လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံ အင်အားကြီး ပါတီတခု ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကို ဧရာဝတီ သတင်းဌာန၊ နေပြည်တော်ရုံးခွဲ သတင်းထောက် ထက်နိုင်ဇော်က သွားရောက် တွေ့ ဆုံမေးမြန်းထားပါသည်။
တွေ့ ဆုံမေးမြန်းမှု ပထမပိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီ အောင်နိုင်ရေး ပြင်ဆင်မှု အခြေအနေ၊ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များအကြောင်း၊ သမ္မတဟောင်း ဦးသိန်းစိန် ပါတီကို ပြန်လည် ကူညီမည့် အခြေအနေ၊ ၎င်းတို့ပါတီ အစိုးရဖွဲ့ နိုင်ရင် ဘာတွေ လုပ်မလဲဆိုသည့် အချက်များ အပါအဝင် ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် အရေးကိစ္စများကို မေးမြန်းထားပါသည်။ ဒုတိယပိုင်းကိုလည်း မကြာမီ ဆက်လက်ဖော်ပြသွားပါမည်။
မေး ။ ။ ပထမဆုံး ကျနော် ဥက္ကဌကြီး အကြောင်းနဲ့ပဲ စချင်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းစာရင်းတချို့လည်း ကျနော်တို့ သိနေရပါပြီ။ ဥက္ကဌကြီး ကိုယ်တိုင်လည်း နေပြည်တော်ကနေ ပြိုင်မယ်ပေါ့နော်။ ဇေယျသီရိမြို့နယ်ကို ရွေးထားတယ်လို့ သိရပါတယ်။ အဲဒီမဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ်လို့ သိရ ပါတယ်။ ဘာကြောင့် ဒီမဲဆန္ဒနယ်ကို ရွေးလဲဆိုတာ ပထမဆုံး သိချင်ပါတယ် ခင်ဗျ။
ဖြေ ။ ။ ကောင်းပါပြီ။ ကိုယ်စားလှယ်လောင်းတွေ ပေါ်တယ်ဆိုတာ ကျနော်တို့ကတော့ မကြေညာသေးပါဘူးလေ။ သို့သော် အဲဒီတုန်းက လာသတင်းယူတဲ့ သတင်းဌာနတွေက တင်လိုက်တာဖြစ်တဲ့အတွက် ဘယ်သူတွေ ဘယ်သူတွေ ခုနက အမည်စာရင်းတင်သွားတယ်ဆိုတာ သတင်းတွေ ထွက်လာတာပေါ့။
ဒါလည်းပဲ ကျနော်တို့ မကြေညာပေမယ့် သိသင့်သလောက်တော့ သိနေကြပြီ။ ဒီမှာဝင်ပြိုင်ရခြင်းကတော့ ရှင်းပါတယ်ဗျာ။ အခုလက်ရှိ ကိုယ်စားလှယ်ဖြစ်နေတဲ့ ဦးလှဌေးဝင်းကလည်း သူ့ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် မ ပြိုင်တော့ဘူးလို့ သိရတယ်။ သူက နောက်တကြိမ်ထပ်ပြိုင်ဖို့ အခက်အခဲ ရှိတယ်ပေါ့။
မေး ။ ။ ပါတီအနေနဲ့ရော ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လောက်အထိ နိုင်မယ်လို့ မျှော်လင့်ထားလဲ။ ၂၀၁၀ တုန်းက ပါတီက အစိုးရ ဖွဲ့ နိုင်ခဲ့တယ်။ ၂၀၁၅ မှာကျတော့ မဖွဲ့ နိုင်ဘူး။ အခု ၂၀၂၀ မှာရော ပြန်ခေါင်းထောင်နိုင်ပါ့မလား။ အစိုးရ ပြန် ဖွဲ့ နိုင်မယ် အခြေအနေအထိ ယုံကြည်မှု ရှိထားလားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ဒီအခါကျတော့ ကျနော် လုပ်ဖော်ကိုင်ဖက်တွေကလည်း တိုက်တွန်းကြတယ်။အရင်တုန်းက ကျနော်ဇာတိမြို့မှာ ကျနော်ပြိုင်တယ်။ အဲဒီအချိန်တုန်းက ကျနော်က ဗဟိုအလုပ်မှုဆောင်၊ နည်းနည်း တာဝန်ပေါ့သေးတာပေါ့။ အခုကျတော့ တနိုင်ငံလုံးကို တာဝန်ယူရတဲ့ ဥက္ကဌ ဖြစ်လာတဲ့အခါကျတော့ တခြားကိစ္စတွေ လည်း ရှိတယ်။ ရုံးကွပ်ကဲမှု ကိစ္စတွေလည်း ရှိတယ်။
တခါ မြို့နယ်က ပါတီဝင်တွေကလည်းပဲ အရင်တုန်းက သူတို့မြို့နယ်မှာ တာဝန်ယူခဲ့တာက ပါတီရဲ့ လူကြီးပိုင်းတွေဖြစ်တဲ့အခါကျတော့ ကျနော်တို့ဆီက လူကြီးပိုင်းဝင်ပေးဖို့ မေတ္တာရပ်ခံတာပေါ့လေ။ ဒါပါပဲ။ အကြောင်းတွေက ဆုံသွားတာပေါ့လေ။ ကျနော်လည်း ဟိုမြို့ကို သပ်သပ်သွားဖို့ ဆိုတာက နည်းနည်းလေး လှမ်းသွားတယ်။ ဒါကြောင့် မို့ အားလုံးက တိုက်တွန်းချက်တွေနဲ့အညီ ဖြစ်သွားတယ်လို့ပဲ ပြောရမှာပေါ့။
မေး ။ ။ ပါတီတခုလုံး အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လောက် အတိုင်းအတာအထိ နိုင်ဖို့ မျှော်လင့်ထားလဲသိချင်ပါတယ်။ ၂၀၁၀ မှာ ပါတီက အစိုးရ ဖွဲ့ နိုင်ခဲ့တယ်။ ၂၀၁၅ မှာ အစိုးရ မဖွဲ့ နိုင်ခဲ့ဘူး။ အခု ၂၀၂၀ မှာရော ပြန်ပြီးတော့ ခေါင်းထောင်နိုင်မလား။ ဘယ်လောက်အထိ အစိုးရ ဖွဲ့ နိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိလဲ။
ဖြေ ။ ။ ခေါင်းထောင်နိုင်မလားဆိုတော့ ကျနော်တို့က အစမ်းစာမေးပွဲတွေပေါ့။ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဝင်ပြီးတော့ စာမေးပွဲ ဖြေကြည့်လိုက်တာနဲ့ ကျနော်တို့ ခေါင်းထောင်နိုင်တယ်ဆိုတာ ပေါ်လွင်နေပါပြီ။ ဒါကြောင့် အစိုးရဖွဲ့ဖို့ ယုံယုံကြည်ကြည်နဲ့ကို အလုပ်လုပ်နေပါတယ်။ ယုံကြည်မှု မရှိရင် အလုပ်လုပ်လို့ မရဘူး။
မေး ။ ။ နောက်တခုကတော့ ဘယ်လို မဲဆန္ဒနယ်တွေလဲပေါ့။ ကော်မရှင်ကလည်း မဲဆန္ဒနယ်တွေ ကြေညာထားပြီ။ လက်ရှိ အာဏာရပါတီနဲ့ ဘယ်လို မဲဆန္ဒနယ်တွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်လဲ။ ဥပမာဆိုရင် မကွေးဆိုရင် ပါတီက ၂၀၁၅ မှာ တနေရာမှ မရခဲ့ဘူးလေ။ နောက်စစ်ကိုင်းဆိုလည်း သိပ်မရဘူးဆိုတော့ ဘယ်လို ပြင်ဆင်မှုတွေ ရှိနေလဲ။ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားလဲခင်ဗျ။ ပါတီအနေနဲ့။
ဖြေ ။ ။ ဘယ်နေရာမှာ ပြိုင်ဆိုင်မှု ပြင်းထန်မလဲလို့ မေးရင်တော့ တနိုင်ငံလုံး ပြင်းထန်နိုင်တယ်လို့ပဲ ပြောရမှာပဲ။ ၁၅ အောင်မြင်မှု ရခြင်း မရခြင်းကတော့ သီးခြားကိစ္စပါလေ။ ဒီဟာကို ခြုံပြီး ပြောရရင်တော့ ကျနေ်ာတို့ အောင်မြင်မှု ရဖို့အတွက် လိုအပ်တာတွေ အကုန်ပြင်ဆင်ထားပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေလည်းပဲ။ ပြုပြင်ပြောင်းလဲမှု ဆိုတာ ဗျာ။ ဥက္ကဌကစပြီး ကျနော် ပြောင်းနေပြီပဲ။ ကျနော်ဒီနေ့ ဥက္ကဌအသစ် ဖြစ်လာပြီပဲ။
ဒီတိုင်းပဲ လိုအပ်တဲ့နေရာတိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း လုပ်ထားပါတယ်။ ဒါကြောင့် ၂၀၂၀ အဖြေဟာ စောင့်ကြည့်လိုက်ပါ။ ပြောင်းသွားပါလိမ့်မယ်။
မေး ။ ။ နောက်တခုကတော့ အနောက်ဘက်က ရခိုင်ပြည်နယ် ကိစ္စပေါ့နော်။ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ရှိတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ရှိတယ်။ အခုဆိုရင် ကော်မရှင်က မဲစာရင်းတောင် နေရာတိုင်းမှာ လိုက်မကပ်နိုင်ပါဘူး။ အဲဒီနေရာမှာရော ပါတီရဲ့ မူဝါဒက ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ အစဉ်တစိုက် ရပ်တည်ထားတာက ရခိုင်ပြည်နယ် ပြဿနာက ပြည်တွင်းရေးပဲ။ အခုထိလည်း ကျနော်တို့ အဲအတိုင်းပဲ ကိုင်ဆွဲထားတယ်။ နောက်တခါ ရခိုင်ပြည်နယ်ကနေပြီးတော့ တဖက်နိုင်ငံကို ထွက်သွားတဲ့ အင်အားတွေနဲ့ ပတ်သက်လို့လည်းပဲ ကျနော်တို့ အစိုးရ တာဝန်ယူတဲ့ ကာလအထိ အဲဒီတုန်းက ဒီကိစ္စ (Issues) မှာ ဒီကိစ္စမှာ ထဲထဲဝင်ဝင် တာဝန်ယူနေတဲ့သူတွေလည်းပဲ ဒီနေ့ ကျနော့်ပါတီထဲမှာ ရှိပါတယ်။
သူတို့ အလွတ်ရနေတဲ့ ကိန်းကဏ္ဍန်းတခု ရှိတယ်။ အဲဒါက ဘာလည်းဆိုတော့ ကျနော်တို့ အစိုးရကာလအထိအောင် နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့ ကျနော်တို့ ပြန်လက်ခံရမယ့် အရည်အတွက်ဟာ ကျနော်ပြောတာ နည်းနည်းလေး လွဲချင် လည်း လွဲမယ်နော်။ ၂၄၂၅ ယောက်။ ဒါပဲ ရှိတယ်လို့ အစဉ်တစိုက် လက်ခံခဲ့တာ။ သို့သော် ဒီ ၃၊ ၄ နှစ်လောက် အတောအတွင်းမှာ လူတွေဟာ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေသွားပြီး မေတ္တာရပ်ခံနေတဲ့ ကြားထဲကအေးအေးဆေးဆေးပဲ ဟိုဘက်ကို ပျော်ပွဲစားသလို ထွက်သွားတာတွေ ရှိတယ်။
နောက်ဒါတွေဟာ ကမ္ဘာ့ သတင်းတွေ ပြည်တွင်းကနေပဲ တာဝန်ရှိသူတွေက ပြောတဲ့အခါကျတော့ နေရပ်စွန့်ခွာပြီတော့ နှိပ်စက်လို့ ထွက်ပြေးရတဲ့ ပုံစံဖြစ်တယ်။ အဲဒီမှာ ကိန်ဂဏန်းတွေက သောင်းဂဏန်း၊ သောင်းဂဏန်းကနေ သိန်းဂဏန်း ချက်ချင်း၊ ချက်ချင်း အချိန်ပိုင်းအတွင်းမှာ တက်သွားတယ်။ ဒီအပေါ်မှာ သိပ်ပြီးတော့ Rely လုပ်လို့ မရဘူး။ ဒါကြောင့် ဒါသည် ပြည်တွင်းရေးပဲ ဖြစ်တယ်။ ပြည်တွင်းရေး ပြဿနာပဲ ဖြစ်တယ်။
ဒီနေ့ ပြည်တွင်းကရော၊ အပြင်ကရော ဒီပြဿနာကြီးကို ဘယ်လိုပဲ ဆွဲပြီးတော့ ဆန့်နေနေ၊ တိုင်းပြည်ကို တာဝန်ယူ မယ့် ခေါင်းဆောင်ရယ်၊ တာဝန်ယူမယ့် အဖွဲ့ အစည်းရယ်၊ အဲဒီပုဂ္ဂိုလ်တွေ ပြတ်ပြတ်သားသား ကိုယ့်နိုင်ငံ၊ ကိုယ့် အကျိုးစီးပွားအတွက် ရပ်တည်မယ်ဆိုရင် ပြည်တွင်းရေး ပြဿနာ အသွင်နဲ့ပဲ ပြန်ပြီးတော့ ကိုင်သွားဖို့ ရှိတယ်။ နည်းလမ်းတွေလည်း ရှိပါတယ်လို့ပဲ တင်ပြပါရစေ။
မေး ။ ။ ပါတီအနေနဲ့ရော အဲဒီမှာ ရွေးကောက်ပွဲ ဝင်မှာလားခင်ဗျ။ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ထားလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲကတော့ လုပ်ဖြစ်မယ်ဆိုရင် ဝင်မှာပါပဲ။ တခုပဲ ရှိတယ်။ သူသည် ပြည်နယ်တခု ဖြစ်တဲ့အတွက် ကျနော်တို့က တိုင်းရင်းသားတွေအတွက် တချို့ နေရာလေးတွေကတော့ အထူးသဖြင့် ပြည်နယ် Seat တွေဟာ ဒေသခံ ပုဂ္ဂိုလ်တွေ စိတ်ဝင်စားတဲ့နေရာမျိုး ဖြစ်တဲ့အတွက် အဲဒါမျိုးလေးတွေ ဆိုရင်တော့ ကျနော်တို့က လွှတ်ခဲ့တာမျိုးလေးတွေ ရှိပါတယ်။
သို့သော်လည်းပဲ အမျိုးသား လွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ Seat တွေ ကျတော့လည်းပဲ အစိုးရ ဖွဲ့ နိုင်ရေး အတွက်က လုပ်ရဦးမှာဖြစ်တော့ ဒါလေးတွေတော့ ပြိုင်ဖို့ များပါလိမ့်မယ်။
မေး ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ့နော်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာရော လက်မှတ်ထိုးနိုင်ခဲ့တယ်။ ၈ ဖွဲ့ ပေါ့။ ဒီဘက်မှာတော့ ၂ ဖွဲ့ ပေါ့။ အဲဒီတော့ ဒါပေမယ့် NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အရမ်းကြီး ရှေ့ရောက်မလာဘူး။ ပါတီအနေနဲ့ အစိုးရ ဖွဲ့ နိုင်ခဲ့ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘာများ စဉ်စားထားပါသလဲ။
ဖြေ ။ ။ အဲဒါကလည်း အရှိန်အဟုန်နဲ့ ပြန်ပြီးတော့ စရမယ့် အလုပ်လို့ပဲ မြင်ပါတယ်။ ယခင်တုန်းက တာဝန်ယူ သွားတဲ့ သမ္မတကြီး ဦးသိန်းစိန် ပြောခဲ့တဲ့စကားလည်း မှတ်မှတ်ရရ ရှိပါတယ်ဗျာ။ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရဘူး။ ဒီမိုကရေစီ ဟိုဒင်းမဖြစ်ဘဲနဲ့လည်း ငြိမ်းချမ်းရေးက တည်ဆောက်ဖို့ ခက်တယ်။ ဒီတော့ ဒါက တွဲပြီးတော့ကို လုပ်ရမှာ။ သို့သော် ဘယ်ဟာကို အရင်ဆိုတာတော့ မဟုတ်ဘူး။
နောက်တချက်ကတော့ ငြိမ်းချမ်းရေးကို ပင်လုံညီလာခံတခုမှာ ကျနော်စကားပြောခွင့်ရတုန်းက ကျနော်တက်ပြီးပြောခဲ့တာ ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ဘယ်ကာလမှာ ပြီးရမယ်ဆိုပြီးတော့ သွားပြီးတော့ လုပ်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ၂ ဖက် ညှိနှိုင်းရမယ့် ကိစ္စ ဖြစ်တယ်။ ၂ ဖက်ညှိနှိုင်းရမယ့် ပုဂ္ဂိုလ်တွေရဲ့ ထက်သန်မှု၊ ညှိနှိုင်းတဲ့ Skill တွေ အပေါ်မှာ မူတည်ပြီးတော့ အဲဒါက ရှေ့ ကိုရောက်မှာပဲ။ အဲဒါကြောင့် ဒီလိုပဲ ကျနော် တင်ပြပါရစေ။ ကျနော်တို့ ဦးတည်ချက်ထားပြီး လုပ်ရမယ့် အလုပ်ပဲ။
မေး ။ ။ ဒီဘက်မှာလည်း ပြည်သူတွေရဲ့ ဘဝလုံခြုံမှုပေါ့နော်။ စီးပွားရေးဆိုရင်လည်း ယှဉ်ပြောကြတာပေါ့နော်။ ကားတွေ တယ်လီဖုန်းတွေ ဈေးကျတာတွေလည်း ရှိတယ်လေ။ တကယ်လို့ ပါတီက အာဏာရခဲ့ရင် ပြည်သူရဲ့ လူမှုစီးပွားအတွက် ပြင်ဆင်မှုတွေ ဘယ်လိုမူဝါဒမျိုးတွေ ချမှတ်ထားပါသလဲခင်ဗျ။
ဖြေ ။ ။ ပါတီအာဏာရခဲ့ရင်ဆိုတာက ပါတီအာဏာရသည်ဖြစ်စေ မရသည်ဖြစ်စေ နိုင်ငံရေးပါတီတခုဟာ ကိုယ့်နိုင်ငံ သား ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် အမြဲတန်း ဦးတည်ချက်ထားပြီး လုပ်ကြရတာလေ။ ဒီနေ့ အာဏာ မရတဲ့ အချိန်မှာတောင်မှပဲ ကိုထက်နိုင်ဇော်တို့ သတိထားမိရင်ထားမိလိမ့်မယ်။ ကျနော် အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ်နဲ့ အိန္ဒိယသွားခဲ့တာကိုး။ အဲဒီအချိန်တုန်းကဖြစ်တဲ့ ပဲပြဿာနာ ကျနော်ဝင်ပြီးတော့ ပြောခဲ့တယ်။
ကျနော်ဝန်ကြီးဌာန လေးငါးခုလောက်က ဝန်ကြီးတွေနဲ့ တွေ့ ပြီးတော့ ပဲကိုတာ ပြန်မြှင့်ဖို့ ပြန်မဝယ်နိုင်ရင်တောင်မှပဲ ကျ နော်တို့တိုင်းပြည်ကိုလာပြီးတော့ ပဲကုန်ထုတ်တဲ့စက်မှုလက်မှုတွေထောင်ဖို့တို့။ ပြောရင်တော့ မင်းနဲ့ဘာဆိုင်လဲ ပြော ရင်လည်းပြောပေါ့။ မဟုတ်ဘူး နိုင်ငံရေးပါတီဆိုတာ ပြည်သူလူထုအတွက်ဆိုရင် အမြဲတမ်း ကိုယ်ဘာလုပ်ပေး နိုင်မလဲဆိုတာကြည့်နေရတယ်။
ဒါကြောင့် လည်း ဒီနေ့ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ သူက ဒီလိုဗျ ထူထောင်ရေး တည်ဆောက်ရေးလုပ်ရတာ အချိန်အများကြီးယူရတယ်။ ဖျက်လိုက်တာ ဝုန်းကနဲ ဝုန်းကနဲ . . . သိပ်လွယ် တယ်။ ဒါကြောင့် ဒီနေ့ကျဆင်းသွားတယ်။ ကျဆင်းသွားတယ်လို့ပဲ ပြောပါ့မယ်လေ။ အဲဒီစီးပွားရေးအခြေအနေဟာ ကျနော်တို့ အချိန်တွေအများကြီးယူပြီးတော့ လုပ်ရမယ်။ အဲဒီအတွက် Trust လိုတယ်။
ဘယ်သူ့ Trust လည်းလို့ပြောရင် Investor ။ Investor ဆိုသည်မှာ ပြည်တွင်းက ရင်းနှီးမြုပ်နှံမှုရော၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုရော။ ဆက်ပြီးတော့ ထပ်ပြောရရင် ကျနော် လွန်ခဲ့တဲ့တနှစ်က ဂျပန်က ဖိတ်လို့သွားပါတယ်။ အတိုက် အခံပါတီ ခေါင်းဆောင်အနေနဲ့သွားတာ။ အတိုက်အခံဆိုတဲ့စကားလုံးတောင် သိပ်မသုံးလိုတဲ့ဝေါဟာရပါ။ ဒါပေမယ့် အဲဒီမှာရှိနေတဲ့ ဂျပန်အစိုးရဖွဲ့တဲ့ ပါတီရော အတိုက်အခံပါတီရော နောက်တခါ ဂျပန်-မြန်မာ Association က ပုဂ္ဂိုလ်တွေရော၊ လုပ်ငန်းရှင်ကြီးတွေရော အကုန်လုံးဖိတ်ပြီးတော့ ကျနော့်ရဲ့ မူဝါဒလေးကို ရှင်းပြလိုက်တယ်။
ကျနော်ဒီနေ့လာတာဟာ ခင်ဗျားတို့အမြင်က အတိုက်အခံပါတီခေါင်းဆောင်အနေနဲ့လာတာပါ။ သို့သော် ကျနော်ဒီနေ့ပြော မယ့်စကားကတော့ ဟိုတုန်းကအတိုက်အခံခေါင်းဆောင်စကားမျိုးပြောမှာမဟုတ်ဘူး။ တိုင်းပြည်ကို မလာပါနဲ့လို့ ပိတ်ဖို့ လာတာမဟုတ်ဘူး။ အာမခံချက်ပေးဖို့လာတာ။ အဲဒီအာမခံချက်က ဘာလဲဆိုရင် ဒီရွေးကောက်ပွဲနိုင်လို့ ကျနော်တို့ အစိုးရဖြစ်ရင်တော့ ခင်ဗျားတို့ လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေ ကျနော်တခုမှ ရပ်ပစ်မယ့်သူ မဟုတ်ဘူး။ အဲဒီ အာမခံ ချက်ကိုပေးဖို့လာတာ ကျနော်အဲလိုပြောခဲ့တဲ့လူ။ စီပွားရေးနဲ့ပတ်သက်လို့ ကျနော်မြင်တဲ့ဟာနော်။
ဆိုတော့ ဒါလေးကို ချုပ်ပြီး ပြန်ပြီးတော့ ဟိုဒင်းလုပ်ရရင်တော့ စီးပွားရေးက နိုင်ငံရေးဗျ။ ဒါကြောင့် တို့လုပ်ရ မယ့်လုပ်ငန်းထဲမှာလည်းပဲ စီးပွားရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံက ခေတ်အဆက်ဆက် စိုက်ပျိုးရေး နိုင်ငံလေ။ အဲဒီတော့ တပ်မတော် အစိုးရလက်ထက်တုန်းကလည်းပဲ စိုက်ပျိုးရေးကို အခြေခံ၍ ဘာညာဘာညာ ဆိုတဲ့ဟာတွေ ထားခဲ့တာပဲ။ ဒီနေလည်းပဲ လက်တွေ့အခြေအနေက ကျနော်တို့သိပ်ကျဆင်းသွားတဲ့အဲဒီလယ်ယာစိုက်ပျိးရေးကဏ္ဍကြီး တော်တော်လေး ဒီအပေါ်မှာ လူတွေစိတ်ပျက်၊ ပြောရလို့ရှိရင် ဒီစီးပွားရေး Sector ပျက်ဆီးသလိုဖြစ်တဲ့ဥစ္စာကို ကျနော်တို့ ပြန်ပြီးတော့ ထူထောင်ပေးရလိမ့်မယ်။
ဒါကျနော် အသံလွှင့်ပြီးပြောထားတာရှိပါတယ်ဗျာ။ လယ်သမားတွေ ကိုယ့်လယ်ယာလုပ်ငန်းအပေါ်ကို ငါတို့တကယ် လုပ် လို့ရှိရင် ချမ်းသာတဲ့အလုပ်ပါလားလို့ မြင်အောင်ပြန်လုပ်ပေးရလိမ့်ဦးမယ်။ အဲဒါကို အခြေခံပြီးရင်တော့ ကျန်တဲ့ ကျနော် တို့ရဲ့ စက်မှု Sector ၊ ဝန်ဆောင်မှု Sector ၊ အကုန်လုံး တပြိုင်တည်းနဲ့ ဘက်စုံစီးပွားရေး တက်တဲ့ နိုင်ငံ ပြန်လုပ်ရမှာပဲ။ လုပ်ရမယ့် Process တွေကတော့အများကြီးပဲ။
မေး ။ ။ နောက်ထပ်မေးလိုတာကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဆိုရင် တပ်မတော်က ထူထောင်ခဲ့ တာပေါ့။ အဲလိုမြင်ကြတယ်ပေါ့နော်။ အဲတော့ဒီတခေါက်အစိုးရဖွဲ့နိုင်ရင်အရပ်သားတွေကို နေရာပေးမှာလား။ ပြည်ထောင်စုအဆင့်တို့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်ထားမှုမှာ ဘယ်လိုမူဝါဒမျိုးရှိတယ်ဆိုတာ သိချင်ပါတယ်ခင်ဗျ။
ဖြေ ။ ။ အရပ်သားရယ်၊ စစ်သားရယ်ကို ဘာနဲ့ခွဲလည်းတော့မသိဘူး။ သူရဲ့ ဥပဒေအရကတော့ ဝန်ထမ်းသည် သူ ကတော့ သူက စစ်မှုထမ်းမဟုတ်ဘူးပေါ့နော်။ သူကလည်းပဲ ဝန်ထမ်းအဖြစ်ကထွက်လို့ရှိရင် သာမန်ပြည်သူ ဝန်ထမ်း မဟုတ်တဲ့ ပြည်သူ၊ ပါတီနိုင်ငံရေးကို လုပ်ခွင့်ရှိတဲ့ ပြည်သူဖြစ်သွားပြီ။ စစ်သားဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပဲ။ စစ်သားဟာ သီးခြားလူတန်းစားမဟုတ်ဘူး။ သူလည်းပဲ တပ်မတော်က ထွက်လိုက်ရင် သာမာန်အရပ်သားပဲ။
အဲဒီတော့ ထုံးစံအရတော့ ကျနော့်ကိုလည်း ဗိုလ်ချုပ်သန်းဌေးခေါ်မှာပေါ့ဗျာ။ ဒါပေမယ့် ဒီနေ့ ကျနော်က ဦးသန်းဌေးလေ။ အဲဒီတော့ ကျနော်ဟာ အများနည်းတူပဲ အလုပ်လုပ်လို့ရလို့ ဒီနေ့ကျနော် ပါတီဥက္ကဌလုပ်နေတာပေါ့။ ဒါပေမယ့် ဒီတိုင်းပြည် မှာကျတော့ တပ်မတော်ကို သီးခြားခွဲထုတ်တဲ့အမြင်နဲ့လူတွေက ဒါကိုတအား လော်ဘီလုပ်ခဲ့တဲ့အခါကျတော့ စစ်သား ဆို တာကို သီးခြားလူတန်းစားလိုမျိုး မြင်လာတယ်။ အဲဒီတော့ ဒီနေရာမှာလည်းပဲ ကြည့်လို့ရှိရင် မြန်မာနိုင်ငံမှာဗျာ ပါတီပေါင်း ၉၇ ပါတီလားနော်။ အဲဒီလောက်ရှိပါလိမ့်မယ်။ အဲဒီပါတီတွေထဲမှာ ကျနော်တို့လိုပဲ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေ သို့မဟုတ် တပ်မတော်မိသားစုနဲ့ ကင်းတဲ့ပါတီရှိရင် ဆွဲထုတ်ပြစမ်းပါ။ မရှိပါဘူး။ မရှိပါဘူး။
အခုခင်ဗျား မေးခွန်းကို သေချာအောင်ဖြေရရင်တော့ ကျနော်တို့အနိုင်ရလို့ အစိုးရဖွဲ့ ဖွဲ့နိုင်ခဲ့ရင် ဗိုလ်ချုပ်ဟောင်းတွေ နည်း ပါလိမ့်မယ်။ သို့သော်ကျနော်လွန်ခဲ့တဲ့ အချိန်တုန်းက ကျနော့်ပါတီဝင် ကိုယ်စားလှယ်လောင်းတွေကို ကျနော် တချက် ကလေး အွန်လိုင်းကနေပြီးတော့ ကျနော် အားပေးတဲ့ စာလေးရေးလိုက်တယ်။
အဲဒီထဲမှာဘာလဲဆိုတော့ ကျနော်တို့ရဲ့ ပါတီဝင်ကိုယ်စားလှယ်လောင်းတွေကို အသက်အရွယ် အုပ်စု ခွဲကြည့်တဲ့အခါ ကျတော့ အရွယ် ၃ ပါး မျှတယ်။ ကျနော်တို့လို့အသက် ၆၀ ပတ်ဝန်းကျင်လူတွေဟာ ၂၀ ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါကြောင့် လူငယ်တွေကလည်းပဲ သားတို့သမီးတို့ မင်းတို့စွမ်းရည် ရှိသလောက်ပြရမယ့်အချိန်ကိုရောက်ပြီ ကြိုးစားကြ။
နိုင်ငံရေးမှာ ဘာပြောမလဲ အလယ်အလတ် သက်တမ်းလောက်မှာရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့လည်းပဲ ခုနက အောင်မြင်ခြင်း ကျရှုံးခြင်း အနိမ့်အမြင့်တို့ကြုံခဲ့ကြပြီးပြီ။ အဲဒီအပေါ်က သင်ခန်းစာထုတ်ပြီးတော့ ကြိုးစားကြ။ တို့အရွယ် ၂၀ ရာခိုင်နှုန်း လောက်ရှိတယ်။ ၆၀ ကျော်အရွယ်တွေကတော့ ဒီအချိန်မှာတော့ တို့တွေဟာ ပါတီကို ခေါင်းဆောင်မှု ပေးတဲ့နေရာမှာ ရှိနေတယ်။ တချိန်ထဲမှာပဲ Guardian Supreme ပေါ့။ အုပ်ထိန်းပြီးတော့ ထိန်းကျောင်းပြီးတော့ ခေါ်သွားတဲ့လူတွေ၊ အဲလိုဖြစ်တဲ့ အတွက်ကြောင့် ငါတို့တွေ လိုချင်တဲ့ပန်းတိုင်ကိုရောက်ပြီးရင်တော့ နောက်လူတွေကို နေရာပေး လက် ဆင့်ကမ်းခြင်းကို ကြည်ကြည်ဖြူဖြူလုပ်နိုင်အောင် အသင့်ပြင်ထားကြ။ ကျနော်နှိုးဆော်ထားတယ်။ အဲဒါ ကျနော့် သဘောထားပဲ။ ဖြစ်လာတဲ့ အစိုးရဖွဲ့တဲ့ ပုံသဏ္ဍန်လည်း အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်။
မေး ။ ။ အရင် ပါတီ ဥက္ကဌဟောင်းပေါ့လေ။ သမ္မတကြီးဟောင်း ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကိုလည်းသိချင်ပါတယ်ခင်ဗျ။ ကျနော်တို့ကြားတဲ့သတင်းအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးပြန်ကူမယ်လို့ကြားပါတယ်။ သူ့ အခန်းကဏ္ဍ ကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ ကျနော်သိသလောက်ပေါ့နော်။ သမ္မတကြီးလို့ပဲ ကျနော်တို့ခေါ်ပါတယ်။ နှုတ်ကျိုးနေတဲ့အသုံးအနှုန်းပေါ့။ သမ္မတဟောင်းပဲပြောပြော၊ သမ္မတငြိမ်းပဲပြောပြော သမ္မတကြီးဦးသိန်းစိန်ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ် ဒီလို ဖြစ်သွားတာဟာ သူ့မှာ တာဝန်မကင်းဘူးလို့ခံစားနေတာပေါ့။ အခုချိန်ထိ။ အဲတော့ သူသည် သူ့အသက်အရွယ် ကျန်းမာရေးအခြေအနေအရ ဘယ်လောက်လုပ်နိုင်မလဲမသိပေမယ့် လုပ်နိုင်သလောက် ဥပဒေဘောင်ထဲက ဥပဒေခွင့်ပြုချက်ရှိတဲ့အတွင်းကတော့ သူပါတီကို ဝန်းရံဆောင်ရွက်သွားမယ့်အခြေအနေရှိတယ်လို့ ဒီလိုပဲပြောပါရစေ။
ဘယ်လောက်ထိအောင် ထဲထဲဝင်ဝင် အနာဂတ်အတွက်ဘာမျှော်မှန်းချက်ရှိလဲဆိုတာ လူတယောက်ရဲ့ခေါင်းထဲ ကျနော်လည်းဖောက်ကြည့်လို့မရတဲ့အတွက် အဲဒါကတော့ ကျနော် ထင်မြင်ချက်ပေးလို့မရဘူး။
ဒုတိယပိုင်းကို ဆက်လက် ဖော်ပြပါမည်။
ဆက်စပ်လင့်များ
ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်
ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး ဇေယျာသီရိမြို့ နယ်မှ ရွေးကောက်ပွဲ ဝင်မည်