ရန်ကုန်မြို့ ကိုလိုနီခေတ် အဆောက်အဦဖြစ်သည့် အတွင်းဝန်ရုံးသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု နှင့် သက်ဆိုင်ပြီး နိုင်ငံခြားသား ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်ကာ ထူးခြားသည့် နေရာတခုဖြစ်ခြင်းကြောင့် (ကျန်းမာရေးစင်တာ) ကို လာရောက် ရင်းနှီးမြှုပ်နှံရခြင်း ဖြစ်ဟု De’Be’au Wellness Centre (မြန်မာ)၏ လုပ်ငန်းရှင် Mrs.Annie Gan Giok Em က ဧရာဝတီသို့ ပြောသည်။
“အတွင်းဝန်ရုံးက အရမ်းထူးခြားတယ်။ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ နေရာဖြစ်လို့ ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ ရွေးလိုက်တာပါ။ ဒေါ်အောင် ဆန်းစုကြည် စင်္ကာပူလာတုန်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက် ဒီစီးပွားရေးစင်တာ ကို(ကျန်းမာရေး စင်တာ) ဒီမှာ ဖွင့်ဖို့ရွေးလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် “De’Be’au Wellness Centre မြန်မာ” အမည်ရှိ ကျန်းမာရေးစင်တာ အနေဖြင့် အလှအပ ရေးရာ ဝန်ဆောင်မှုများ နှင့် နှိပ်နယ်ပေးသော ဝန်ဆောင်မှုများကို အဓိက လုပ်ကိုင်မည် ဖြစ်ရာ မြန်မာနိုင်ငံ၏ အထင်ကရနေရာ တခုတွင် ယင်းလုပ်ငန်း ဖွင့်လှစ်မည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
၎င်းက ဆက်လက်ပြီး “ ကျမတို့ကို ပေးတဲ့ ဝေဖန်မှုတွေကို ကြိုဆိုပါတယ်။ ကျမတို့ စံနှုန်းတွေကို တည်ဆောက်နေတာကို နားလည်စေချင်တယ်။ ဒီစင်တာက အားလုံးအတွက်ကို ယူလာတာပါ။ မြန်မာ့စီးပွားရေး တိုးတက်မှုကို ယုံကြည်တယ် ပြီးတော့ စင်္ကာပူ- မြန်မာဆက်ဆံရေးကိုလည်း ယုံကြည်လို့ လုပ်နေတာပါ” ဟု ဆိုသည်။
ဝန်ကြီး များရုံး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းကမူ မြန်မာနိုင်ငံ၏ အာဇာနည် ခေါင်းဆောင် ကြီးများ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်ကြီးများ ရုံးဝင်းအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်နေသော ကျန်းမာရေးစင်တာ (Wellness) လုပ်ငန်း ဆက်လက်လုပ်ခွင့်ရှိ၊ မရှိ သည် အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခုက အကြိုဖွင့်ပွဲ (soft opening) ပဲ လုပ်ထားတာပါ။ လုပ်ငန်းလုပ်ခွင့် ကိုလည်း အစိုးရက ပေးထားသေးတာ မဟုတ် ပါဘူး။ လာဖွင့်တဲ့ ကုမ္ပဏီကလည်း စင်ကာပူမှာ နာမည်ကောင်း ရှိတဲ့ဟာပါ အပေါစားလုပ်မယ့် အမျိုးအစားထဲမှာ လုံးဝမပါ ပါဘူး ”ဟု သူကဆိုသည်။
ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ထိုလုပ်ငန်းကို ရပ်ဆိုင်းပေးရန်
ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့ထံသို့ စာတင်ထားပြီး လုံးဝပိတ်သိမ်းသွားရန်အထိ ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်း က “ဒီလိုနေရာမှာ တခြားဖွင့်ခွင့် ပေးလို့ရတဲ့ လုပ်ငန်းအမျိုးအစားတွေ အများကြီးပါတယ်။ သူတို့ဘာသာ လုပ်ငန်းကို ဘယ်လိုနာမည်ဘဲ ပြောင်းသုံးသုံး တကယ်တမ်း လုပ်မှာက Spa ဝန်ဆောင်မှု တွေပဲလေ။ ဒီလို သမိုင်းဝင်နေရာကြီးမှာ ဒီလိုမျိုးတော့ လုံးဝမဖြစ်သင့်ဘူးလေ ” ဟု ထောက်ပြသည်။
၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီး မြှုုပ်နှံမှုကော်မရှင်က ဝန်ကြီးများရုံးဝင်းကို ပြန်လည် ပြုပြင်ထိန်းသိမ်းပြီး မြန်မာ့အနုပညာလုပ်ငန်းများ၊ ပြတိုက်များ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ရန် အတွက်ဟုဆိုကာ Anawmar Art ကုမ္ပဏီကို လုပ်ကိုင် ခွင့်ပြုခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် Anawmar Art ကုမ္ပဏီတို့သည် ဝန်ကြီးများရုံးကို မြေ နဲ့ အဆောက်အအုံကို နှစ် ၅၀ နှစ်ရှည် ငှားရမ်း စာချုပ် ချုပ်ဆိုခဲ့သည်။
Anawmar Art ကုမ္ပဏီ နှင့် အစိုးရတို့ကြား ချုပ်ဆိုထားသော စာချုပ်တွင် ဝန်ကြီးများ ရုံးဝင်း၌ လုံးဝဖွင့်လှစ်ခွင့် မပေးသော လုပ်ငန်းများ၊ အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပေးမည့် လုပ်ငန်းများ နှင့် ဖွင့်လှစ်ခွင့်ပြုသော လုပ်ငန်းများဟူ၍ အစိုးရအဖွဲ့က ကန့်သတ်ပေးထားခဲ့သည်။
ထိုကန့်သတ်လုပ်ငန်းစာရင်းတွင် ယခု ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ကျန်းမာရေးစင်တာသည် ဖွင့်လှစ် ခွင့်မပြုထားသော လုပ်ငန်း အမျိုးအစားထဲတွင် မပါဝင်ကြောင်း ဝန်ကြီးများရုံး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။
အနော်မာ အဖွဲ့၏ နဂို အစီအစဉ် အရ ဝန်ကြီးများရုံး၏ တောင်ဖက်နှင့် အနောက်ဖက်ဆောင် အပေါ်ထပ်များကို ပြတိုက် အပါအဝင် ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ လုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ပြီး သိမ်ဖြူလမ်းဖက်ရှိ အရှေ့ဖက် အဆောင်အား ရုံးခန်းများဖွင့်လှစ်မည်ဖြစ်ပြီး မြောက်ဖက်နေရာကို စားသောက်ဆိုင်များ အတွက် ရည်ရွယ်သည်ဟု အနော်မာ ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသွင်ထွန်းက ဧရာဝတီ ကို ၂၀၁၆ က ပြောဆိုဖူးသည်။
ဝန်ကြီးများရုံးကို ၁၈၈၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၃ ခုနှစ်တွင် ပြီးစီးခဲ့ကာ လက်ရှိအချိန်တွင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ရှေးဟောင်းအဆောက်အအုံ တခု ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ အာဇာနည်နေ့အတွက် အရေး ပါးဆုံး နေရာတခုလည်း ဖြစ်သည်။
အတွင်းဝန်ရုံးတွင် ရှစ်လေးလုံး အထိမ်းအမှတ် ပြခန်းဖွင့်လှစ်ရန် နိုင်ငံရေးလှုပ်ရှားသူများက စီစဉ်ခဲ့သော်လည်း နေရာမရှိ၍ ဖွင့်လှစ်ခွင့် မရရှိခဲ့ပေ။
ဆက်စပ်ဖတ်ရှုရန်
အတွင်းဝန်ရုံးတွင် ၈၈၈၈ ပြတိုက်အတွက် နေရာမရှိဟု ဆို
ဝေဖန်မှုများကြားက အတွင်းဝန်ရုံး ည ပွဲဈေး ဆက်လုပ်မည် ဟုဆို
၈၈၈၈ ပြခန်း ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ရန် စီစဉ်