ယခုနှစ် မိုးနှောင်းကာလ မိုးတိမ်တောင်မှ ဖြစ်ပေါ်လာသည့် မိုးရွာသွန်းနိုင်ခြေမှာ ယခင်နှစ်များထက် လျော့နည်းနိုင်သဖြင့် တောင်သူလယ်သမားအတွက် သတင်းကောင်း ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ခန့်မှန်း သုံးသပ်သည်။
အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ဖြစ်ပေါ်တတ်သည့် မိုးရွာသွန်းမှုများသည် မြောက်ဘက်မှ ဝင်ရောက်လာသော လေအေးများနှင့် မြန်မာနိုင်ငံအတွင်းရှိ နဂိုရှိရင်းစွဲ လေနွေးများ ထိတွေ့မှုများကြောင့် မိုးတိမ်တောင်ဖြစ်ပေါ်ကာ ရွာသွန်းသည့် မိုးများဖြစ်ပြီး လွန်ခဲ့သော ၁ဝ စုနှစ်ကစ၍ ယမန်နှစ် အထိ မိုးသည်းထန်စွာ ရွာသွန်းတတ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မိုးရွာသွန်းနိုင်ခြေ ရှိသည့် တခြားနည်းလမ်း ဖြစ်သော ဘင်္ဂလားပင်လယ်အော်တွင် မိုးနှောင်းကာလ မုန်တိုင်းများ အနေဖြင့်လည်း ဖြစ်နိုင်ခြေ အလားအလာတချို့ ဖြစ်ပေါ်သော်လည်း မုန်တိုင်းအဆင့်သို့ မရောက်ခဲ့သလို မိုးတိမ်တောင် များမှ ရွာသွန်းသည့် မိုးများကလည်း နေရာကွက်ကြားသာ ရွာသွန်းနေခြင်းကြောင့် ထူးခြားသော နှစ်တနှစ် ဖြစ်လာနိုင် သည်ဟု ဦးထွန်းလွင်က ရှင်းပြသည်။
“မုန်တိုင်းကလည်း သူဖြစ်ရမယ့် အခြေအနေ အခုထိ မပြည့်သေးဘူး။ ဒီတိုင်းသာ ဆက်သွားရင် မုန်တိုင်းနဲ့ ပတ်သက်ပြီး မုန်တိုင်း အနည်းဆုံး စံချိန်တင်တဲ့နှစ် ဖြစ်မယ်” ဟု သူကဆိုသည်။
ထို့ပြင် ဦးထွန်းလွင်က “၁၉၈ဝ ခုနှစ် မတိုင်ခင် အရှေ့ပိုင်းမှာက တနှစ်ပတ်လုံး နှစ်ကုန်ရင် ဘင်္ဂလားပင်လယ်အော်မှာ မုန် တိုင်းက ၁ဝ လုံးလောက် အထိ ဖြစ်ခဲ့တယ်။ နောက်ပိုင်း ရာသီဥတု ပြောင်းလဲလာတဲ့ အခါ တနှစ်ကို ၆ လုံးလောက် အထိ ဖြစ်တယ်။ ဖြစ်တာလည်း မိုးမတိုင်ခင်မှာ ၁ လုံး၊ မိုးရာသီမှာ ၁ လုံးနဲ့ မိုးလွန်ကာလမှ ၄ လုံးလောက် အထိ ဖြစ်ခဲ့တာ။ ဒီနှစ် မှာ အဲဒီလို မဟုတ်တော့ဘူး။ မနှစ်ကထိ ဆိုးခဲ့တာ။ ဒီနှစ် အခြေအနေက ကောင်းနေတယ်။ ခါတိုင်းထက် သက်သာတယ်” ဟု ဆက်လက် ပြောဆိုသည်။
သို့ရာတွင် တောင်သူလယ်သမားများ အနေဖြင့် မိရိုးဖလာ နည်းစနစ် အတိုင်း စပါးရိတ်သိမ်းမှုများကို ပြုလုပ်ခြင်းထက် နည်းပညာ အကူအညီဖြင့် ဆောင်ရွက်ခြင်းက ကြိုတင်ကာကွယ်ရာ ရောက်ကြောင်း ဦးထွန်းလွင်က အကြံပြုသည်။
အထူးသဖြင့် စပါးရိတ်သိမ်းမှု၊ ချွေလှေ့မှု၊ အခြောက်ခံမှု အားလုံးကို စက်ပစ္စည်းများ အသုံးပြုခြင်းသည် အချိန်မြန်မြန်နှင့် ပြုလုပ်နိုင်ခြင်းကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတတ်သည့် ဖျက်မိုးအန္တရာယ်ကို ကာကွယ်နိုင်မည်ဟုလည်း ၎င်းက ပြော သည်။
ထိုကဲ့သို့ စက်ပစ္စည်းများ အသုံးပြုသည့်အခါ ငွေကြေးကုန်ကျပြီး တောင်သူလယ်သမားတိုင်း လက်လှမ်းမှီနိုင်ရန်ခက်ခဲမှု ကိုလည်း တာဝန်ရှိသည့် အစိုးရဌာနဆိုင်ရာများ အနေဖြင့် ဦးဆောင်ကာ စက်ပစ္စည်းများ ထောက်ပံ့ခြင်း၊ လက်လှမ်းမီ သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးခြင်း၊ အတိုးနှုန်း သက်သက်သာသာဖြင့် အသေးစား ချေးငွေများဖြင့် ပံ့ပိုးခြင်းများ ပြုလုပ် သင့်သည်ဟု ဦးထွန်းလွင် က ဆိုသည်။
ဧရာဝတီတိုင်း အတွင်း လယ်ရိတ်သိမ်းမှု ပုံစံမှာ စက်ကိုအသုံးပြုမှု အလေ့အထ ရှိလာပြီ ဖြစ်သည့် အပြင် ဆန်စက်များ အနေဖြင့်လည်း ရိတ်သိမ်းပြီးစ စပါးအစိုများကို ဝယ်ယူနေပြီဖြစ်သည့် အတွက် ဖျက်မိုးအန္တရာယ်နှင့် ပတ်သက်ပြီး စိုးရိမ် ဖွယ်ရာ မရှိတော့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒု တိုင်းမန်နေဂျာ ဦးစိန်မောင်မြင့်က ပြော သည်။
ဦးစိန်မောင်မြင့်က “အခုချိန်ထိ မိုးလွန်ကာလမှာ ထူးထူးခြားခြား ဘာမှမရှိဘူး။ အထွက်တောင် ပိုကောင်းလာနိုင်ခြေ ရှိ တယ်။ ဒီနှစ်က ရာသီဥတုရဲ့ အနှောင့်အယှက်က မရှိဘူး။ နောက် ရုတ်တရက် မိုးရွာမယ်ဆိုရင်တောင် ကျနော်တို့ တိုင်းမှာ လယ်သမားတိုင်းက ပြင်ဆင်ထားမှု အဆင်သင့် ရှိနေကြပြီ။ နောက် ဖြစ်တတ်တဲ့ အခက်အခဲတွေကိုလည်း လယ်သမား တွေက သိနေပြီဆိုတော့ သူတို့လည်း ပြင်ဆင်ထားပြီးသား” ဟု ဆိုသည်။
လက်ရှိတွင် မိုးရွာသွန်းမည်ဆိုပါက စပါးရိတ်သိမ်းရန် အတွက် လအတန်ကြာလိုနေသေးသည့်အတွက် အန္တရာယ်မရှိ ကြောင်း၊ သို့ရာတွင် လာမည့် ဒီဇင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဆိုပါက မိမိတို့ဒေသတခွင် လယ်ပျက်စီး မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ညီနောင်ဝကျေးရွာ အုပ်စု၊ ဦးမှုံစုရွာမှ လယ်သမား ဦးဟိန်း လတ်စိုးက ပြောသည်။
၎င်းက “မိုးဦးမှာတော့ ကျနော်တို့နယ်မှာ လယ်နည်းနည်း ထိခဲ့တာ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် တရာသီလုံး ကြည့်ရင် ဒီနှစ်က စပါးအတွက် တော်တော်လေး ကောင်းတဲ့ရာသီလို့ ပြောရမယ်။ လယ်အထွက် ကောင်းမကောင်းတော့ ကျနော်တို့ ဒေသက မြေကြီးတွေက သက်တမ်းလည်း တော်တော် ရင့်နေပြီ။ မြေလည်း အိုနေပြီဆိုတော့ စပါးစိုက်တဲ့ဆီမှာ သွင်းအားစု ဘယ် လောက်ရှိလဲ အပေါ်ပဲ မူတည်မယ်။ သွင်းအားစု ကောင်းကောင်း အသုံးပြုသူတွေကတော့ စပါးအထွက် ပိုမှာပေါ့” ဟု ဆို သည်။
You may also like these stories:
သဖန်းဆိပ်ဆည် ရေလှောင်တမံ ရေဝင်နည်းပါးမှုကြောင့် တောင်သူများ စိုးရိမ်
ဧရာဝတီတိုင်းအတွင်း ချေးငွေ ပြန်မဆပ်သည့် လယ်သမား ၁၄၀၀၀၀ ကျော်ရှိနေ