သတင်း

လာမည့်ရွေးကောက်ပွဲ မဲမပြန့်စေရေး ကယားနှစ်ပါတီ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲမပြန့်စေရေးအတွက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)နှင့် ကယန်းအမျိုးသားပါတီ (KNP) နှစ်ခုတို့ရှိ ကိုယ်စားလှယ်လောင်းများက ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များအား ခွဲဝေ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၇ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁၄ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ စုစုပေါင်း ၃၄ နေရာအနက် KySDP မှ ၃၀ ဦးနှင့် KNP မှ ၄ နေရာ ခွဲဝေယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီ ၂ ခု၏ တာဝန်ရှိသူများက ဧရာဝတီကို ပြောသည်။

“အချင်းချင်း ပြိုင်ကြမယ့်အစား နှစ်ပါတီရဲ့ မျှော်မှန်းချက်လည်း တူကြတော့ သူ့ပါတီ၊ ကိုယ့်ပါတီဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ မပြောတော့ဘဲ ၂ ပါတီ၊ ၁ ပါတီပေါ့လေ။ ပြိုင်ကြမယ်။ အတူတကွ ဝိုင်းဝန်း တည်ဆောက်ကြမယ်ဆိုတဲ့ အမြော် အမြင်နဲ့ပါ” ဟု KNP ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်းမြင့်နိုင်က ရှင်းပြသည်။

၂၀၁၀ မေလတွင် စတင်တည်ထောင်ခဲ့သည့် KNP ပါတီသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့သော် လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ဝင်ပြိုင်သည့် မဲဆန္ဒနယ် ၁၀ နေရာစလုံး၌ ရှုံးနိမ့်ခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင်မူ KNP အနေဖြင့် ကယားပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ၊ ကယားပြည်နယ်ပြင်ပ KNP ပါတီဌာနချုပ်ရှိရာ၊ ကယန်းလူမျိုး အများစု နေထိုင် ရာ ရှမ်းပြည်နယ် ဖယ်ခုံ တွင် ၅ နေရာနှင့် ကရင်ပြည်နယ် လိပ်သိုမြို့နယ်၌ ၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ပါတီနှစ်ခု အတူတကွ မဲဆန္ဒနယ် ခွဲဝေယှဉ်ပြိုင်ရခြင်းသည် ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများက ပေးလိုက် သည့် သင်ခန်းစာဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌ အချင်းချင်း ပြိုင်ဆိုင်ခဲ့သောကြောင့် တိုင်းရင်းသားလူထု၏ ပါတီအပေါ် ယုံကြည်မှု လျော့ကျစေရုံသာမက မဲများ ပြန့်သွားစေခဲ့ကြောင်း KySDP အထွေထွေ အတွင်းရေးမှူး ခူးသဲရယ် ကလည်း ပြောဆိုသည်။

KySDP သည် ကယားလူမျိုးစု ဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်) နှစ်ခုကို ပေါင်းစည်း လိုက်သည့် ပါတီတခုဖြစ်ပြီး ၂၀၁၇ စက်တင်ဘာလထဲတွင် ပါတီမှတ်ပုံတင် ရရှိခဲ့ပြီးနောက် ၂၀၁၇ ကြားဖြတ်ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ကယားပြည်နယ်၊ ဖရူဆိုမဲဆန္ဒနယ်(၁)၌ အနိုင်ရရှိခဲ့သည်။

ယခင်ရွေးကောက်ပွဲများနှင့်မတူ ထူးခြားမှုအနေဖြင့် ကယားပြည်နယ်အတွင်း KySDP နှင့် KNP တို့မှ ဝင်ရောက်ယှဉ်ပြိုင် မည့် ၃၄ ဦးအနက် ပြည်နယ်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းများမှ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် ဥပဒေရေးဆိုင် ရာ လှုပ်ရှားဆောင်ရွက်နေသူ ၁၂ ဦး ပါဝင်လာခြင်း ဖြစ်သည်။

အဆိုပါ ၁၂ ဦးအနက် တဦးဖြစ်သူ ကိုဒီးဒီ(ခ)စစ်မုန်းက “၂၀၁၅ တုန်းက ဖွံ့ဖြိုးရေးသော်လည်းကောင်း၊ နိုင်ငံရေးသော် လည်းကောင်း လက်ရှိပါတီကြီးက ပိုမိုလုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ သို့သော် သူတို့ အာဏာရသွားတဲ့အခါ လုပ်ဆောင်ချက်တွေက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ကျနော်တို့လည်း သူများကို အားကိုးနေတာ အဆင်မပြေဘူး။ ကိုယ့် ကိုယ်ကို အားကိုးမှရတော့မယ်ဆိုတဲ့ ယူဆချက်တွေကြောင့် ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်တယ်” ဟု ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နှစ်ပါတီ မဟာမိတ်ဖွဲ့ပြီး မဲဆန္ဒနယ်များ အတူခွဲဝေ ယှဉ်ပြိုင်ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားလူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အားပေးမှု ပိုမိုရရှိလာမည် ဖြစ်သကဲ့သို့ ပြည်နယ်တည်ဆောက်ရေးတွင် လည်း အောင်မြင်မှု တစုံတရာ ရရှိလာမည်ဟု KySDP နှင့် KNP မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများက မျှော်လင့်ထားသည်။

“ပြည်နယ်မှာ အရည်အချင်းရှိတဲ့ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင် တော်တော်များများ ပြည်နယ်အခြေစိုက် ပါတီ ၂ ခု ကနေတဆင့် ဝင်ရောက်ယှဉ်ပြိုင်မှုတွေ ဖြစ်လာသလို လက်ရှိ အပြင်မှာကျန်နေခဲ့ကြတဲ့ အရပ်ဖက်တွေ၊ လူငယ်၊ အမျိုးသ မီးတွေကလည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီတွေကိုပဲ ဝန်းရံကြမယ့် အခြေအနေ ဖြစ်လာတယ်” ဟု ကယား ပြည်နယ်အခြေစိုက် Lain နည်းပညာ အထောက်အကူပြုအဖွဲ့မှ ကိုကျော်ထင်အောင်က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် သက်တမ်း ၅ နှစ်အတွင်း ပြည်နယ်၌ ရှုပ်ထွေးမှုများ၊ မတည်ငြိမ်မှုများ၊ မြေယာပြဿနာများ၊ ငြိမ်းချမ်းရေးအရ တိုးတက်မှု မရှိခြင်းများကြောင့် ၂၀၁၅ တွင် ၃၄ နေရာအနက် ၂၆ နေရာ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ၂၀၂၀ တွင် အဆိုပါ အနေအထားကို ပြန်လည် ရရှိမည် မဟုတ်တော့ဘဲ မဲဆန္ဒနယ် အတော်များများ၌ တိုင်းရင်းသား ပါတီများ အနိုင်ရလိမ့်မည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာအနက် NLD က ၂၆ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီက ၇ နေရာနှင့် တသီးပုဂ္ဂလ ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ တွင်မူ မဟာမိတ်ပြုထားသည့် KySDP နှင့် KNP၊ NLD၊ USDP တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု သုံးသပ် သူများလည်း ရှိသည်။

ဆက်စပ်ဖတ်ရှုရန်-

မှတ်ပုံတင် မရှိသည့် ကရင်နီ ဒုက္ခသည်များ မဲပေးရန် ဆန္ဒရှိ

၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီကိုသာ ဝန်းရံမည်ဟု ကရင်နီလူငယ်ထု ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ

ကရင်နီလူငယ်တွေ မေးခွန်းထုတ်လိုက်တဲ့ ခြေဥပြင်ဆင်ရေး

Loading