ က UEC သို့ ကန့်ကွက် တိုင်ကြားခြင်း ဖြစ်သည်။
ထို ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်နန်းထွေးမှုံသည် မဲ အရေအတွက် အရ ဒုတိယ နေရာဖြင့် ရှုံးနိမ့်ခဲ့သည်။
ပထမနေရာ ရရှိပြီး အနိုင်ရရှိသူ ဦးစိုင်းပန်းဆိုင်၏ အသုံးစရိတ် စာရင်းများတွင် တရားမဲ့ ပြုကျင့်မှုများ တွေ့ရ၍ SNLD က ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တိုင်ကြားခဲ့ရာ UEC က ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပြီး ၂၀၁၉ ဇွန် ၁၃ ရက်တွင် စီရင် ချက်ချခဲ့ခြင်း ဖြစ်ကြောင်း SNLD ပါတီ ဒု ဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ပြောသည်။
စီရင်ချက် အရ SNLD ကိုယ်စားလှယ် ရှုံးခဲ့ပြီး အယူခံ ဆက်မတက်တော့ရန် ပါတီ အလုပ်အမှုဆောင် အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့သော်လည်း UEC ၏ စီရင်ချက်ကို အသေချာ ပြန်ဖတ်ကြည့်ပြီးသည့်အခါတွင် ယင်း စီရင်ချက်သည် တဦး တယောက်နှင့် မသက်ဆိုင်တော့ဘဲ နောင်အခါ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူ အားလုံးနှင့် သက်ဆိုင်နေ သည်ကို သတိပြုမိ၍ အယူခံ ဆက်တက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ဦးစိုင်းညွန့်လွင်က“အခု ခုံရုံးက စီရင်ချက် ရှိတယ်။ ကျနော်တို့ အယူခံ မတင်တော့ဘူး ဆိုရင် အဲဒီစီရင်ချက် ပြီးသွားပြီ။ အဲဒီ စီရင်ချက်ထဲက အတိုင်းကို ၂၀၂၀ မှာ နောက်ထပ် ကွန်ပလိန်း တက်လာလိမ့်မယ်။ ဒါကြောင့် အခု ကျနော်တို့က အယူခံမတင်တော့ဘူးလို့ ဆုံးဖြတ်ထားတာကို ပြင်ပြီး အယူခံ ပြန်တင်ရတာ ဖြစ်တယ်”ဟု ဆိုသည်။
ဒေါ်နန်းထွေးမှုံ၏ အယူခံကို ယနေ့ သွားတင်မည် ဖြစ်ကြောင်း သိရသည်။
SNLD ကိုယ်စားလှယ် တင်ခဲ့သည့် ကန့်ကွက်လွှာတွင် အနိုင်ရရှိသူ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ် နည်းနေခြင်း ကြောင့် ပြန်လည် စိစစ်လိုက်သည့် အခါ မဲဆွယ်ရန် သွားသည့် လူအုပ်နှင့် အသုံးစရိတ် မမျှမတ ဖြစ်နေသည်ကို ထည့် သွင်း ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။
ယင်း ကန့်ကွက်ချက်ကို တဖက်က ပြန်လည် ထုချေသည့် အခါ ပါတီ၏ မူဝါဒအရ ဖြစ်ကြောင်း၊ ပါတီ အနေဖြင့် ကိုယ် စားလှယ်လောင်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်ရန် သွားရောက် ဝန်းရံသူများအနေဖြင့် ကိုယ့်စရိတ်နှင့်ကိုယ် ဝန်းရံကြခြင်း ဖြစ်ရာ ကိုယ်စားလှယ်၏ ကုန်ကျစရိတ်ထဲ မထည့်သွင်းခြင်းဖြစ်သည်ဟု ထုချေကြောင်း သိရသည်။
အဆိုပါ ထုချေချက် အပေါ် အငြင်းမပွားလိုသော်လည်း ပါတီမူဝါဒ (စည်းကမ်း)အရ မထည့်သွင်းဘူး ဆိုသည်ကို ခုံရုံးက “ထုချေချက်သည် မှန်သည်ဟု ယူဆသည်” ဟူသည့် မှတ်ချက်ပေးပြီး ကန့်ကွက်ချက်ကို ငြင်းဆိုလိုက်ခြင်းသည် ဥပဒေ နှင့် မညီကြောင်း ပါတီ တာဝန်ရှိသူများက ရှင်းပြသည်။
ဦးစိုင်းညွန့်လွင်က“ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေကိုပဲ ပထမ ဦးစားပေး ဖြစ်သင့် တယ်။ ပါတီမူဝါဒကို ဦးစားမပေးသင့်ဘူး”ဟု ထောက်ပြသည်။
ဆက်လက်၍ ၎င်းက“ဝန်းရံသူတွေ အတူတကွပဲ ရည်ရွယ်ချက် တူတယ်။ တအုပ်စုတည်း သွားကြတယ်။ ဆိုင်ကယ် တွေ ကားတွေနဲ့ သွားကြတယ်။ လာနားထောင်တဲ့ သူကိုတော့ မဆိုလိုဘူး။ ဝန်းရံတဲ့သူတွေရဲ့ စရိတ်တွေ ထည့်မတွက်ဘူး ဆိုရင် ၂၀၂၀ ကျရင် ပိုက်ဆံ မရှိတဲ့ ပါတီလေးတွေက ခံရမှာပဲ။ တရားမျှတမှု မရှိဘူး။ အဲဒါကို အဓိက ရည်ရွယ်တာပါ” ဟု ဆိုသည်။
ဒေါ်နန်းထွေးမှုံ ကလည်း စည်းရုံးရေး ဆင်းသည့် အခါ သက်ဆိုင်ရာ မြို့နယ်ကို စည်းရုံးရေး ဆင်းမည့်သူ ဦးရေ၊ နေ ရာ၊ နေ့ရက် စသည် တို့ကို တင်ရကြောင်း၊ ဦးစိုင်းပန်းဆိုင်က တင်သည့်အခါ စည်းရုံးရေး ဆင်းသူ ၂၅/၃၀ ဟု စာရင်း တင်ခဲ့ကြောင်း၊ ယင်းခရီးစဉ်သည် ဝေးသဖြင့် လမ်းလျှောက်သွား၍ မရဘဲ ကား၊ ဆိုင်ကယ်များဖြင့် သွားရသော်လည်း ကားစာရင်း တင်သည့် အခါ ဦးစိုင်းပန်းဆိုင် စီးသည့် ကားတစီးကိုသာ စာရင်းတင်ခဲ့ပြီး ကျန်သူများ၏ ကား၊ဆိုင်ကယ် စာရင်းနှင့် ကုန်ကျစရိတ်များကို မတင်ခဲ့ကြောင်း ရှင်းပြသည်။
ထို့အတွက် ကန့်ကွက်ခဲ့ရာ စာရင်းတင်ထားသူ လူ ၃၀ ဆိုသော်လည်း စည်းရုံးရေး ဆင်းသူ ၄ ဦးသာ ဖြစ်ကြောင်း၊ ကျန်သူများသည် ဝန်းရံသူများ ဖြစ်ပြီး ၎င်းတို့ကို ကုန်ကျစရိတ် ထုတ်ပေးထားခြင်း မရှိကြောင်း၊ ယင်းသည် ပါတီမူဝါဒ ဖြစ်ကြောင်း ထုချေချက်ကို ခုံအဖွဲ့က လက်ခံခဲ့သည်ဟု ဆိုသည်။
ဒေါ်နန်းထွေးမှုံက“အဲဒီလို လက်ခံလိုက်ရင် လာမယ့် ၂၀၂၀ ကျရင် အဲဒီလိုလုပ်ကြေး ဆိုရင် NLD မှာလည်း သူ့မူဝါဒနဲ့ သူ လာမယ်။ ကြံ့ ခိုင်ရေး ကလည်း သူ့မူဝါဒနဲ့ သူလာမယ်။ ပြည်သူ့ ပါတီကလည်း သူ့ မူဝါဒနဲ့ သူလာမယ်။ အကုန်လုံး က သူ့မူဝါဒနဲ့ သူ လာမယ် ဆိုလို့ ရှိရင် ရွေးကောက်ပွဲ ဥပဒေနဲ့ မညီတော့ဘူး”ဟု ပြောသည်။
ရွေးကောက်ပွဲ စည်းရုံးရေး အသုံး စရိတ်ကို တရားဝင် ကျပ် သိန်း ၁၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ရွေးကောက်ပွဲ နည်းဥပဒေ အခန်း(၁၃) ပုဒ်မ ၇၃၊ ပုဒ်မခွဲ (က)(ခ)(ဂ) တို့တွင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်များနှင့် ပတ်သက်၍ အတိအကျ ပြဋ္ဌာန်းထားသည်။
ပုဒ်မခွဲ(က)တွင် ရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ်၊ (ခ)တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကုန်ကျစရိတ် အတွက် မိမိကိုယ်ပိုင်ငွေဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ နိုင်ငံသား တဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ (သို့) ကုမ္ပဏီ အစုအဖွဲ့များက ဖြစ်စေ တရားဝင် ရရှိထားသော ငွေကြေးများထဲမှ ထည့်ဝင် လှူဒါန်းသော ငွေဖြင့်လည်း ကောင်း၊ သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းက ထောက်ပံ့သည့် ငွေဖြင့်သော်လည်းကောင်း ကျခံပြီးသည့် ကုန်ကျစရိတ် များ၊ (ဂ)တွင် လွှတ်တော် ကိုယ်စားလှယ်က ပေးရန် ကျန်ရှိသေးသည့် အသုံးစရိတ်ငွေများ ဟူ၍ ပါရှိသည်။
ဒေါ်နန်းထွေးမှုံက “ကျမ ရှုံးတာ ပြဿနာ မရှိဘူး။ ဒါပေမယ့် ဒီလိုတိုင်း သွားမယ် ဆိုရင် လာမယ့် ရွေးကောက်ပွဲတွေ မှာ ကိုယ့်မူဝါဒနဲ့ ကိုယ် လာမယ်ဆိုရင် ဥပဒေနဲ့ မညီတော့ဘူး။ အဲဒါဆို ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ အားလုံးနဲ့ ဆိုင်တယ်” ဟု ဆိုသည်။
SNLD သည် အနိုင်ရသူ တင်ပြသည့် ငွေရပြေစာပေါင်း ၂၁၇ ခုတွင် တံဆိပ်ခေါင်း မကပ်ထားသည့် ပြေစာပေါင်း ၁၂၇ စောင်ပါနေမှုနှင့် ပတ်သက်၍လည်း ကန့်ကွက်ခဲ့မှုကိုလည်း ခုံရုံးက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ဦးစိုင်းညွန့်လွင်က “အဲဒါကို တရားမဲ့ပြုကျင့်မှု ဆိုပြီး တင်တယ်။ လက်မခံဘူး။ ဒါက နယ်မြို့တချို့မှာ မကပ်ဘူးပေါ့ နော်။ အဲဒါလည်း ရှိတယ်။ UEC ရဲ့ ပုံစံတွေထဲမှာ တံဆိပ်ခေါင်း ကပ်ရမယ် ဆိုတာ အထင်အရှား မရေးထားဘူးပေါ့။ မရေးထားတဲ့ အတွက် မကပ်လည်း ဘာမှ မဖြစ်ဘူး ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အခု ၂၀၂၀ မှာဆိုရင် ဘယ်လိုလုပ် မလဲ။ ဒီတိုင်းပဲ ဆက်ရှိ နေမယ်ဆိုရင် စကားတွေ များကုန်မှာပဲ” ဟု ပြောသည်။
အယူခံနှင့် ပတ်သက်၍ ရှုံးခြင်း နိုင်ခြင်းက ပြဿနာ မဟုတ်ဘဲ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ အတိုင်းသာ ဖြစ်စေ ချင်သည်ဟု ၎င်းက ဆိုသည်။
ပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က“တပါတီချင်းက သူ့ဟာနဲ့သူ မူဝါဒ ထုတ်လို့ရတယ်။ ရွေးကောက်ပွဲ ကမ်ပိန်း ဆိုင်ရာ မဟာဗျူဟာပေါ့။ အဲဒါဆိုရင် ကော အဲဒီပါတီတခုရဲ့ ထုတ်ပြန်မှုက UEC ကို ကျော် လွန်လို့ ရသလား ဆိုတဲ့ မေးခွန်း ထုတ်စရာ ရှိတယ်။ အဓိက အဲဒါတွေကို မေးချင်တာ”ဟုလည်း ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စများ သာ ခုံရုံးနှင့် သက်ဆိုင်၍ တခြားသော ပြစ်မှုများကို ခုံရုံးက ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ သက်ဆိုင်ရာ တရားရုံးတွင် ဖြေရှင်း ရမည့် ကိစ္စဖြစ်ကြောင်း၊ ကန့်ကွက်သူ တင်ပြချက်များသည် တရားမဲ့ ပြုကျင့်သည်ဟု ပေါ်လွင်အောင် တင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ခုံ အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောဆိုထားသည်။
မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်တွင် အငြင်းပွားသူ ၂ ဦး အပါအဝင် ၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲပေးပိုင့် ရှိသူ ၄၂၀၀၀ ကျော်ရှိသည့် အနက် ၁၇၉၀၀ ကျော် လာရောက် ဆန္ဒမဲ ပေးခဲ့ပြီး ခိုင်လုံမဲ ၁၇၆၀၆ မဲ ရရှိခဲ့ကြောင်း သိရသည်။
ယင်းခိုင်လုံမဲများ အနက် NLD မှ ဦးစိုင်းပန်းဆိုင်က ၇၁၆၇ မဲနှင့် SNLD မှ ဒေါ်နန်းထွေးမှုံက ၄၆၅၂ မဲ ရရှိခဲ့ကြောင်း တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
You may also like these stories:
၂၀၂၀ မဲစာရင်း ပထမမူကြမ်း သုံးလအတွင်း ပြုစုသွားမည်
ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအား SNLD ကန့်ကွက်မှု ကော်မရှင် ပလပ်
ကြံ့ခိုင်ရေး ဦးဆောင်သော ၂၆ ပါတီ တွေ့ဆုံခွင့် တောင်းမှု ရွေးကောက်ပွဲ ကော်မရှင် လက်မခံ