ယနေ့ ဗစ်တိုးရီးယားအမှု ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် သံသယ တရားခံ အဖြစ် ၇ လကြာဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကိုအောင်ကြီးတယောက် တရားရှင်လွတ်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
မနက် ၁၀ နာရီမထိုးခင်ကတည်းက ယင်းအမှုတွင် အဓိကပါဝင် ပတ်သက်နေသူဟု နှစ်ဖက် ရှေ့ နေများက ယူဆထားသည့် ဗစ်တိုးရီးယား၏ အတန်းပိုင်ဆရာမကို Wisdom Hill မူကြိုကျောင်းမှ ဆရာမ နှင်းနုတဦးထဲ ကိုတရား ခွင်စစ်ဆေးမှု ၃ နာရီကျော်စစ်ဆေးခဲ့သည်။
ယနေ့ စစ်ဆေးသည့် ဆရာမ နှင်းနုအပါအဝင် လိုပြသက်သေ ၁၉ ဦးလုံးကို တရားခွင် စစ်ဆေးချက်များအရ နစ်နာသူ ဗစ်တိုးရီးယား အပေါ် အောင်ကြီး ပြစ်မှု မကျူးလွန်ကြောင်း အခိုင်အမာ ထွက်ဆိုချက်များကို တရားခွင် စစ်ဆေး ချက် များအရ သိရသည်။
ယနေ့ စစ်ဆေးမှုကို မနက် ၁၀ နာရီ မထိုးခင် စတင်ခဲ့ပြီး ညနေ ၅ နာရီ ကျော်သည်အထိ ပြုလုပ်ခဲ့သည်။ တရားခွင် စစ်ဆေးမှု အပြီးတွင် ဒက္ခိဏ ခရိုင်တရားသူကြီး ဦးတင့်လွင်က မည်သူမှ မမျှော်လင့်ထားသည့် စကားများကို ၎င်း၏ခုံပေါ်မှ တဆင့် လှမ်းပြောသည်။
ခရိုင်တရားသူကြီး ဦးတင့်လွင် က “အောင်ကြီး မင်း မတ်တပ်ရပ်၊ မင်းငါ့ကို မှတ်မိလား။ မင်းထောင်ထဲကို ငါလာတဲ့ နေ့က မင်းကို ငါဘာပြောခဲ့လဲ။ သက်သေထွက်ချက်တွေ မပေါ်ပေါက်ရင် မပေါ်ပေါက်တဲ့အတိုင်း မင်းကို ငါလုပ်ပေးမယ်လို့ ငါမင်း ကို ပြောခဲ့တယ်။ အခု မင်း ရှေ့နေဒီစာတင်တယ်။ ဒါတင်လို့ မဟုတ်ဘူး။ မတင်ခင်တည်းက သက်သေထွက်ချက်တွေ မပေါ် ပေါက်တဲ့ အတွက် လွှတ်မယ်လို့ စဉ်းစားပြီးသား ဖြစ်တယ်။ ပုဒ်မ ၂၅၃ (၂) နဲ့ မင်းကို ငါတို့လွှတ်လိုက်ပြီ” ဟု ပြောသည်။
အောင်ကြီး မတ်တပ်ရပ်နေရင်းမှ သူ့ကို စောင့်ကြပ်နေသည့် ရဲတပ်သားကိုကျော်၍ အရှေ့သို့ထွက်ခါ ဖိနပ်ကို အမြန်ချွတ် လိုက်ပြီး လက်ထိပ်ခတ်ထားလျှက်ပင် တရားသူကြီးကို ဦးသုံးကြိမ် ချ၍ ငိုချလိုက်ပါတော့သည်။
တဆက်ထဲမှာပင် အောင်ကြီးက ဥပဒေ အရာရှိ ဦးကျော်မင်းအောင်ကိုပါ လက်အုပ်ချီ၍ ထပ်မံ ရှိခိုးလိုက်သေးသည်။
အောင်ကြီးက “ကျေးဇူးတင်လိုက်တာ ဆရာရယ်။ ကျနော်တကယ် မယုတ်မာပါဘူးဗျာ” ဟုလည်း ပါစပ်က ခပ်ကျယ် ကျယ် အော်ပြောလိုက်သည်။
ထိုအခါ တရားသူကြီး က “နေဦး ငါဆက်ပြောအုန်းမယ်။ အခုငါတို့ မင်းကို လွှတ်တာ အခုတရားသူကြီး ၂ ယောက်ထဲ မဟုတ်ဘူးနော်။ ဦးညိုဌေးပါ ပါတယ်။ မီဒီယာ လောကမှာ သူအပြောခံရလို့ သူဆုံးသွားတာ ဒီစိတ်လည်းပါတယ်။ သူ ရောက်ရာ အရပ်မှာ ပြုံးပြုံးကြီး စောင့်ကြည့် နေပါလိမ့်မယ်” ဟု ဆက်ပြောလိုက်သည်။
သဘာဝ အလင်းရောင်မရှိသော တရားခွင်ထဲတွင် လှုပ်လှုပ်သဲသဲဖြစ်သွားပြီး ဝမ်းသာပီတိဖြင့် ထွက်လာသော ငိုသံများနှင့် အတူ “ဒါဆိုတရားရှင်လွှတ်လိုက်တာပေါ့။ ကျေးဇူးတင်လိုက်တာ ဆရာရယ်” ဆိုပြီး လက်ခုပ် လက်ဝါး သံများပါ ကြွက်ကြွက်ညံ သွားပါတော့သည်။
အောင်ကြီး၏ မိခင်ဖြစ်သူ ဒေါ်ရီက “ငါ့သားလေးဟယ် တရားကို နတ်စောင့်လို့ အခုလို လွတ်တာ။ မတရားခံနေရတဲ့ ငါ့သားလေး” ဟု မျက်ရည်များဖြင့် တရစပ်ရေရွတ်နေတော့သည်။
ယင်းအမှုနှင့် ပတ်သက်၍ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်နေသည့်ရှေ့နေ ဒေါ်စုဒါလီအောင်ကလည်း “အောင်ကြီး အမှုှနဲ့ ပတ်သက်ပြီး ကျမတို့က ဘဝနဲ့ ရင်းခဲ့ရတာပါ။ အောင်ကြီး အမှုကို ဆရာ ဦးခင်မောင်ဇော်နဲ့ လက်ခံခဲ့ပြီးတည်းက အောင်ကြီး အမှုကိုကျူးလွန်နိုင်ခြင်း မရှိဘူးလို့ ယူဆတဲ့ အတွက် အတိုက်အခိုက်မျိုးစုံ၊ အပြောအဆို မျိုးစုံ၊ အန္တရာယ်ပေး မှု မျိုးစုံကြားထဲက လိုက်ရတဲ့ အမှုပါ” ဟု တရားခွင် စစ်ဆေးမှု အပြီး သတင်းထောက်များကို ငို၍ ပြောသည်။
အဆိုပါ အောင်ကြီး အမှုမှာ သက်သေ ၂၆ ဦး ရှိသည့်အနက် ၁၉ ဦးကို စစ်ဆေးပြီး ဖြစ်သဖြင့် ကနဦးစစ်ဆေးချက်များတွင် သက်သေ အထောက်အထားများ မပေါ်ပေါက်သည့် အတွက် စွဲချက်မတင်ဘဲ တရားရှင်လွတ်လိုက်ခြင်းဖြစ်သည်။
အောင်ကြီးကို အချုပ်ထောင်သို့ ပြန်ခေါ်ခြင်းမရှိတော့ဘဲ၊ တရားခွင်အပြင်ရောက်သည်နှင့် လက်ထိပ်ဖြုတ်ပေးပြီး တရား ခွင်ပြီး ၁ နာရီ ဝန်းကျင်ခန့်တွင် အောင်ကြီး မိဘ ၂ ဦးဝန်းရံ၍ တရားရုံးမှ လက်လျောက်ထွက်လာခဲ့ပြီး မီဒီယာများ ကိုကျေး ဇူးကြောင်း စတင်ပြောသည်။
အောင်ကြီး က “ကျနော် တကယ်ကို မယုတ်မာခဲ့ပါဘူး။ ရှေ့ နေအဘ ဦးခင်မောင်ဇော်တို့ ၊ ဆရာမ ဒေါ်စုဒါလီအောင်တို့ ကျေးဇူးတင်ရမယ့်သူတွေ အများကြီးပါပဲ။ ဒီနေ့ကို ဒီလို ဖြစ်သွားမယ်လို့ ထင်တောင်မထင်ထားပါဘူး။ ကလေးလေး (ဗစ်တိုရီးယား) အတွက်လည်း အမှန်တရားကိုပေါ်ပါစေလို့ ကျနော်ဆုတောင်းပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
သို့သော်လည်း ယခုအမှုသည် အောက်ကြီးအတွက် ယတိပြတ် ပြီးပြတ်သွားပြီဟု ပြော၍ မရသေးပေ။ အဘယ့်ကြောင့် ဆိုသော် တဘက်တရားလို အဖွဲ့များမှ အထက်တရားရုံးသို့ ဆက်၍ အယူခံတက်မည်ဆိုပါက ဆက်လက်ကြားနာရဖွယ် ရှိနေသည်ဟုသိရသည်။
တရားခံဟု ယူဆ၍ ပြန်လည် ဖမ်းဆီးလိုက်သည့် အောင်ကြီးသည် မေလ ၃၀ ရက်နေ့မှ စ၍ CID မှ စ တင်စစ်ဆေးမှုများ ပြုုလုပ်ခဲ့ပြီး ယမန်ကြီး ၂ ပါတ် (၂၈ ရက်) အကြာတွင် ဇွန်လ ၂၄ ရက်နေ့က တရားစွဲဆိုရန် အ ထောက်အထား မခိုင်လုံသည့်အတွက် ပြန်လည် လွှတ်ပေးထားခဲ့ဖူးသူ ဖြစ်သည်။
အဆိုပါ မူကြိုကျောင်းထဲသို့ ဝင်ရောက်ခဲ့သည့် တဦးထဲသော အမျိုးသား စွပ်စွဲတရားခံ အောင်ကြီးကို CCTV (လုံခြုံ ရေး ကင်မရာ) မှ တဆင့်ဖခင်ဖြစ်သူကိုယ်တိုင် တွေ့ရှိပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးသော်လည်း ပြန်လွတ်ပေးခဲ့ကာ ဒုတိ ယအကြိမ်ဖမ်းဆီးမှုမှာ ရန်ကုန်မှ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာ၍ ဇူလိုင် ၄ ရက်နေ့က တရားစွဲတင်ခြင်း ဖြစ် သည်။
ယင်းအမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက တရားသူကြီး ၂ ပါးထိုင် ခုံရုံးစစ်ဆေးရန် ညွှန်ကြားထားသဖြင့် ဥက္ကဋ္ဌ အဖြစ်ခရိုင်တရားသူကြီး ဦးတင့်လွင်၊ အဖွ့ဲဝင်အဖြစ် ဒုတိယ ခရိုင်တရားသူကြီး ဦးညိုဌေးတို့ကို ဆောင်ရွက်ရန် အတွက် ပြည်ထောင်စု တရားလွှတ်တော် တရားစီရင်ရေး ပုဒ်မ (၂၃–ခ) အရ တရားသူကြီး ၂ ဦးပါဝင်သည့် ခုံအဖွဲ့ စစ်ဆေးရန် တာ ဝန်ပေးအပ်ခဲ့သည်။
ထိုကြောင့် တရားသူကြီး ၂ ပါးထိုင်စစ်ဆေးခဲ့ရာတွင် ဦးညိုဌေးက ၅ ကြိမ်မြောက် ကျန်းမာရေး မကောင်းသဖြင့် ခွင့်ယူခဲ့ သဖြင့် ၎င်း နေရာတွင် ဒေါ်သီတာနွယ်မှ အစားထိုး တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
ဦးညိုဌေးသည် ထိုသို့ ကျန်းမာရေး အခြေနေကြောင့် ခွင့်ယူပြီး ဆေးကုသမှုခံနေမှာပင် စက်တင်ဘာ ၃ နေ့ည ဦးနှောက် သွေးကြောပေါက်သည့် ရောဂါဟု ဆိုကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ယခုအမှုနှင့် ပတ်သက်ပြီး အောင်ကြီးအနေဖြင့် တရားရှင် လွတ်မြောက်ခဲ့ပြီဆိုသော်လည်း ၎င်း၏ ဂုဏ်သိက္ခာ၊ မိသားစု ဂုဏ်သိက္ခာများ ထိခိုက်မှုများစွာ ရှိခဲ့သည်။
ထို့အတူ သူဆုတောင်းပေးခဲ့သလို ဗစ်တိုရီးယား၏ အမှုတွင် တရားခံ အစစ်ကို ရှာဖွေနိုင်ပါ့မလား ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမည်သာဖြစ်သည်။
You may also like these stories:
ဗစ်တိုးရီးယားအမှု လာမည့် ရုံးချိန်း၌ ဆရာမ နှင်းနုကို စတင် စစ်ဆေးမည်
တရားခံအစစ်ကို ဖော်ထုတ်မည့်အတွက် အမှုဖွင့်ခံရဟု ကိုအောင်ကြီး ရှေ့နေပြော
ဗစ်တိုးရီးယားအတွက် အမှန်တရားရရှိရေး နောက်ဆုတ်မည်မဟုတ်ဟု ဖခင်ပြော
ဗစ်တိုးရီးယားအမှု အောင်ကြီး ကျူးလွန်ရန် အခွင့်အရေးမရှိနိုင်ဟု ဒေါ်ဥမ္မာလှိုင် ထွက်ဆို