လားရှိုးမြို့နယ်တွင်း ကိုးကန့် စစ်သားများကို အသေပစ်ခတ် ဖမ်းမိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်မှုမှာ မှားယွင်း နေပြီး သေဆုံးသွားသူများမှာ ဒေသခံအရပ်သားများ၏ အလောင်းများဖြစ်သည်ဟု မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က ငြင်းဆိုလိုက်သည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွ့ဲမှ တိုက်ပွဲအတွင်း သေဆုံးသည့် ကိုးကန့်စစ်သားများဟု စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ချက်လိုက်သည့် ဓာတ်ပုံများမှာ ၎င်းတို့ တပ်ဖွ့ဲဝင်များ မဟုတ်ဘဲ ဒေသခံအရပ်သားများ၏ အလောင်းများ ဖြစ်ပါသည်ဟု MNDAA ၏ စစ်ရေးကော်မတီက စက်တင်ဘာ ၁၅ ရက်က သတင်းထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
MNDAA ၏ စစ်ရေးကော်မတီ က “မိမိတို့ MNDAA အနေဖြင့် လားရှိုးမြို့တဝိုက်တွင် တပ်သားများ ဝင်ရောက် လှုပ်ရှားခြင်း မရှိခဲ့သလို သြဂုတ် ၃၀ ရက်နေ့တွင်လည်း ဗမာ့တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှု လုံးဝမရှိခဲ့ပေ”ဟု သတင်းထုတ်ပြန် ထားသည်။
တပ်မတော်က အရပ်သားများကို သတ်ပြီး ပြစ်မှုကို ဖုံးရန်အတွက် သေဆုံးသူ တဦးကို MNDAA ဝတ်စုံဝတ်ပေးကာ ပုံမှားရိုက်ခြင်း ဖြစ်သည်ဟုလည်း MNDAA က ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
MNDAA မှ ၎င်းတို့ တပ်သားများ မဟုတ်ကြောင်း ငြင်းဆိုထားသည့် အပြင် ပစ်ခတ်ခံရ၍ သေဆုံးသူ ၂ ဦးမှာ ဖာလိုင် ကျေးရွာမှ အရပ်သားများ ဖြစ်ပြီး ဖာလိုင်ကျေးရွာမှ မိုင်းအိုက်ထွန်း နှင့် မိုင်းပန်ဆာတို့ ဖြစ်ကြောင်း၊
လယ်ယာလုပ်ငန်းခွင် သွားစဉ် ပစ်ခတ်သတ်ဖြတ်သွားသည့် စစ်ကြောင်းမှာ ခမရ ၃၆၁ ဖြစ်ကြောင်း၊ ကိုးကန့်လူမျိုးများ မဟုတ်ဘဲ တအန်းလူမျိုးများဖြစ်ကြောင်း တအန်းအရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အကူအညီပေးရန် မိသားစုများနှင့် ရပ်ရွာလူကြီးများက ပြောဆိုထားသည်။
တပ်မတော်က ဖာလိုင်ကျေးရွာသားများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟူသည့် စွပ်စွဲချက်များကို ဖြေရှင်းသည့် အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ဖာလိုင်ကျေးရွာသား ၂ ဦးကို ပစ်သတ်ကာ မြေမြှုပ်ခြင်း၊ အလောင်းများကို မီးရှို့ မြှုပ်နှံသွားသည်ဟု ရေးသားနေကြသည်များမှာ မမှန်ကန်ဘဲ သေဆုံးသူ ၂ ဦးမှာ MNDAA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း တပ်မတော်က စက်တင်ဘ ၁၂ ရက်က သတင်းထုတ်ပြန်ကာ ရှင်းလင်းခြင်း ဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ ထန် ခေါက် ကျေးရွာနှင့် မီတာ ၁၀၀၀ ခန့်တွင် MNDAA တပ်ဖွ့ဲများနှင့် ထိတွေ့ကာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး MNDAA ခေတ္တ အခြေပြုထားသည့် နေရာကို သိမ်းပိုက်ရာ ယူနီဖောင်းဝတ်ထားသည့် အလောင်း ၁ လောင်း၊ အရပ်ဝတ် အလောင်း ၁ လောင်းနှင့် အတူ လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိသည်ဟု ရေးသားထားသည်။
အဆိုပါ ဖြစ်ရပ်တွင် အရပ်သား ၂ ဦးကို တပ်မတော်က ပစ်သတ်ပြီး အလောင်းဖျောက်ပါသည်ဟု ပထမဦးဆုံး သတင်း ထုတ်ပြန်ခဲ့သည့် လားရှိုးမြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးများ လုပ်ဆောင်သည့် တအန်းအမျိုးသမီး အဖွဲ့ (TWO) က သေဆုံးသူ ၂ ဦး၏ မိသားစုဝင်များက တရားမျှတမှုရရေးအတွက် တိုင်ကြားထားပါသည်ဟု ပြောသည်။
TWO ၏ ပြောရေးဆိုခွင့် ရှိသူ လွေးချစ်စနန်းက “အဲဒီရွာသား ၂ယောက်က MNDAA ရဲ့ လူ လုံးဝ မဟုတ်ဘူး။ ရွာသား တွေ ဖြစ်တယ်လို့ပဲ ကျမတို့ သိထားရတယ်။ MNDAA ကလည်း သူတို့လူ မဟုတ်ဘူးလို့ ထုတ်ပြန်တာ တွေ့ရတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီရွာသားတွေက ရွာသား စစ်စစ် ဖြစ်တယ်။ MNDAA နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး။ ဒါပေမယ့် တပ်မတော်ရဲ့ ထုတ်ပြန်တာက လုံးဝ မကောင်းဘူး။ မဖြစ်သင့်ဘူး” ဟု ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် ဖာလိုင်ကျေးရွာရှိ တအန်းလူမျိုးများသည် မိခင်ဘာသာစကားမှ လွဲ၍ အခြားဘာသာ စကားများ လည်း မသိကြသူများ ဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူများသာ ဖြစ်သည်ဟု လွေးချစ်စနန်းက ပြောသည်။
မိသားစုဝင်များနှင့် ရပ်ရွာလူကြီးများ၏ ပြောဆိုချက်အရ သြဂုတ် ၃၀ ရက်တွင် စစ်ကြောင်းများ ဖြတ်သွားရာ သေဆုံးသူ မိုင်းပန်ဆာနှင့် ရွာသားတဦးတို့ ရပ်ကြည့်နေခဲ့ရာမှ ပစ်ခတ်ခံရပြီး သေဆုံးခြင်း ဖြစ်သည်။
မိုင်းပန်ဆာနှင့် အတူ ရပ်ကြည့်နေခဲ့သည့် ရွာသားတဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၎င်းနှင့် ဒေသခံရွာသားအချို့မှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်သွားသည်ကို မျက်မြင် မြင်တွေ့ခဲ့ကြရသည်ဟု လွေးချစ်စနန်းက ဆိုသည်။
မိုင်းပန်ဆာကို ပစ်သတ်သည့် တပ်မတော်စစ်ကြောင်းမှာ ခလရ ၃၆၁ ဖြစ်ပြီး ၎င်းတို့က အလောင်းကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု လွေးချစ်စနန်းက ပြောသည်။
ကျန်တဦး၏ အမည်မှာ မိုင်းအိုက်ထွန်း (ကိုအထွန်း) ဖြစ်ပြီး တောင်ယာလုပ်ငန်းခွင်သွားရင်း ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် အလောင်းကိုသာ ပြန်တွေ့ရခြင်း ဖြစ်သည်ဟု သိရသည်။
“ကျမတို့ဆီကို ရောက်လာတဲ့ သက်သေ ဓာတ်ပုံတွေအရ သေဆုံးတဲ့ ၂ ယောက်က တနေရာတည်း ဖြစ်တာ မဟုတ်ဘူး။ တရက်တည်းတော့ နှစ်ယောက်လုံး ပျောက်တာ။ သတ်ခံရတာလည်း ပုံစံ မတူဘူး။ ပထမတယောက်က အလောင်းကို မရှိတော့တာ မီးရှို့ထားလို့ အရိုးစုပဲ ကျန်ခဲ့တယ်။ ဒုတိယအလောင်းလည်း ဘာယူနီဖောင်းမှ မဝတ်ထားဘူး။ မှောက်လျက် နွံထဲမှာ သေဆုံးနေတာ။ အလောင်းကလည်း တော်တော်လေး ပုပ်သိုးနေပြီ။ ယူနီဖောင်းနဲ့ မဟုတ်ပါဘူး”ဟု လွေးချစ်စနန်း က ပြောသည်။
မိသားစုဝင်များအနေဖြင့် သေဆုံးသွားသူ ၂ ဦးအတွက် တရားမျှတမှု နှင့် နစ်နာကြေး ရလိုသည်ဟု လွေးချစ်စနန်းက ဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်းများအနေဖြင့် ရပ်ရွာများ၊ တောတောင်များအတွင်း သွားလာစဉ် ဘေးမှ ရပ်ကြည့်နေသည့် အရပ်သားများကို ပစ်ခတ်ရန် အကြောင်းမရှိဟု ပြောသည်။
MNDAA နှင့် တိုက်ပွဲဖြစ်ပြီး သေဆုံးကျန်ခဲ့သည့် အလောင်းများသာ ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်မံ ပြောဆိုသည်။
၎င်းက ဆက်၍ “ကျနော်တို့ ခဏခဏ ပြောနေပါတယ်။ သောင်းကျန်းသူအဖွဲ့အစည်း များအနေနဲ့ အရပ်ဝတ်နဲ့ ဆောင်ရွက်တယ်။ တိုက်တယ်ခိုက်တယ်။ လက်နက်နဲ့ အတူမိတာတောင်မှ မိခဲ့ရင် အရပ်ဝတ်နဲ့ မိခဲ့ရင် ရွာသားဆိုပြီး လုပ်တာတွေရှိတယ်။ ကျနော်တို့လည်း ပုံတွေနဲ့ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေကတော့ အမြဲတမ်း ဖြစ်ပေါ်နေတဲ့ စွပ်စွဲချက်တွေ ပဲ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
အရပ်သားများအနေဖြင့် တပ်မတော်စစ်ကြောင်းများဘက်မှ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု အငြင်းပွားမှုများ ရှိပါက တိုင်ကြားနိုင်ပြီး တိုင်စာရပါက စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးပေးကြောင်း၊ စစ်ဆေးရာတွင်လည်း တပ်မတော်တပ်ဖွဲ့ဝင်များ အပြင် အရပ်သားများကိုလည်း ခေါ်ယူစစ်ဆေးပါသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
MNDAA သည် အပစ်အခတ်ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသည့် အပြင် တပ်မတော်နှင့် တိုက်ခိုက်မှု များ ရှိနေဆဲ ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁ ဖွဲ့ဖြစ်သည်။
အပစ်ရပ်စာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေသော်လည်း MNDAA က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် အစိုးရနှင့် တပ်မတော်တို့က အကြမ်းဖက်အဖွဲ့ အဖြစ် ကြေငြာထားသည့် ရက္ခိုင်စစ်တပ် (AA) တို့နှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖွဲ့ကာ ၄ ဖွဲ့လုံး အတူတကွ ညှိနှိုင်းကာ တပြိုင်တည်း အပစ်ရပ်စာချုပ် ချုပ်ဆိုရန် ရပ်တည်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၈ ရက်က အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၏ ခေါင်းဆောင် ဦးစိုင်းလင်းနှင့် တွေ့ဆုံစဉ်က ကိုးကန့်တပ်ဖွဲ့ကို လက်နက်ကိုင် လမ်းစဉ် စွန့်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်အတွက် MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်ကို တိုက်တွန်းပေးပါဟု စကားပါး ခဲ့သည်။
ဦးဖုန်ကြားရှင်တို့ အနေဖြင့် လက်နက်ချရန် မလိုဘဲ လက်နက်ကိုင်လမ်းစဉ်ကိုသာ စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်၊ နယ်စပ်ဒေသ အေးချမ်းရေးအတွက် ညှိနှိုင်းကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စကားပါးခဲ့ခြင်း ဖြစ်သည်။
NDAA ၏ ခေါင်းဆောင် ဦးစိုင်းလင်းသည် ဦးဖုန်ကြားရှင်၏ သားမက်တော်စပ်သူ ဖြစ်သည်။ ဦးဖုန်ကြားရှင်နှင့် သားများ ဦးဆောင်သည့် MNDAA သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း ဒေသများကို ဝင်ရောက်တိုက်ခိုက်ပြီး လက်ရှိတွင် ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်တောင်ကြောတွင် စစ်ဌာနချုပ်ကို အခြေစိုက်ထားသည်။
လက်ရှိတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကျော်လွန်၍ ကိုးကန့်ဒေသနှင့် ဆက်စပ်နေသည့် မူဆယ်ခရိုင် အတွင်းရှိ မုံးကိုးဒေသ၊ အစိုးရအုပ်ချုပ်သည့် ကွမ်းလုံ၊ သိန္နီနှင့် လားရှိုးမြို့နယ်တွင်းအထိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင်စစ်တပ် (AA) တို့နှင့် မဟာမိတ်တပ်များ အဖြစ် ပူးတွဲ၍လည်း စစ်ရေးလှုပ်ရှားသည်။
You may also like these stories:
ချွတ်ပြင်ရွာနှင့် မောင်နုရွာ ဖြစ်စဉ် တပ်မတော် မျှမျှတတ ဖော်ထုတ်ပါ့မလား
UWSA “ဝ”တပ်ဖွဲ့ က ပထမဆုံး ဗိုလ်လောင်းသင်တန်း ကို ပန်ဆန်းတွင် ဖွင့်လှစ်
“ဝ” နှင့် မိုင်းလားကို လက်နက်စွန့်ပြီး NCA လမ်းကြောင်းရွေးရန် တပ်ချုပ်ပြော