Plan International – Myanmar၏ လှုပ်ရှားမှု တခုဖြစ်သော မိန်းကလေးများ ဦးစီးခေါင်းဆောင်မှု လွှဲပြောင်း ရယူခြင်း Girls Takeover 2019 အစီအစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်က စတင်ရာ ယနေ့အချိန်ထိ ၁၅ ဦး ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
အစီအစဉ် ရည်ရွယ်ချက်မှာ မိန်းကလေးများနှင့် လူငယ်အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ပေးပြီး ခေါင်းဆောင်မှု စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် လုပ်နိုင်စွမ်းအားများကို ရုပ်လုံးဖော် မြှင့်တင်ပေးရုံ သာမက သက်ဆိုင်ရာ အင်စတီကျူးရှင်းများ၏ မိန်းကလေးများ အရေးနှင့် တန်းတူညီမျှမှုအတွက် လုပ်ဆောင်ပေးမည့် ကတိကဝတ်များကိုလည်း ဖော်ဆောင်လိုခြင်းဖြစ်ကြောင်း သိရသည်။
“မိန်းကလေးတွေအနေနဲ့ ခေါင်းဆောင်မှုနေရာကို ပိုပြီး ပါဝင်လာနိုင်အောင် သူတို့ရဲ့အသံတွေ ပိုပြီး မြှင့်တင် လာ နိုင်အောင် အထောက်အကူ ပြုပေးတဲ့သဘောပေါ့” ဟု Plan International (Myanmar) မှ Gender Assistant နန်းမိုဇမ်ဦးက ဧရာဝတီကို ပြောသည်။
ယင်းအစီအစဉ်တွင် ပါဝင်ခွင့်ရရန် လူမှုကွန်ရက်စာမျက်နှာ Facebook မှ တိုက်ရိုက်ဖြည့်စွက်လျှောက် ထားသူ ၁၉၅ဦး၊ အီးမေးလ်ဖြင့် လျှောက်ထားသူ ၅ ဦး၊ ရုံးသို့ လာရောက်လျှောက်လွှာတင်သူ ၃ဦး စုစုပေါင်း ၂၀၃ ဦး ရှိခဲ့သည့်အနက် ၂၆ ဦး ရွေးချယ်ခံရပြီး ယနေ့အချိန်ထိ ၁၅ ဦး ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရသည်။
ပါဝင်ခွင့်ရသူများသည် သံတမန်ရေးရာ၊ ပြည်သူ့ရေးရာ၊ ပုဂ္ဂလိကဆိုင်ရာနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း စသည့် ကဏ္ဍကြီး ၄ ခုတွင် ရှိသော ခေါင်းဆောင်မှုနေရာ ၂၄ ခုကို တနေ့တာ လက်လွှဲရယူရကာ လေ့လာခွင့် ရမည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(YCDC)၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ နေရာကို တနေ့တာ လက်လွှဲရယူ လေ့လာခွင့်ရခဲ့သည့် မမေသူအောင်က “ဒီအစီအစဉ်ကို အွန်လိုင်းကနေ တွေ့တာ။ မိန်းကလေးတွေရဲ့ ဦးဆောင်မှုကို အဓိကထားပြီး ဦးစားပေးတဲ့အတွက် စိတ်ဝင်စားလို့ လျှောက်ကြည့်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
မမေသူအောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က ဒေါ်သန်းမြင့်အောင်၏ နေရာတွင် တရက်တာ လေ့လာ ဆောင်ရွက်ခွင့်ရပြီး ရုံးပိတ်ရက်ဖြစ်သောကြောင့် YCDC ရုံးသို့ မသွားရောက်ခဲ့သော် လည်း ဒေါ်သန်းမြင့်အောင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နာရေးကူညီမှုအသင်းနှင့် ဆေးရုံများ၊ မိဘမဲ့ဂေဟာနှင့် ဘိုးဘွာရိပ်သာများသို့ သွားကာ လုပ်ငန်းလည်ပတ်ပုံများ၊ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ လေ့လာခဲ့ကြောင်း သိရသည်။
ထိုအစီအစဉ်တွင် ပါဝင်ခွင့်ရသူများကို ခေါင်းဆောင်ကောင်း တယောက်၏ အရည်အချင်း၊ လူထုနှင့် ထိတွေ့ စကား ပြောဆိုမှု နည်းလမ်းများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို သင်တန်းပေးခဲ့ကြောင်း ၎င်းက ရှင်း ပြသည်။
ကျောက်ဆည်တက္ကသိုလ်တွင် အင်္ဂလိပ်စာ(အဝေးသင်) နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုထားသည့် မေသူအောင်က “ရှေ့အနာဂတ်မှာ ညီမ အဓိက လုပ်ချင်တာက UN (ကုလသမဂ္ဂ) မှာ တကယ့် High Ranking နေရာတခု ရအောင် တက်လှမ်းချင်တဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒီပရိုဂရမ်က ညီမနောက်ထပ် လှမ်းမယ့် ခြေလှမ်းတလှမ်းအတွက် အထောက်အကူပြုပါတယ်” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “အမျိုးသမီးငယ်တွေကို အဓိကထား ပြောချင်တာက မဖြစ်နိုင်ဘူးထင်တဲ့ စိတ်ကို တိုက်ထုတ်ဖို့ ကြိုးစားပေးပါလို့ တိုက်တွန်းချင်တယ်။ ကိုယ်လျှောက်မယ့်လမ်းကို Plan ချထားပေးပါ။ Plan အများစုက ဖြစ်မြောက် သည် မဖြစ်မြောက်သည်ထက် ကိုယ့်မှာ လမ်းကြောင်းလေး ရှိနေတယ်ဆိုရင် လမ်းမပျောက်ဘူးဆိုတဲ့ ခံစားချက် ရှိနေစေတယ်။ ဒါကြောင့် အမျိုးသမီးငယ်တွေကို စိတ်မလျှော့ပါနဲ့။ အားမငယ်ပါနဲ့။ ဘယ်လိုပဲ အခွင့်အရေးတွေ နည်း သည်ဖြစ်စေ ကိုယ်တိုင် ကြိုးစားမယ်ဆိုရင် နေရာတနေရာ အမြဲရှိနေပါတယ်”ဟုလည်း ဆိုသည်။
Girls Takeover 2019 အစီအစဉ်တွင် ပါဝင်သူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်အဖြစ် တရက်တာ တာဝန် ထမ်းဆောင်ခဲ့သည့် မအေးအိန္ဒြေအောင်ကလည်း“ကျမတို့နိုင်ငံမှာ မိန်းကလေးတွေအတွက် တချို့နေရာတွေမှာ အတားအဆီးတွေ ရှိနေတယ်။ ဒါပေမယ့်လည်း အဲဒီအတားအဆီးတွေကို မကြောက်ဘဲနဲ့ ကျမတို့ မိန်းကလေးတွေ အနေနဲ့ အခွင့်အရေးကို တွေ့တာနဲ့ ဒီအခွင့်အရေးကို လက်ဆုပ်လက်ကိုင် ရယူသင့်တယ်။ မကြောက်ဘဲနဲ့ ကိုယ် ဖြစ်ချင်တာကို ရဲရဲရင့်ရင့်နဲ့ လုပ်ဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
အသက် ၂၀ အရွယ် မအေးအိန္ဒြေအောင်သည် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာ (IR) ဌာနတွင် ပညာသင်ကြားနေသူ ဖြစ်သည်။
ထိုတနေ့တာတွင် ၎င်းသည် ရန်ကုန်ရှိ သံမှူးများနှင့်အတူ ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးများကို တက်ရောက် ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဥက္ကဋ္ဌဖြစ်လာရေး နော်ဝေ၏ ကြိုးပမ်းမှုများ အတွက်လည်း ဝင်ရောက် အကြံပေးဆွေးနွေးခဲ့ကြောင်း၊ Norwegian Church Aid အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့သကဲ့သို့ သံရုံး၏ ဆိုရှယ် မီဒီယာတွင် လွှင့်တင်မည့် အကြောင်းအရာများကိုလည်း ဆုံးဖြတ်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ မိန်းကလေးများ ဦးစီးခေါင်းဆောင်မှု လွှဲပြောင်းရယူခြင်း အစီအစဉ် ၂၀၀၀ ကျော်ကို နိုင်ငံပေါင်း ၇၀ တွင် Plan International ၏ ဦးဆောင်ကာ မိန်းကလေးများ၊ အမျိုးသမီးငယ်များနှင့်အတူ လွန်ခဲ့သည့် ၃ နှစ်ခန့်မှ စတင်၍ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခင်နှစ်က ပြုလုပ်ခဲ့သော်လည်း Planနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့ အစည်း (INGO) အသိုင်းအဝိုင်း အတွင်းမှာပင် လုပ်ခဲ့ရာ လူသိနည်းခဲ့ပြီး ယခုနှစ်တွင်မှ လူသိများလာကြောင်း Plan International (Myanmar) မှ Gender Assistant နန်းမိုဇမ်ဦးက ပြောသည်။
Plan International (Myanmar))သည် တန်းတူညီမျှ မိန်းကလေးတို့ဘဝ လူထုလှုပ်ရှားမှု (Girls Get Equal Campaign – GGE) ဟူသည့် ၉၉ ရက်တာ လှုပ်ရှားမှု တခုကို ပြုလုပ်လျက်ရှိပြီး Girls Takeover 2019 အစီအစဉ် သည်လည်း ထိုလှုပ်ရှားမှု၏ အစိတ်အပိုင်းတခု ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာမိန်းကလေးများအနေဖြင့် ညီမျှသော တာဝန်ယူဆုံးဖြတ်နိုင်ခွင့် (Equal Power)၊ ညီမျှသော လွတ်လပ်ခြင်းနှင့် လုံခြုံမှု (Equal Freedom)၊ ညီမျှသော ကိုယ်စားပြုခွင့်နှင့် ခေါင်းဆောင်နိုင်ခွင့် (Equal Representation) ဟူသည့် အချက် ၃ ချက်ကို အဓိက ဦးတည်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
Plan International (Myanmar) သည် မြန်မာနိုင်ငံတွင် ကလေးသူငယ်နှင့် လူငယ်ဗဟိုပြု ဖွံ့ဖြိုး ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဖွဲ့အစည်း တခုဖြစ်သည်။
You may also like these stories:
အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ အတွက် နေရာဖယ်ပေးရမယ်
အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာသတဲ့လား