၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များက ကိုယ်စားလှယ်လောင်း လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ပါတီတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကာယကံရှင်များက အတည်ပြု ပြောကြသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း လျှောက်ထား သူများနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် မြို့နယ်အဆင့်၌ မဲဆန္ဒနယ် ၁ ခုလျှင် ဦးစားပေး ၁ နှင့် ၂ အဖြစ် ၂ ဦးစီ အပြီးသတ်ရွေးချယ်ကာ တိုင်းနှင့် ပြည်နယ်အဆင့်သို့ ပေးပို့ရမည်ဖြစ်သည်။
လက်ရှိတွင် ဝန်ကြီးချုပ်များ ပြန်လည်လျှောက်ထားခဲ့သည့် မြို့နယ်အချို့တွင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှု မဲခွဲ ရလဒ်များအား ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အတွက် မြို့နယ်အဆင့်တွင် မည်သည့် ဦးစားပေးအဆင့်၌ ရွေး ချယ်ခံရသည်ကို မသိရသေးပေ။
ဒေါက်တာ အောင်မိုးညို
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ပွင့်ဖြူ မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ တွင် ပြန်လျှောက်ထားခဲ့ပြီး ၎င်းနှင့် ယှဉ်ပြိုင်ရွေးချယ်ခံရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ မရှိခဲ့ကြောင်း သိရသည်။
ဒေါက်တာ ဇော်မြင့်မောင်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် အမရပူရမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ တွင် ထပ်မံ၍ လာရောက်ယှဉ်ပြိုင်ရန် မြို့နယ်အဆင့် ပါတီတာဝန်ရှိသူများက တိုင်းအဆင့်သို့ တင်ပြထားသော်လည်း လာရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိကို တိတိကျကျ မသိရသေးပေ။
၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး ပါတီမှ တာဝန်ပေးသည့်နေရာတွင် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းကိုယ်တိုင် ပြောကြားထားသည်။
ဒေါက်တာဇော်မြင့်မောင်အနေဖြင့် မူလ မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မည် ဆိုပါကလည်း လက်ရှိရွေးချယ်ထားသူများမှ နေရာဖယ်ပေးရန် မြို့နယ်အဆင့် ပါတီတာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးထားကြောင်း သိရသည်။
ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ခြင်းမရှိကြောင်း ၎င်းနှင့် နီးစပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တဦးက ပြောသည်။
၎င်းအနေဖြင့် လျှောက်လွှာတင်ခဲ့ခြင်းမရှိဟုဆိုသော်လည်း ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည့် လည်းကူးမြို့နယ် ကိုယ်စားလှယ်လောင်းများ မြို့နယ်အဆင့်ရွေးချယ်ပွဲတွင် ၎င်းအား မူလမဲဆန္ဒနယ်ဖြစ်သည့် တိုင်းဒေသကြီးလွှတ် တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ဦးစားပေး ၁ အဖြစ် ရွေးချယ်ခဲ့ကြောင်း ကိုယ်စားလှယ်လောင်း လျှောက်ထားခဲ့ သူများက ပြောသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရယူရန် ဦးဖြိုးမင်းသိန်းထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်လျှက်ရှိသော်လည်း ဆက်သွယ်၍မရသေးပေ။
ဒေါက်တာ လင်းထွဋ်
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် လားရှိုးမြို့နယ်၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ဦးလှမိုးအောင်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် မြန်အောင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ပြန်လည် လျှောက်ထားခဲ့ကြောင်း သိရသည်။
ဒေါက်တာ ခက်အောင်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အနေဖြင့် ၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် မြစ်ကြီးနားမြို့နယ်၊ ပြည် နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ပြန်လျှောက်ထားခဲ့သည်။
ထူးခြားချက်အနေဖြင့် ၎င်းမဲဆန္ဒနယ်တွင် မြစ်ကြီးနားမြို့နယ်၏ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ် သူ ဦးအင်ထုံးခါးနော်ဆန်လည်း ဝင်ရောက် လျှောက်ထားခဲ့သည်။
၎င်းကိုယ်စားလှယ်လောင်း လျှောက်ထားမှုနှင့်ပတ်သက်ပြီး ပထမအကြိမ် လျှို့ဝှက်မဲခွဲရာတွင် ၎င်းတို့နှစ်ဦး မဲရ လဒ် တူညီခဲ့သည့်အတွက် ဒုတိယအကြိမ် ထပ်မံမဲခွဲရာတွင် ဦးအင်ထုံးခါးနော်ဆန်က ဦးစားပေး ၁ ဖြစ်ခဲ့ကြောင်း သိရသည်။
ဦးအယ်လ်ဖောင်းရှို
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အနေဖြင့် ၎င်း၏ မူလမဲဆန္ဒနယ်ဖြစ်သည့် မယ်စဲမြို့နယ်၊ ပြည် နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြန်လျှောက်ထားခဲ့သည်။
ဒေါ်နန်းခင်ထွေးမြင့်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အနေဖြင့် ၎င်း၏ မူလမဲဆန္ဒနယ်ဖြစ်သည့် ဘားအံမြို့နယ် ၊ ပြည် နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင် ပြန်လည် လျှောက်ထားခဲ့သည်။
ဆလိုင်းလျန်လွယ်
ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ဖလမ်းမြို့နယ်၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြန်လျှောက်ထားခဲ့ပြီး မြို့နယ်အဆင့်တွင် ဦးစားပေး ၁ အဖြစ် ရွေးချယ်ခံခဲ့ ရကြောင်း ၎င်းက အတည်ပြုပြောသည်။
ဒေါက်တာမြင့်နိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ရွှေဘိုမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြန်လည်လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ၎င်းကိုယ်တိုင် အတည်ပြုပြောသည်။
ဦးမြင့်မောင်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ကော့သောင်းမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြန်လည် လျှောက်ထားခဲ့သည်။
ဦးဝင်းသိန်း
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ရေတာရှည်မြို့နယ်၊ တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် ပြန်လည်လျှောက်ထားခဲ့သည်။
ဒေါက်တာ အေးဇံ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ပြည် နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြန်လည်လျှောက်ထားခဲ့ပြီး မြို့နယ်အဆင့် ဦးစားပေး ၁ အဖြစ် ရွေး ချယ်ခံထားရကြောင်း သိရသည်။
ဦးညီပု
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အနေဖြင့် ၎င်း၏မူလ မဲဆန္ဒနယ်ဖြစ်သည့် ဂွမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြန်လည်လျှောက်ထားခဲ့ပြီး ၎င်းနှင့် ယှဉ်ပြိုင်ရွေးချယ်ခံရန် ကိုယ်စားလှယ်လောင်း လျှောက်ထားသူ မရှိခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် မြို့နယ်အလိုက် အလုပ်အ မှုဆောင်အဖွဲ့များ၊ စည်းရုံးရေးအဖွဲ့များအပြင် မြို့မိမြို့ဖအဖြစ် ၅ ဦးအား ပါဝင်စေခဲ့ပြီး မဲဆန္ဒနယ် ၁ ခုလျှင် ဦးစား ပေး ၁ နှင့် ၂ အဖြစ် ကိုယ်စားလှယ်လောင်း ၂ ဦးစီရွေးချယ်စေခဲ့ခြင်းဖြစ်သည်။
မြို့နယ်အဆင့်မှ မဲဆန္ဒနယ် ၁ ခုအတွက် ဦးစားပေး ၁ နှင့် ၂ အဖြစ်ရွေးချယ်ခံရသူများသည် ကိုယ်စားလှယ်လောင်းအဖြစ် အပြီးသတ် ရွေးချယ်ခံရခြင်း မဟုတ်သေးဘဲ တိုင်းနှင့် ပြည်နယ်ရွေးချယ်ရေးအဖွဲ့များက ထပ်မံစိစစ်မည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် မှတဆင့် ဗဟိုသို့ ထပ်မံတင်ပြကာ ဗဟိုစိစစ်ရွေးချယ်ရေးအဖွဲ့၏ နောက်ဆုံး အဆုံးအဖြတ်ကသာ အတည်ဖြစ်သည်။
ယင်းအတွက် လက်ရှိမြို့နယ်အဆင့်တွင် ရွေးချယ်ခံရသူများသည် အဆင့်ဆင့် စိစစ်မှုများပြုလုပ်ပြီးနောက် ဦးစားပေး နေရာအပြောင်းအလဲနှင့် လူအပြောင်းအလဲများ ဖြစ်လာနိုင်သေးကြောင်း သိရသည်။
You may also like these stories:
၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်
ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာလား
အစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားမယ်