မန္တလေးမြို့တွင် ဧရာဝတ်ီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၅ စင်တီမီတာ ကျော်လွန်ရောက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
မန္တလေးမြို့၏ စိုးရိမ်ရေမှတ်သည် ၁၂၆၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းထွာချက်အရ ၁၂၇၅ စင်တီမီတာတွင်ရှိနေပြီး မိုးဆက်ရွာလျှင် ထပ်မံမြင့်တက်လာနိုင်မည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးကျော်လွင်ဦး က “မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုတော့ ကျော်လွန်သွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ မြစ်ရေ အခြေအနေတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေပြီဖြစ်သော်လည်း ယခုထက် ပို၍ စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း၊ နောက်ရက်တွင် ယခုအခြေအနေမှ လျော့ကျသွားနိုင်ဖွယ်ရှိပြီး အခြေအနေနှင့် ပတ်သက်၍ သတင်းများကို အဆက်မပြတ် ထုတ်ပြန်ပေးနေကြောင်း ဦးကျော်လွင်ဦး ကပြောသည်။
ဇူလိုင်လဆန်းပိုင်းမှ စ၍ ဧရာဝတီမြစ် အထက်ပိုင်း ဒေသများဖြစ်သည့် မြစ်ကြီးနား၊ ဗန်းမော်စသည့်မြို့များတွင် စိုးရိမ်ရေအမှတ် အထက်ရောက်ပြီး ရေကြီးခဲ့သည့်သဖြင့် ယခုအခါ မြစ်ရေသည် အောက်ပိုင်းသို့ ဆင်းလာ ခြင်းကြောင့် တဖြည်းဖြည်း မြင့်တက်နေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ခြင်းကြောင့် မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုနှင့် ပုသိမ်ကြီးမြို့နယ် ကြံခင်းရွာ၊ လှိုင်းပေါက်ရွာ၊ ပေါက်မြိုင်ရွာတို့တွင် ဧရာဝတီမြစ်ရေတိုးနေမှုကြောင့် ရေဝင်နေလျက်ရှိသည်။
ထို့အပြင် ဒုဋ္ဌဝတီမြစ်ရေသည်လည်း မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ရောက်ရှိနေသောကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နယ်နှင့် မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ရေဝင်ကျေးရွာများရှိ စိုးရိမ်ရသည့် အိမ်များမှ လူများကို ယာယီအဖြစ် စာသင်ကျောင်း၊ ဓမ္မာရုံနှင့် အမြင့် ပိုင်းနေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန က သိရသည်။
မန္တလေးမြို့တွင်ဧရာဝတီမြစ်ရေမြင့်တက်ခြင်းကြောင့်ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ကမ်းနားလမ်း တလျှောက်ရှိ မြို့နယ်များတွင် မန္တလးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ကြိုတင်ပြင်ဆင်၍ သဲအိတ်များ စီမံထားခြင်း နှင့် မီးသတ်ဦးစီးဌာန မှ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသင့်ပြင်ထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က “မနေ့က ညနေ ၆ နာရီခွဲက မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပါပြီ။ ရေက နောက်ထပ် တရက်ကျော်အထိ ဆက်တက်ပြီး ပြန်ကျမယ်လို့ မှန်းဆထားပါတယ်။ မိုးမရွာခဲ့ရင်တော့ အမြန်ဆုံး ပြန်ကျသွားနိုင်ပါတယ်၊ စည်ပင်အနေနဲ့ လွန်ခဲ့တဲ့ အပတ်ကထဲက အရေးပေါ်သဲအိတ် ၃ သောင်းကျော် ပြင်ဆင်ပြီးပါပြီ။ ဝန်ထမ်းတွေကိုလည်း တပ်လှန့်ထားပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာထက်တွင် ပြောကြားထားသည်။
မြစ်ရေမြင့်တက်မှုကြောင့် သပိတ်ကျင်းမြို့နယ် နှင့် စဉ့်ကူးမြို့နယ် တို့တွင်လည် လူဦးရေ ၁၅၀၀ ခန့် ရေဘေးရှောင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က သိရသည်။
ဧရာဝတီမြစ်ရေသည် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ မြစ်ရေ၏ အတက်အကျ နှုန်းမှာ ပိုမိုမြန်ဆန်လာလျက်ရှိပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်၍ မြစ်ရေအတက် အကျနှုန်း အနိမ့်ဆုံး သတိပေးရေမှတ်အောက်နှင့် အမြင့်ဆုံး သတိပေးရေမှတ် အထက် ရောက်ရှိမှုများမှာ သိသာစွာများပြား လာလျက်ရှိကြောင်း သိရသည်။
You may also like these stories:
မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၌ ၂ ရက် အတွင်း မြစ်ရေ စိုးရိမ်ရေမှတ် အထိ တက်နိုင်
သပိတ်ကျင်းတွင် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်ဟု မိုးဇလ သတိပေး
မန္တလေး ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဒီဇင်ဘာတွင် စမည်