ရက္ခိုင်စစ်တပ် (AA) ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များကို ထောင်ဒဏ် တသက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ တရားစွဲတင်လိုက်ပြီ ဖြစ်သည်။
တရားစွဲတင် ခံရသည့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖြစ်သည့် ဦးအောင်မြတ်ကျော်(ခ) ဦးထွန်းအောင် နိုင် (AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီ)၊ ဦးထွန်းအေး၊ ဦးဟိန်းဇော်၊ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဦးရွှေလှိုင်သန်း၊ ဒေါ်အေးမြတ်မွန် နှင့် ဦးမြတ်လင်းဦးတို့ ၈ ဦး ဖြစ်သည်။
၎င်းတို့အနက် ဦးမြတ်လင်းဦးသည် ဦးတင်လှိုင်ဦးနှင့် ဒေါ်အေးမြတ်မွန်တို့ ကားငှားရမ်းရာတွင် လိုက်ပါ မောင်းနှင်ပေးခဲ့ သည့် ကားဆရာ တဦးဖြစ်ပြီး ရခိုင် အသင်း (စင်ကာပူ) အဖွဲ့ဝင် မဟုတ်ကြောင်း သိရသည်။
တရားစွဲတင်လိုက်သည့် ပုဒ်မများမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ ဖြစ် သည်။
ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော် အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ခြင်း ဆိုင်ရာ လုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရမည့် ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားသည်ဟု တရားရုံး ဆုံးဖြတ်ပါက ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် တသက်နှင့် ငွေဒဏ် ကျခံ ရမည့် ပုဒ်မ ဖြစ်သည်။
ပုဒ်မ ၅၂(က) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့၏ တာဝန်များကို ဆောင်ရွက် ပေးခြင်း၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်ပေးခြင်းများ ပြုလုပ်ရာတွင် တရားစွဲဆို နိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ် ထင်ရှားသည်ဟု တရားရုံး ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည်။
အနောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ဒေါ်ချိုချိုမာက တရားစွဲတင်ခံလိုက်ရသူ ၈ ဦးကို အင်းစိန် အကျဉ်းထောင် တွင် ချုပ်မိန့် ပေးလိုက်သည်ဟုလည်း တရားခွင်တွင် ပြောဆိုသည်။
ဦးအောင်မြတ်ကျော်အား တရားစွဲခံရမှုနှင့် ပတ်သက်ပြီး သဘောထား မေးမြန်းရာ ၎င်းက“ကျနော်တို့ ရင်ဆိုင်မယ်၊ ကျနော်တို့ လုပ်ခဲ့တာကို။ အဲ့ဒါကို နိုင်ငံတော်အစိုးရက မကြိုက်ဘူး။ တည်ဆဲဥပဒေအရ ရင်ဆိုင်မယ်။ ကျနော်တို့ နောင်တ မရဘူး”ဟု ပြောသည်။
ဦးအောင်မြတ်ကျော် အပါအဝင် ၈ ဦးလုံးကို ရဲ အထူး သတင်း တပ်ဖွဲ့မှ ရဲမှူး တင့်ရွှေက တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
တရားစွဲဆိုရသည့် အဓိက အကြောင်းအရင်းမှာ ဦးအောင်မြတ်ကျော်တို့က စင်ကာပူရောက် ရခိုင် လူမျိုး ၈၆ ဦးဖြင့် ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA) စင်ကာပူ ဟူသည့် အဖွဲ့တခု ဖွဲ့ထားပြီး ထိုအဖွဲ့မှ လစဉ် အမျိုးသားရေး ရန်ပုံငွေ ကောက်ခံကာ AA ကို ထောက်ပံ့နေခြင်းကြောင့် ဖြစ်သည်ဟု ရဲတိုင်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
ULA သည် AA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်းတခု ဖြစ်ကြောင်း သိရသည်။
ဦးအောင်မြတ်ကျော်က ၎င်းတို့သည် ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီခဲ့ သည်ဟုလည်း ပြောသည်။
ဆက်လက်၍ ၎င်းက“အစိုးရက ရခိုင်မှာ စစ်ပွဲတွေဖြစ်နေတာတွေ ဒုက္ခရောက်နေတာတွေကို မျက်ကွယ် ပြုထားတယ်။ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကူညီခဲ့တယ်။ ကြိုးစားခဲ့တယ်။ အဲ့ဒီ့ အတွက် နောင်တမရဘူး”ဟု ပြောသည်။
ဦးအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များသည် စင်ကာပူ နိုင်ငံတွင် နေထိုင်ကြသူ များ ဖြစ်သည်။
ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် စင်ကာပူပြည်ထဲရေးက ၎င်းတို့ကို နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီး မြန်မာ အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် AA အတွက် စင်ကာပူရောက် မြန်မာများထံမှ လစဉ် ငွေကောက် ခံပြီး ပံ့ပိုးပေးခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲကာ စင်ကာပူ နိုင်ငံမှ ပြည်နှင်ဒဏ် ပေးထားသည်။
ထို့ပြင် ဧပြီ ၇ ရက်က စင်ကာပူနိုင်ငံတွင်း AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို ကျင်းပကာ စစ်ဝတ်စုံ များဖြင့် သရုပ်ပြမှုများ ပြုလုပ်ခြင်း၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ဗီဒီယိုကော ခေါ်ကာ မိန့်ခွန်း နားထောင်မှု ပြုလုပ်ခြင်းကိုလည်း လက်မခံကြောင်း စင်ကာပူပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြ ထားသည်။
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ ရှေ့နေ ဦးကျော်မျိုးထွန်းက“သူတို့ နေရထိုင်ရ စားရသောက်ရတာ အဆင် ပြေတယ်လို့ ပြောတယ်။ သူတို့ ကိုယ်တိုင်ကလည်း ဥပဒေနဲ့ အညီ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမယ်လို့ ကျနော့်ကို ပြောတယ်။ ရခိုင်မှာဆို ရေကြီးတာ သူတို့ လှူဒါန်းတာတွေပဲ ရှိပါတယ်လို့ ပြောပါတယ်”ဟု ပြောဆိုသည်။
အနောက်ပိုင်းခရိုင် တရားရုံး၏ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ရခိုင်အသင်း (စင်ကာပူ) အမှုတွဲတွင် ဦးသန်းထွန်းနိုင် (ခ) ဗိုလ်နီ၊ ဦးစိုးစိုး(ခ) စိုးမြင့် (ခ) မောင်စိုးမြင့်တို့ နှစ်ဦးလည်း ပါဝင်ကြောင်း၊ သို့သော် ၎င်းတို့ နှစ်ဦး ထွက်ပြေး နေသဖြင့် အနောက်ပိုင်း ခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီဟု ပြောသည်။
ဦးအောင်မြတ်ကျော်တို့နှင့် တတွဲတည်း ဖမ်းဆီးစစ်ဆေးခံရသည့် ဦးအောင်မျိုးဝင်းကိုမူ တရားစွဲတင်ခြင်း မရှိသေးဘဲ ချုပ်ရမန်သာ ယူထားဆဲ ဖြစ်သည်။
AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ရခိုင်အသင်း (စင်ကာပူ) သည် လူမှုကူညီရေး အသင်းအဖွဲ့ တခု သာ ဖြစ်ပြီး AA ကို ငွေကြေး ထောက်ပံ့ခြင်း မရှိပါဟု ငြင်းဆိုသည်။
“အခု ဖမ်းခံနေရတဲ့ထဲက လူတွေက ULA ထဲမှာ ပါနေတာ တယောက်မှ မရှိဘူး။ ဒါက စွပ်စွဲချက် သက်သက်ပါ”ဟု လည်း ဦးခိုင်သုခက ပြောသည်။
အစိုးရက တော်လှန်ရေး လုပ်ကိုင်နေသူများ၏ ဆွေမျိုးတော်စပ်သူများကို ဖမ်းဆီး တရားစွဲဆို နေခြင်းသည် ဆိုးဝါး သည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဝေဖန် ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ