ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့က နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တပ်မတော်က AA ကို ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယမန်နေ့က မင်းပြား မြို့နယ် ကျော်ကကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ကီလိုမီတာအကွာတွင် တပ်မတော် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းနှင့် မနက် ၉ နာရီကျော်၌ ၁ ကြိမ်၊ နေ့လည် ၁၂ နာရီကျော်တွင် ၁ ကြိမ် ထိတွေ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
ဦးခိုင်သုခက “တိုက်ပွဲဖြစ်တာက မင်းပြားမြို့နယ် ကျော်ကရွာ အရှေ့ မြောက်ဘက် ၄ ကီလိုမီတာခန့် အကွာမှာ မနက် ၉ နာရီကျော် တကြိမ်ဖြစ်တယ်။ နေ့လည် ၁၂ နာရီကျော်မှာ ၁ ကြိမ်ဖြစ်တယ်။ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီးတော့ ညနေ ၂ နာရီ ကျော ်လောက်မှာ တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ လာပြီး တိုက်ခိုက်တာ ရှိပါတယ်။ တပ်ဘက်က အင်အား ထပ်ဖြည့်နေ တာတွေ ရှိတော့ တိုက်ပွဲက ထပ်ပြီးတော့ ပြင်းထန်လာမယ့် အခြေအနေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုထိတွေ့တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ အလောင်း ၃ လောင်းနှင့် လက်နက်ငယ် ၃ လက်၊ ပစ္စတို ၁ လက် အပါအဝင် ခြင်းတောင်း အလုံး ၂၀ ကျော် သိမ်းဆည်း ရမိကာ AA တပ်ဖွဲ့ဝင် တချို့ အသေးစား ထိခိုက်ဒဏ်ရာ ရရှိမှု ရှိကြောင်းလည်း ဦးခိုင်သုခက ဆက်လက် ပြောကြားသည်။
ထိုသို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တရပ် ယနေ့ ပြုလုပ်လျှက် ရှိသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မင်းပြားမြို့ ရွှေကျင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုနှင့် ကျောက်တော်မြို့နယ် သံပုရာထောင့် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုတို့ကို ဟုတ်မှန်ကြောင်း အတည်ပြုသော်လည်း အခြေအနေ အသေးစိတ်ကို မသိရှိသေးကြောင်း ပြောသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် လက်ရှိ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အပေါ် ထိခိုက်နိုင်ခြင်း ရှိ၊ မရှိကို ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား မေးမြန်းခဲ့ရာ “အဲဒီ အခြေအနေကိုတော့ ကျနော့်အနေနဲ့ မသုံးသပ်တတ်ဘူး။ အထက်က လူကြီးတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ ”ဟု ရှင်းပြသည်။
တိုက်ပွဲမှာ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ကျော် အကွာ တောင်တန်းများတွင် ယမန်နေ့ မနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ မွန်းလွဲပိုင်းတွင် တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်မှုကို မြင်တွေ့ရကြောင်းလည်း ဒေသခံ ကျေးရွာသားများ က ပြောသည်။
ရွှေကျင်ကျေးရွာနေ ဦးဖိုးသိန်းက “ကျနော်တို့ ရွာမြောက်တောင်တန်းမှာ တိုက်ပွဲ ဖြစ်ကြတာပါ။ မနက်ပိုင်းကတည်းက ၁ ကြိမ်ဖြစ်တယ်။ နောက် ၁၁ နာရီလောက်မှာ ၁ ကြိမ်ဖြစ်တယ်။ ညနေ ၂ နာရီလောက်မှာ ရဟတ်ယာဉ် ၃ စီးလာတာကို မြင်ပါတယ်။ ၂ စီးက တောင်တန်းတွေကို လှည့်ပတ်ပြီး ပစ်တယ်။ နောက် ၁ စီးကတော့ တောင်ကုန်းပေါ်မှာ ဆင်းပြီး ရပ်နေတာကို မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက “ ဒီနေ့တော့ တိုက်ပွဲဖြစ်သံ မကြားရဘူး။ ကျနော်တို့ရွာသားတွေကတော့ မနေ့ကတည်းက ရွာကို လက်နက်ကြီး တွေပဲ လာကျမလား၊ ရွာထဲကိုပဲ ဝင်လာကြမလား အဲဒီလို စိုးရိမ်မှုတွေနဲ့ ည လည်း ကောင်းကောင်း မအိပ်ရဲဘူး၊ ရွာပြင်ကို လည်း မထွက်ရဲကြဘူး” ဟု ရှင်းပြသည်။
ယင်းအပြင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်တော်မြို့နယ်အတွင်း သူပုန်ရွာနှင့် သံပုရာ ထောင့်ရွာ အကြားတွင် တပ်မတော်နှင့် AA နှစ်ဘက် အပြန်အလှန် ထိတွေ့ တိုက်ခိုက်မှု ရှိခဲ့ကြောင်းလည်း သိရသည်။
You may also like these stories:
မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ ကျိုင်းတုံတွင်ဆွေးနွေး
နည်းပညာသုံး ဖောက်ခွဲလာနေသော AA ကို အိန္ဒိယလည်း စောင့်ကြည့်နေ
AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော