ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ တရုတ်နိုင်ငံ သား ၉၀၀ နီးပါး ရှိပြီး အများစုမှာ အလုပ်အကိုင် လာရောက်ရှာဖွေခြင်း ဖြစ်၍ ရှမ်းပြည်နယ်တွင် ဖမ်းမိခြင်း ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
ဧရာဝတီသတင်းဌာနက မြန်မာနိုင်ငံသို့ တရားမဝင် လာရောက်သူ တရုတ်နိုင်ငံသားများကို မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ အိမ်တော် သတင်းထောက်များဂရုမှ တဆင့် မေး မြန်းရာ ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်လာသည့် အကြောင်းရင်းများမှာ အလုပ်အကိုင် ရှာဖွေရန် လာရောက်သူ ၆၈၇ ဦး၊ လောင်း ကစား လုပ်ရန် လာရောက်သူ ၄၉ ဦး၊ ကျောက်မီးသွေး တရားမဝင်တူးရန် လာရောက်သူ ၁၁ ဦး၊ တရားမဝင် ပေါင်းသင်း နေထိုင်သူ ၄ ဦး၊ ဗီဇာစည်းကမ်း ဖောက်ဖျက်သူ ၂၁ ဦးတို့ ဖြစ်သည်။
ထို့ပြင် တရုတ်သံရုံးမှ စုံစမ်းခိုင်း၍ ဖမ်းပေးရသူ ၂ ဦး၊ အုတ်စက်မီးအပူပေးလုပ်ငန်း လုပ်သူ တဦး၊ အဝတ်အထည် ရောင်းသူ တဦး၊ စိုက်ပျိုးရေးလုပ်သူ ၇ ဦး၊ ကျောက်စိမ်း အရောင်းအဝယ်လုပ်သူ ၂၂ ဦး၊ ဆောက်လုပ်ရေး လုပ်သူ ၁၅ ဦး ရှိသဖြင့်စုစုပေါင်း အမျိုးသား ၈၀၅ ဦး၊ အမျိုးသမီး ၅၈ ဦး ရှိကြောင်း သိရသည်။
“သူတို့ကို အရေးယူတာကတော့ လဝက ဥပဒေနဲ့ အရေးယူတာ ယူတာ များတယ်။ လဝကအက်ဥပဒေပုဒ်မ ၁၃/၁ ဆိုတာ ပြစ်ဒဏ်က နည်းတယ်။ တချို့ တရုတ်တွေ သစ်လာခိုးထုတ်လည်း ရိုးရိုး လဝက ဥပဒေနဲ့ အရေးယူတာ တွေ့ တယ်။ တ ရားရုံးမှာ ဒဏ်ငွေဆောင်ခိုင်းပြီး ပြည်နှင်ဒဏ်ပေးလိုက်တာ များတယ်”ဟု နေပြည်တော်မှ အမည်မဖော်လိုသော ရဲအရာရှိ ကြီး တဦးက ပြောသည်။
အများဆုံး ထောင်ချပါကလည်း ၁ လသာ ချလေ့ရှိပြီး ရခိုင်မြောက်ပိုင်းတွင် ခိုးဝင်လာသူ မွတ်စလင်များကိုမူ ထောင်ဒဏ် ၆ လအထိ ချမှတ်လေ့ ရှိသဖြင့် တရုတ်များသည် ထောင်ဒဏ် သက်သာခွင့် ရနေကြောင်း၊ ပြစ်ဒဏ်များကို တရားရုံးက ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။
“အလုပ်အကိုင်ရှာဖို့ လာကြတယ်ဆိုတာ အဓိကကတော့ မြဝတီဘက်ကို သွားဖို့ လာကြတာ။ အဓိက ဝင်ပေါက်ကတော့ မူဆယ်ပဲရှိတော့ မူဆယ်ဘက်က ခိုးဝင်ကြလို့ မူဆယ်မှာ မိတာ များတယ်။ လားရှိုးမှာလည်း မိတာ ရှိတယ်။ နောက်ဆုံး မြဝတီမှာ မိတာတွေလည်း ရှိတယ်”ဟု ယင်းရဲအရာရှိကြီးက ပြောသည်။
တရုတ်နိုင်ငံသားများသည် အလုပ်အကိုင်ရရှိရန် မြဝတီမြို့သို့ သွားရောက်နေခြင်းမှာ ယင်းမြို့တွင် တရုတ်နိုင်ငံသားများ ဦး ဆောင် အကောင်အထည် ဖော်နေသည့် ရွှေကုက္ကိုလ် စီမံကိန်းနှင့် တရားမဝင် ကာစီနိုရုံများဆီသို့ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကလည်း မြဝတီမြို့ှတွင်ရှိသည့် တရားမဝင်ကာစီနိုရုံတခုအား တပ်မတော်နှင့် လုံခြုံရေး ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်ဖမ်းဆီးရာတွင် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့သေး သည်။
“ကျနော်တို့က ဖမ်းတုန်းကတော့ မူးယစ်ဆေးဝါး ရှာဖို့ ဆိုပြီး ဖမ်းတာ။ ဂိတ်တွေမှာ စစ်ဆေးရင်းနဲ့ မိတာတွေလည်း ရှိ တယ်။ တပ်မတော်ကတော့ ဖမ်းမိတာတွေ မှန်သမျှကို ခိုးဝင်ခိုးထွက်တွေ အားလုံးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ ကိုပဲ လွှဲပေးလိုက်ပါတယ်။ ဖမ်းမိတာကတော့ ၇၀ နဲ့ ၁၀၀ ကြားမှာတော့ ရှိတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် တရုတ် နိုင်ငံသားများ တရားမဝင် ဝင်ရောက်မှု ၁၉၁ မှု ဖြစ်ပွားခဲ့ပြီး နေပြည်တော် တပ်ကုန်းတွင် တမှု၊ ကချင်ပြည်နယ်တွင် ၁၂ မှု၊ တနသာရီတိုင်း၊ ရေဖြူမြို့တွင် ၁ မှု၊ ကယားပြည်နယ် ဘော် လခဲတွင် ၁ မှု၊ ကရင်ပြည်နယ် ၁၅ မှု ဖြစ်ပွားရာ မြဝတီ၌ ၁၀ မှု ဖြစ်ပွားခဲ့သည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင် ၅ မှု၊ ပဲခူးတိုင်းတွင် ၂ မှု၊ မန္တလေးတိုင်းတွင် ၁၈ မှု၊ မွန်ပြည်နယ်တွင် ၆ မှု၊ ရခိုင်တွင် တမှု၊ ရန်ကုန်တွင် ၂ မှုနှင့် ရှမ်းပြည်နယ်တွင် ၁၂၇ မှု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် မတ်လနှင့် ဇွန်လတို့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲသို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် မြန်မာ အလုပ် သမား ၂၀ ကို ယူနန် ဟုန်စီရင်စု တရားရုံးက ထောင်ဒဏ် ၆ လမှ ၁ နှစ်အထိ ပြီးခဲ့သည့် ရက်ပိုင်းက ချမှတ်ခဲ့ပြီး ငွေဒဏ်လည်း ပါဝင်သေးသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကလည်း တရုတ်ဘက်သို့ ခိုးဝင်သည့် မြန်မာ အလုပ်သမား ၆ ဦးတွင် ၂ ဦး ကိုဗစ် ဗိုင်းရပ်စ်ပိုးသည့်အခါ ရွှေလီမြို့ကို လော့ဒေါင်းချပြီး နယ်စပ်ကုန်သွယ်ရေးကို တရုတ်တို့ဘက်က စတင် ပိတ်ပင်ခဲ့ သည်။ နောက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
ရှမ်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “အခု အစိုးရလည်း တရုတ်ကြောက်ရတာပေါ့။ ထုတ်သာ မ ပြောတာ။ အရင် အစိုးရလက်ထက်မှာတော့ ဝန်ကြီး ဦးအောင်မင်းကတော့ တရုတ်ကြောက်ရတယ်ဆိုပြီး ထုတ်ပြော တယ်။ သူကတော့ စကားပြောတာလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တော့ ဗြောင်ကို ဖွင့်ပြောတာ။ ကျုပ်တို့က တရုတ် ကြောက်ရတယ်ဆိုတာ”ဟု ပြောသည်။
မြန်မာ အစိုးရကလည်း မြန်မာနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားများကို ကိုဗစ်ကာလတွင် ကြေ ညာထားသည့် တည်ဆဲ ဥပဒေတွေအတိုင်း အရေးယူမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့်လက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုထားပြီး မည်သို့ အရေးယူထားသည်ကို ယနေ့ အချိန်ထိ ရှင်းလင်းမှု မရှိသေးပါ။
You may also like these stories:
တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ကြော်ငြာတွေကို Facebook ဖယ်ရှား
တရားမဝင် တရုတ်နိုင်ငံသားများကိစ္စ စီမံချက်ဖြင့် လုပ်ဆောင်ရန် မရှိဟု မန်းတိုင်းဝန်ကြီးပြော