တပ်မတော်၊ ဝ နှင့် မိုင်းလားတို့အကြား သုံးပွင့်ဆိုင် စစ်ရေးတင်းမာနေ
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တပ်မတော်၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းအရှေ့၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့အကြား သုံးပွင့်ဆိုင် စစ်ရေးတင်းမာမှု ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယန်းနှင့် မိုင်းခတ်မြို့နယ် အကြားရှိလမ်းပိုင်းတွင် တပ်မတော်က တားဆီး စစ်ဆေးမှုများ တင်းကြပ်ရာမှ အောက်တိုဘာ လကုန်ပိုင်းတွင် UWSA နှင့် စတင် တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
NDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦးက “ဝနယ်ဘက်ကို ထွက်တဲ့လမ်း မိုင်းယန်းနဲ့ မိုင်းခတ်ပေါ့။ တံတား တစင်းရှိတယ်။ အဲမှာ တပ်က တပ်စွဲထားပြီး ဝ တွေ အသွား အလာကို စစ်တာ ကြမ်းတဲ့ အခါကြတော့ ဝတပ်က ဆင်းချ လာတယ်။ ဝ အင်အား များများနဲ့ ဆင်းလာတော့ တပ်က ဆုတ်သွားတယ်။ အဲတံတားကို ဝတပ်က ၂ ရက်လောက် သိမ်းလိုက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်၌ တပ်မတော် မိုင်းခတ်ဗျူဟာ လက်အောက်ခံ တပ်ရင်းနှင့် UWSA ၏ တပ်မဟာ ၄၆၈ လက်အောက်ခံ တပ်ရင်းများ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အခင်းဖြစ်စဉ်နှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ UWSA ကိုယ်စားလှယ်များနှင့် တြိဂံတိုင်းစစ် ဌာနချုပ်သို့ သွားရောက် တွေ့ဆုံဆွေးနွေးပြီးနောက် တပ်မတော်နှင့် UWSA တို့ အကြား ပြေလည်မှု ရခဲ့သည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် UWSA အကြား ပြဿနာ ကြီးကြီးမားမား မရှိကြောင်း ယင်းဒေသတွင် မိမိတို့ တပ်များလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေလျှက်ရှိကြောင်း UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်း က ဧရာဝတီသို့ ပြောသည်။
ဦးညီရမ်း က “ဟိုနေ့တုန်းက မိုင်းခတ်မှာ ရှိတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကို လှမ်းမေးကြည့်လိုက်တော့ ဘာမှ ကိစ္စ မရှိတော့ပါဘူးတဲ့ အဲလိုတော့ ပြောလာတယ်။ ဖြစ်စဉ်အသေးစိတ်တော့ ကျနော်လည်း မသိရသေးဘူး” ဟု ပြောသည်။
သို့သော်လည်း UWSA က အစိုးရ တပ်ကို ရင်ဆိုင်နိုင်ရေးအတွက် ထိုနေရာကို ဆက်ထိန်း ထားနိုင်ရန် မိုင်းလားအဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ်နေရာများအထိပါ နေရာတိုးချဲ့ယူလာသဖြင့် မိုင်းလား တပ်များနှင့်ပါ ထိပ်တိုက် ရင်ဆိုင်နေသည့် အခြေအနေဖြစ်နေကြောင်း NDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦးက ပြောသည်။
၎င်းက “အခုကြတော့ မိုင်းလားတပ်က သူ့တပ်ရင်းထဲမှာ အသင့်နေရာယူထားတဲ့ အနေအထားနဲ့ ဖယ်မပေးတဲ့ အခါကြတော့ ဝတပ်က ဝင်လို့မရဘဲ တပ်ချင်း ဆိုင်ထားတဲ့ ဟာမျိုးဖြစ်နေတော့ လူကြီးချင်းဆွေးနွေးနေတယ်” ဟုပြောသည်။
၎င်းကဆက်၍ “ကျည်တာ မပေါက် သေးတာ၊ တင်းမာနေတာကတော့ သုံးပွင့်ဆိုင်လို့ ပြောလို့ရတာပေါ့။ မိုင်းလားကလည်း ဖယ်မပေးဘဲ အသင့်နေရာယူထားတာ၊ တပ်မတော် ကလည်း နေရာဖယ်ပေးထားရတာဆိုတော့ ဘယ်ပြေလည်မလဲ” ဟု ပြောသည်။
တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် မိုင်းလား အဖွဲ့နှင့် UWSA အကြား အခြေအနေကို သေချာ မသိရသော်လည်း UWSA နှင့် တပ်မတော် စစ်ရေးတင်းမာနေသည် ဆိုသည့် သတင်းမှာ မဟုတ်ဟု ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အခု မိုင်းလားနဲ့ ဖြစ်တဲ့ကိစ္စတော့ မသိသေးဘူး။ တပ်မတော်နဲ့ ဖြစ်တဲ့ ကိစ္စကတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
UWSA တပ်ဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အင်အားအလုံး အရင်း သုံး၍ NDAA ၏ လုံခြုံရေး တပ်စခန်းတချို့တွင် အစားထိုး နေရာ ဝင်ယူထားခဲ့သေးပြီး ထိုတပ်များ သည်လည်း ယခုချိန်ထိ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးကြောင်းသိရသည်။
ထိုစဉ်က ဝ တပ်ဖွဲ့ဝင်များ နေရာဝင်ယူထားသည့် နေရာများမှာ မိုင်းလား ထိန်းချုပ် ဒေသနှင့် အစိုးရ ထိန်းချုပ်ဒေသ ကြားတွင် ဖြစ်သဖြင့် အစားထိုး ဝင်ရောက် နေရာယူထားသည့် ဝ တပ်ဖွဲ့များနှင့် တပ်မတော် ကြားလည်း စစ်ရေး အခြေအနေ တင်းမာမှု ဖြစ်ပွားခဲ့သေးသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝ တပ်များ နောက်ပြန်ဆုတ်ရန် အစိုးရနှင့် တပ်မတော်တို့က ကြားဝင် ဆောင်ရွက်ပေးခဲ့ကြသော်လည်း ဝ တပ်များက ယခုချိန်ထိ ဆုတ်ခွာ မပေးဘဲ နေရာယူထားဆဲ့ ဖြစ်သည်ဟု သိရသည်။