ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်၌ မူလတန်းလွန် ကျောင်းတွင် သူငယ်တန်း (KG) တက်ရောက်နေသည့် အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် တဦးအား အဓမ္မပြုကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ကံကုန်း ကျေးရွာ အုပ်စု စံလင်းဒေါင့် ကျေးရွာရှိ မူလတန်းလွန်ကျောင်း၏ နေ့လယ် ထမင်းစား ကျောင်းဆင်းချိန်၌ အသက် ၁၅ နှစ် အရွယ်ရှိ ဖြိုးမင်းမြတ် (ခ) ဖိုးချစ် ဆိုသူ ယောကျ်ားလေး တဦးက KG တန်းမှ အသက် ၅ နှစ် အရွယ် မိန်းကလေးငယ်အား မုန့်ကျွေးမည်ဟု ပြောဆိုကာ ကျောင်း၏ အနောက်ဘက်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ကောင်လေးက အဲဒီကျောင်းမှာ ဒုတိ ယတန်းတက်နေတဲ့ သူ့ ညီမ၂ ယောက်ကို ထမင်းချိုင့်သွားပို့ရင်းနဲ့ KG တန်းက ကလေးမလေးကို မုန့်ဝယ်ကျွေး မယ် ဆိုပြီး ကျောင်းနောက်ဘက်က အပင်အောက် ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တာ။ တရားခံကို ဖမ်းဆီးထားပြီးပါပြီ။ ကျူးလွန်သူက လည်း အသက် ၁၅ နှစ် အရွယ် ကလေးဖြစ်နေလို့ တရားသူကြီးဆီကနေ ထိန်းသိမ်းခွင့် တောင်းခံပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ထိုသို့ အဓမ္မပြုကျင့်ပြီးနောက် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်မှာ ကျောင်းပြန်တက်နေခဲ့ပြီး ညနေ ကျောင်း ဆင်း ချိန်တွင် မိခင်ဖြစ်သူအား မိန်းမကိုယ်အင်္ဂါမှ နာကျင်ကြောင်း ပြောဆိုရာမှ တဆင့် အဓမ္မပြုကျင့်မှုကို မိဘများက သိရှိခဲ့ ကြခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်အား သိရှိပြီးနောက် မိခင်ဖြစ်သူက တရားလိုပြုလုပ်၍ မအူပင်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က မအူပင်မြို့နယ် ကံကုန်းကျေးရွာ အုပ်စု စံလင်းဒေါင့် ကျေးရွာနေ ဖြိုးမင်းမြတ်(ခ) ဖိုးချစ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်း အထိ ချမှတ်ရမည် ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက“ကျောင်း ချိန် အတွင်းမှာ အခုလို မုဒိမ်းမှု ဖြစ်သွားတယ်ဆိုတော့ ဒါက ကျောင်းက ဆရာ၊ ဆရာမတွေ အနေနဲ့ ကလေးတွေကို ဂရုတစိုက် စောင့်ရှောက်မှု အားနည်းလို့ အခုလို ဖြစ်စဉ် ပေါ်ပေါက်သွားတာ ဖြစ်တယ်”ဟု ပြောသည်။
ထို့ပြင် ပညာရေးဌာန အနေနှင့် မူဝါဒအရ KG တန်းများ ဖွင့်ထားကြသော်လည်း Child Protection ဟုခေါ်သော ကလေး သူငယ် ကာကွယ် စောင့်ရှောက်ခြင်း ဘာသာရပ်နှင့် ပတ်သက်ပြီး အစိုးရက သင်ကြားပို့ချမှု အားနည်းနေ ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် KG တန်း ဆရာ ဆရာမများကို Child Protection နှင့် ပတ်သက်သော သင်တန်းများ ပိုမိုသင်ကြားပို့ချပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ညောင်လိန်ကျေးရွာ အုပ်စုအတွင်းရှိ ရွာတရွာတွင် နေထိုင်သည့် အသက် ၁၄ နှစ် အရွယ် မိန်းကလေးငယ်ကိုလည်း ပထွေးဖြစ်သူနှင့် ခဲအိုဖြစ်သူတို့က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ သည့် အတွက် ကျူးလွန်သူများအား ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်တွင် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
You May Also Like These Stories:
သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ
ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား