သတင်း

ဟင်္သာတမြို့ NLD ဝန်းရံသူများ တိုက်ခိုက်ခံရမှု ၂၆ ဦးကို အမှုဖွင့်ထား

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် တာဂွကျေးရွာရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံ သူများ တိုက်ခိုက်ခံရမှုတွင် ပါဝင်သည် ဟုဆိုကာ ပြည်ထောင်စု ကြံ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူ၂၆ ဦး ကို ဟင်္သာတမြို့ အမှတ်၂ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။

USDP ထောက်ခံသူများက လူအင်အား ၃ ထောင်ကျော်ဖြင့် ဟင်္သာတမြို့ပေါ်တွင် လှည့်လည် အင်အားပြပြီးနောက် အိမ် ပြန်ချိန် တာဂွကျေးရွာ ရောက်သည့်အချိန်၌ NLD အင်္ကျီဝတ်ထားသူများ၊ NLD အလံထောင်ထားသည့် နေအိမ်များကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများက ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်းများ၊ NLD ပါတီ စတစ်ကာ ကပ်ထား သော ကားနှင့် ဆိုင်ကယ်များကို ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟင်္သာတ မြို့နယ် NLD ပါတီက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် NLD ပါတီ ထောက်ခံသူများ ကိုယ်စား ဟင်္သာတမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ ကိုအောင်စည်သူက တရားလိုပြုလုပ်၍ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ကိုဌေးလွင် အပါအဝင်၂၆ ဦးကို ဟင်္သာတမြို့ အမှတ်၂ ရဲစခန်းတွင် စက်တင်ဘာလ ၁၂ ရက်က အမှုဖွင့်လှစ်ခဲ့ရာ ရဲတပ်ဖွဲ့က ပုဒ်မ ၆ ခုဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။

ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က “NLD ပါတီဘက်က လာရောက် အမှုဖွင့် တိုင်ကြားထားပါတယ်။ လောလောဆယ်တော့ အမှုဖွင့်ထားပြီး စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွား မှာပါ” ဟု ဧရာဝတီကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ကိုဌေးလွင်အပါ၂၆ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၃ (သာမန်နာကျင်စေမှု)၊ ၃၃၇ (နာ ကျင်စေမှု)၊ ၂၉၄ (ဆဲဆိုမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု)၊ ၄၂၇ (အကျိုး ဖျက်ဆီးမှု)၊ ၁၁၄ (အားပေးကူညီမှု) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့က သိရသည်။

တရားလိုဖြစ်သူ ဟင်္သာတမြို့နယ် NLD လူငယ်တာဝန်ခံ ကိုအောင်စည်သူက “သူတို့ (ကြံ့ခိုင်ရေးပါတီ) အင်အား ၃ ထောင်ကျော်ထဲကနေ အယောက် ၅၀၀ လောက်က ဝိုင်းရိုက်တာ။ ခဲနဲ့ပစ်တာ ဆိုတော့ ကျနော်တို့ ရိုက်ထားတဲ့ လိုင်းပေါ် တွေ့ရတဲ့ ဓာတ်ပုံတွေ၊ ရုပ်သံဖိုင်တွေ အရ၊ မျက်မြင် သက်သေတွ ထွက်ဆိုချက်အရ ပါဝင်တဲ့သူတွေကို စိစစ်ပြီး အမှုဖွင့် တာ ဖြစ်ပါတယ်။ အမည်မသိရသေးတဲ့ လူတွေလည်း လိုက်ပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။

တာဂွကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများက စတင်၍ ခဲဖြင့်ပစ်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်းများ ပြုလုပ်သည်ဟု NLD ပါတီက စွပ်စွဲထားပြီး၊ ကြံ့ခိုင်ရေးပါတီကလည်း NLD ပါတီ ဝင်များက ရန်ပြု အကြမ်းဖက်သဖြင့် နှစ်ဖက် အပြန်အလှန် ပဋိပက္ခ ဖြစ်ရသည်ဟု ပြောဆိုထားသည်။

ကြံ့ခိုင်ရေးပါတီ ဟင်္သာတမြို့နယ် သတင်းပြန်ကြားရေး တာဝန်ခံ ဦးဌေးဝင်းက “ကျနော်တို့ပါတီ ထောက်ခံသူ ၂၆ ဦးကို တရားစွဲထားတဲ့ အမှုကို ဥပဒေ အတိုင်း ရင်ဆိုင်သွားမှာပါ။ ကျနော်တို့ အင်အားပြ လှည့်လည်ခဲ့တာ ရွာပေါင်း ၁၀၀ ကျော် ရှိတယ်။ ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲဒီ ရွာရောက်တော့ ယာဉ်တန်းကို ဝါးလုံးရှည်ကြီးနဲ့ တားသလို လုပ်တယ်။ သူတို့ထဲက ပါတဲ့ လူက ကားသမားကို ခြေထောက်နဲ့ ကန်တယ်။ နောက်တော့ ခဲနဲ့ပါ ပစ်ပေါက်တဲ့အတွက် ကျနော်တို့ လူတွေက လမ်းမှာ တွေ့တဲ့ ကျောက်ခဲတွေနဲ့ ပြန်ပစ်ကြတာ” ဟု ပြောသည်။

အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများကလည်း တာဂွကျေးရွာမှ NLD ပါတီ ထောက်ခံသူ တချို့ကို ပြန်လည် အမှုဖွင့်ရန် ပြင်ဆင်နေကြောင်းလည်း ဆိုသည်။

လက်ရှိတွင် ဟင်္သာတမြို့နယ် အမှတ်၂ ရဲစခန်းက အမှုဖွင့် တိုင်တန်းထားသည့် NLD ပါတီမှ တရားလို ကိုအောင်စည်သူ ကို စစ်ဆေးရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၈ ရက် နီးကပ်လာသည်နှင့်အမျှ NLD ပါတီနှင့် ကြံံ့ ခိုင်ရေး ပါတီထောက်ခံသူများမှာ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အသီးသီးတွင် လူထောင်နှင့်ချီ စုဝေး လှည့်လည်၍ အင် အားပြမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

You may also like these stories:

ဟင်္သာတတွင် NLD ထောက်ခံသူများ အကြမ်းဖက် တိုက်ခိုက်ခံရ

Loading