အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သည် သက်တမ်းလွန် ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဝင်ရောက် စစ်ဆေး စိစစ်ရာ၌ အားနည်းချက်များ ရှိနေကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဝေဖန်ခံရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက “ခွင့်ပြုသက်တမ်း ကုန်ဆုံးနေတဲ့ ကာလမှာ ဆက်လက် ထုတ်လုပ်နိုင်မှု ရှိ၊ မရှိ စိစစ်နိုင်မှု မရှိခြင်းဟာ FDA ဌာနရဲ့ လုပ်ငန်း ဆောင်ရွက်ချက်မှာ အားအနည်းဆုံး လုပ်ငန်းရပ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဒုတိယတွဲ ကို ဖတ်ကြားစဉ်တွင် ဈေးကွက်အတွင်း ရောင်းချနေသည့် ကုန်ပစ္စည်းများမှာ သက်တမ်းလွန် ကုန်ပစ္စည်များ ရှိ၊ မရှိ စိစစ်နိုင်ခြင်း မရှိခြင်းမှာ FDA ၏ အားအနည်းဆုံး လုပ်ငန်းတရပ် ဖြစ်နေကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း က ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။
FDA အနေဖြင့် အစားအသောက်၊ ဆေးဝါး၊ အလှကုန် ပစ္စည်းများ သက်တမ်းကုန်ဆုံးနေသည့် ကုန်ပစ္စည်းများကို အချိန် ကာလ ကြာမြင့်မှ FDA ထံသို့ သက်တမ်း လာရောက်တိုးမြှင့်ပါက ဒဏ်ကြေးကောက်ခံခြင်းသာ ပြုလုပ်သဖြင့် ကြားကာလ တွင် စားသုံးသူများ အနေဖြင့် အန္တရာယ်ကင်းသည့် ပစ္စည်း ဟုတ်၊ မဟုတ် မသိနိုင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ပါရှိသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးအောင်မင်းက “FDA ရဲ့ ခွင့်ပြုချက် ကာလ ကုန်ဆုံး တဲ့ အချိန်တွေမှာ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဒီကုန်ပစ္စည်းတွေအနေနဲ့ FDA အာမခံနိုင်မှာ မဟုတ်သကဲ့သို့ ဒီပစ္စည်းတွေက လည်း တရားဝင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုးမြှင့်ခြင်းတို့အတွက် ရှင်းလင်း တိကျပြီး ဥပဒေအရ စည်းနှောင်မှုရှိ သည့် အမိန့်ကြေညာစာ ထုတ်ပြန်ဆောင်ရွက်သွားရန်၊ နမူနာဓာတ်ခွဲ စစ်ဆေးရာတွင် လုပ်ငန်းရှင် ပေးပို့သည့် နမူနာအပြင် ဈေးကွက်ထောက်လှမ်း စိစစ်ခြင်းဖြင့် ရရှိသော နမူနာကိုပါ ယှဉ်တွဲပြီး ဓာတ်ခွဲမှသာ တိကျသည့် အဖြေထွက်မည်ဖြစ်ကြောင်း ယင်းကော်မတီ အနေဖြင့် သုံးသပ်ချက်နှင့်သဘောထား မှတ်ချက်များတွင် ဖော်ပြထားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဌာနကမူ ဘေးကင်းလုံခြုံသည့် အစားအသောက်များ ဖြစ်စေရန်အတွက် လုပ်ငန်းရှင်များ၊ သုံးစွဲသူပြည်သူများနှင့် သက်ဆိုင်ရာ အစိုးရဌာနများ အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထိုဌာန ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာစိုးဝင်း က ဧရာဝတီသို့ပြောသည်။
ဒေါက်တာ ဥမ္မာစိုးဝင်း က “ရေသန့်လုပ်ငန်းတွေဆိုရင် သက်တမ်းက ၂ နှစ်ရှိတဲ့ အတွက်ကြောင့် သက်တမ်း မကုန်မီ ၂ လ ကြိုတင် လျှောက်ထားရမယ်ဆိုတာ ထုတ်ပေးကတည်းက အတိအကျ လမ်းညွှန်လိုက်တာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
လုပ်ငန်းရှင်တချို့မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းကို ဈေးကွက်အတွင်း အာမခံချက် ပေးနိုင်သည့် ထုတ်ကုန်များ ဖြစ်ရန်လို အပ်ကြောင်း၊ တချို့ ကုန်ပစ္စည်းများမှာ ဈေးကွက်အတွင်း ရောင်းချနေသော်လည်း စည်းကမ်းလိုက်နာမှု မရှိခြင်း၊ အမှတ် တံဆိပ် ဖော်ပြခြင်း၊ ကုန်ဆုံးရက် ဖော်ပြခြင်း မရှိသည့် ပစ္စည်းများစွာ ဈေးကွက်အတွင်း ရောင်းချနေမှုများ ရှိနေကြောင်း ဒေါက်တာ ဥမ္မာစိုးဝင်းက ဆက်လက်ပြောပြသည်။
FDA မှ ထိုသို့ပြောဆိုသော်လည်း လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ရေသန့်ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုးခွင့်ပြုမှု နှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိ ချက်များအရ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ခွင့်ပြုသက်တမ်းတိုးမြှင့်ရန် လျှောက်ထားသည့် ကိစ္စရပ်များတွင် ခွင့်ပြု သက်တမ်းထက် ၅ နှစ်မှ ၆ နှစ်အထိ ကျော်လွန်နေသည့် လုပ်ငန်းများ ပါဝင်နေကြောင်းသိရသည်။
ရေသန့်လုပ်ငန်းရှင်များ အနေဖြင့် သက်တမ်းပြတ်ကာလ အတွင်း ခွင့်ပြု ထုတ်လုပ်ပေးသည့် ရေသန့် အမျိုးအမည်ပေါင်း ၁၅ ခုရှိကြောင်း၊ သက်တမ်းတိုးမြှင့်ရန် ဌာနမှ စိစစ်ရာတွင် စိစစ်ချိန် အနည်းဆုံး ၃ လမှ အများဆုံး ၃ နှစ် ၁၁ လ အထိ ကြာမြင့်မှုရှိ သည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဆိုးဆေးသုံးစွဲမှု ရှိသည့် မျှစ်များ၊ မျှင်ငါးပိများ၊ ငရုတ်သီးမှုန့်များ၊ ဖော်မလင် အသုံးပြုသည်ဟုဆိုသည့် သား၊ ငါး၊ ပဲပြားစသည့် စားသောက်ကုန်များ၊ နယ်စပ်မှတဆင့် တရားမဝင် ဝင်ရောက်ကာ ရောင်းဝယ်နေသည့် အလှကုန်များ စသည့် ပစ္စည်းမျိုးစုံမှာလည်း ကုန်စည်ဈေးကွက်အတွင်း ပျံ့နှံ့ဝင်ရောက်လျက်ရှိသည်။
FDA အနေဖြင့် အများပြည်သူများ စားသောက်နေသည့် အစားအသောက်များကို Food Safety ဆိုသည့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အဓိက ဦးတည်ပြီး လုပ်ဆောင်နေသဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များ စိတ်ချရမှု မရှိပါက စစ်ဆေးကြပ်မတ်ရမည်မှာ FDA ၏ တာဝန်ဖြစ်ကြောင်းကိုလည်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က ပြောဆိုဖူးသည်။
FDA အနေဖြင့် စားသုံးရန် မသင့်သည့် အစားအသောက်များကို ဈေးကွက်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ကို Mobile Lab ဖြင့် (ရွေ့လျား ဓာတ်ခွဲခန်း) ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း၊ အန္တရာယ်ရှိသည့် ပစ္စည်းများ နှင့် ခွင့်မပြု ဓာတုပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ရောင်းချမှုကို ချက်ချင်း ရပ်ဆိုင်းစေပြီး သတိပေးတားမြစ်ချက်များ ပြု လုပ်ကြောင်း ယင်းဌာနမှ သိရသည်။
အဆိုပါ ရွေ့လျား ဓာတ်ခွဲခန်း ပါရှိသည့် Mobile Lab မှာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ရှိပြီး ဈေးများ၊ ကျောင်းမုန့်ဈေး တန်းများ၊ တနိုင်တပိုင် လုပ်ကိုင်နေသည့် စားသောက်ကုန် လုပ်ငန်းများထံသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က ပြောထားသည်။
ထို့ကြောင့် ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များ မဖြစ်မနေ မှတ်ပုံတင်ရန်အတွက် အစားအသောက် ဥပဒေကို ပြင်ဆင် ရေးဆွဲနေကြောင်း၊ ယင်းဥပဒေ ပေါ်ထွက်လာပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု သိရသည်။
FDA ဌာန၏ အဓိက ရည်ရွယ်ချက်မှာ စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ ဆေးဝါး ပစ္စည်းများ၏ ဘေးအန္တရာယ် ကင်းရှင်းမှု၊ အရည်အသွေး ကောင်းမွန်မှုစေရန် စနစ်တကျ ကွပ်ကဲခြင်းဖြင့် ပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်၏ လုံခြုံရေးကို အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် ယင်းဌာနကြီးကို ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ထောက်ခံချက် ထုတ်ပေးမှုများကို စနစ်တကျ မှတ်တမ်းတင်ထားပြီး သက်တမ်း တိုးရမည့်ကာလ ရောက်တိုင်း နှိုးဆော်စာ ထုတ်ပြန်ခြင်း၊ သက်တမ်းကုန်ဆုံးချိန်တွင် လုပ်ငန်း ရပ်ဆိုင်းမိန့် ထုတ်ပြန်ခြင်းတို့ကို အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်စေသည့် လုပ်ငန်းစနစ် ဖော်ဆောင်ထားပြီး ၎င်းစနစ်အတိုင်း တိကျစွာ ဆောင်ရွက်သွားရန်နှင့် ထောက်ခံ ချက် လက်မှတ် ထုတ်ပေးခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ တိုးမြှင့်ခြင်းနှင့် ပိတ်သိမ်းခြင်းစသည့် သတင်း အချက်အလက်များ ကို ဌာန၏ Website သာမက Social Media များတွင်ပါ အချိန်နှင့်တပြေးညီ လွှင့်တင်ကြေညာခြင်းများပြုရန် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီက အကြံပြုသည်။
ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း ပေးသွင်း နိုင်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
You may also like these stories:
အစားအစာ ဘေးကင်းစေရေး အလေးအနက် ထားခြင်း
FDA ညွှန်ချုပ်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စွဲချက်တင်
ဥပဒေနဲ့ မညီသည့် ဆေးဝါးများရောင်းချသည့် ဆေးဆိုင် ၂၇ ဆိုင် ပိတ်သိမ်းခံရ
ပဲသွေးအချို့ ဖော်မလင် သုံးထားကြောင်း FDA စစ်ဆေးတွေ့ရှိ