၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို အောက်တိုဘာလ၂၉ ရက်မှ စတင် ကောက်ခံခဲ့ရာ ကြို တင် မဲပေးသည့် ရွေးကောက်ပွဲ အကြိုကာလအတွင်း မြန်မာနိုင်ငံဒေသ အနှံ့အပြား၌ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ များစွာ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ကြိုတင်မဲပေးသည့် ကာလအတွင်း ဧရာဝတီ၊ ရခိုင်၊ ရှမ်း၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ ကယားပြည်နယ်တို့တွင် မဲလက်မှတ် များ မှားယွင်းခြင်း၊ တံဆိပ်တုံး အတုဖြင့် မဲပေးခြင်း၊ မဲစာရင်းများ မှားယွင်းခြင်း၊ သတ်မှတ်ရက် မတိုင်မီ ကြိုတင်မဲများ ကောက်ခံခြင်း၊ မဲရုံ တာဝန်ရှိသူများက ရွေးကောက်ပွဲ ဥပဒေနှင့်အညီ မဆောင်ရွက်ခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများစွာ ဖြစ်ပွားခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သည့် အဖွဲ့များနှင့် ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဧရာဝတီတိုင်း၌ ရွေးကောက်ပွဲ စောင့်ကြည့်မှု ဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ (HRDP) မှ ဦးဝင်းနိုင်က “ဧရာဝတီတိုင်းမှာ ကြိုတင်မဲ ပေးတဲ့ကာလမှာ ပြဿနာတွေ တော်တော်များများ တွေ့ရတယ်။ မဲရုံ တာဝန်ရှိသူတွေက ကြိုတင်မဲတွေကို ဘောပင်နဲ့ ခြစ်ခိုင်းတာ၊ ဆန္ဒမဲတွေကို ကျွတ်ကျွတ်အိတ်နဲ့ ထည့်သယ်တာ၊ မဲ ပေးတာမှာ UEC အမှတ်တံဆိပ် မပါတဲ့ တံဆိပ်တုံး အတု ယူလာပြီး မဲပေးတာ၊ ဆန္ဒမဲ လက်မှတ်တွေ မဲဆန္ဒနယ် မှား ပြီး ရောက်နေတာ စသဖြင့် တွေ့ရတဲ့ ပြဿနာတွေကတော့ အများကြီးပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်၌ အမှတ်၂ မဲဆန္ဒနယ်၏ ဆန္ဒမဲ လက်မှတ်များ ရောက်ရှိနေခြင်း၊ သက်ကြီး မဲဆန္ဒရှင်များမှာ ၃ ကြိမ် မဲပေးရမည်ကို မသိဘဲ တကြိမ်သာ မဲပေး၍ ပြန် သွားကြသည့်အတွက် မဲရုံ တာဝန်ရှိသူများက ပြန်လည် ခေါ်ယူ၍ ၃ ကြိမ် မဲပေးခိုင်းရခြင်း၊ မြောင်းမြမြို့၌ ဆန္ဒမဲထည့် သည့် စာအိတ်များထဲတွင်၂၀၁၅ ရွေးကောက်ပွဲမှ မဲစာရွက်များ ပါရှိနေခြင်း စသည့် ပြဿနာများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ပုသိမ်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့၌ UEC တံဆိပ်တုံးဖြင့် မဲမပေးဘဲ မဲပေးခန်းသို့ ကိုယ်ပိုင် တံဆိပ်တုံး ယူဆောင်လာပြီး မဲပေးခြင်း၊ ပန်းတနော်မြို့နယ်၌ ကြိုတင်မဲ ထည့်သည့် စာအိတ်များ အရောင်၂ မျိုး ဖြစ်နေခြင်း၊ မအူ ပင်မြို့နယ်တွင် ကြိုတင်မဲများကို ပလပ်စတစ်အိတ်ဖြင့် ထည့်သယ်ခြင်း၊ ကြံခင်းမြို့နယ်တွင် သက်ကြီး မဲဆန္ဒရှင် တဦး မှ လက်တုန်နေ၍ မဲရုံမှူးအား ၎င်းကိုယ်စား NLD ပါတီအား တံဆိပ်တုံးထုမဲပေးရန် ပြောသည်ကို မဲရုံမှူးက နှင်းဆီ ပါ တီအား တံဆိပ်တုံး ထုပေးခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ ဖြစ်ပွားခဲ့သည်။
မကွေးတိုင်း မင်းတုန်းမြို့နယ်၌ ကော်မရှင် တာဝန်ရှိသူများက UEC တံဆိပ်တုံး အစစ် မသုံးဘဲ သရုပ်ပြ တံဆိပ်တုံး အတု သုံး၍ မဲပေးစေခြင်း၊ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၌ ကြိုတင်မဲပေးသည့် တံဆိပ်တုံးများ ပျောက်ဆုံးခြင်း၊ ပဲခူး တိုင်း၊ ဇီးကုန်းမြို့နယ်တွင် ကြိုတင်မဲ ကောက်ချိန် မတိုင်မီ အောက်တိုဘာလ ၂၇ ရက်က စတင်၍ ကြိုတင်မဲများကောက်ခံခဲ့ခြင်း၊ ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်တွင် ကြိုတင်မဲ လက်မှတ်များ မဲဆန္ဒနယ် မှား၍ ရောက်ရှိနေခြင်း၊ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ လောက်ကိုင်မြို့နယ်တွင် အုပ်ချုပ်ရေး တာဝန်ရှိသူများက မဲ ပေးသူများကို ၎င်းတို့ လိုလားသည့် ပါတီကိုသာ မဲပေးရန် ဖိအားပေးခြိမ်းခြောက်ခြင်း၊ မဲရုံအတွင်း ပြည်သူ့စစ် ယူနီ ဖောင်း ဝတ်ထားသူများ ရောက်ရှိနေခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာ အုပ်စုအတွင်း အောက်တိုဘာ၂၉ နှင့် ၃၀ ရက်က အသက် ၆၀ ကျော် သက်ကြီးမဲဆန္ဒရှင်များအား ကြိုတင်မဲကောက်ယူခဲ့ရာ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသား လွှတ်တော်နေရာတွင် တခြား မဲဆန္ဒနယ်များမှ မဲလက်မှတ်များ ဖြစ်နေပြီး မဲလက်မှတ် ၄၀၀ နီးပါးမှားယွင်းခဲ့သည့် အတွက် ကျောက်ကြီး ကျေးရွာအုပ်စု၌ ဒုတိယအကြိမ် ဆန္ဒမဲပြန်လည်ကောက်ခံရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် ကိုယ်စားလှယ်လောင်းများ ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်း မဲဆန္ဒနယ်မှ NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း (ခ) ဦးစိုးလေးက “မှားတာက တော့ အပေါ်စာအိတ်မှာ ရေးထားတာကတော့ မဲဆန္ဒနယ် အမှတ် ၁၁ ဆိုပြီး ပါပေမယ့် အထဲက မဲလက်မှတ်တွေက မှားနေ တယ်။ ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦး အဲဒီဘက်က လူတွေ ဖြစ်နေတယ်။ လူတွေက၂ ရက် ဆက် တိုက် မဲပေးပြီးမှ မဲလက်မှတ်တွေက တခြားနေရာက ဖြစ်နေတယ်။ မှားတဲ့အပေါ်လည်း ဘယ်သူမှလည်း တာဝန်မခံ ကြဘူး” ဟု ဧရာဝတီကို ပြောသည်။
မြန်မာပြည် အနှံ့အပြား၌ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများ ကြိုတင်မဲ ကောက်ယူရာတွင် လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးမှု အားနည်းနေခြင်း၊ ကြိုတင်မဲ ကောက်သူများမှာ နိုင်ငံရေးပါတီ အမှတ်တံဆိပ်ပါသည့် အဝတ်အစားနှင့် အသုံးအဆောင် ပစ္စည်းများ အသုံးပြုခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု အားနည်းချက်များ တွေ့မြင်ရ ကြောင်း ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သော ပဉ္စမမဏ္ဍိုင် (The Fifth Pillar) အဖွဲ့က ဆိုသည်။
The Fifth Pillar အဖွဲ့၏ ရှေ့နေနှင့် Program Director ဦးနေဝင်းနိုင်က “ကြိုတင်မဲ ပေးပေး၊ မဲရုံမှာပဲ ပေးပေး အဓိက က လျှို့ဝှက်မဲပေး စနစ်လို့ ပြောတယ်။ တစုံတယောက်အနေနဲ့ သွားပြီး ချောင်းကြည့်တာ၊ ခိုးကြည့်တာတို့ လုပ်လို့ မရ ဘူး။ အဲဒါကြောင့် ဓာတ်ပုံ၊ ဗီဒီယိုတို့ သတင်းဌာနတွေ ကိုတောင်မှ ယူခွင့် ပေးမထားဘူး။ ဒါပေမယ့် အခု ကြိုတင်မဲ ပေးတဲ့အခါမှာ လျှို့ဝှက်ဆန္ဒမဲ ပေးခန်းတွေ မရှိဘဲ အဆင်ပြေသလိုမျိုး လူရှေ့သူရှေ့မှာ ပွင့်လင်းမြင်သာမှု အရမ်းဖြစ် တာ၊ လျှို့ဝှက်မဲပေး စနစ်ကို သွားပြီး ထိခိုက်တာမျိုးတွေ တွေ့ရတယ်” ဟု သူက ပြောသည်။
ရွေးကောက်ပွဲ အကြိုကာလ ကြိုတင်မဲ ကောက်ခံချိန်တွင် ယခုလို မြန်မာနိုင်ငံအနှံ့ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေခြင်းမှာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ မဲရုံမှူးများကို သင်တန်းများ ကောင်းမွန်စွာ ပေးမထားခြင်း၊ ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များကို အသိပညာပေးမှု အလွန်အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သည့် အဖွဲ့များက ပြောဆိုသည်။
ပဉ္စမမဏ္ဍိုင် (The Fifth Pillar) အဖွဲ့၏ ရှေ့နေနှင့် Program Director ဦးနေဝင်းနိုင်က “မဲရုံတွေမှာ တာဝန်ရှိတဲ့သူကို သင်တန်းပေးတဲ့ ကိစ္စမှာ နည်းနည်း သံသယ ရှိတယ်။ ဒီလုပ်ငန်းစဉ်တွေကို သိတိုင်း သင်တတ်တာ မဟုတ်ဘူး။ ကိုယ်သိတာ တခုကို သူများကို ပြန်ပြောတဲ့အခါ ဘယ်လို နားထဲ ရောက်အောင် ပြောမှာလဲ။ ဘယ်လို သတင်း စကား ပေးမှာလဲ ဆိုတာက အနုပညာတရပ်လို့ မြင်တယ်။ အခု လေ့လာမိသလောက်ဆိုရင် အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ ခွဲတွေက အဆင့်ဆင့်သော ကော်မရှင်တွေကို ပြန်ပြီး သင်တန်းပေးတဲ့အခါ သင်တန်းတွေရဲ့ Quality အပိုင်းမှာ အားနည်းချက်တွေ ရှိပြီး အခုလို ပြဿနာတွေ ဖြစ်လာတယ်လို့ မြင်တယ်” ဟု ပြောသည်။
HRDP အဖွဲ့မှ ဦးဝင်းနိုင်ကလည်း “အခုလို ပြဿနာတွေ ပေါ်ပေါက်လာရတဲ့ အဓိက အကြောင်းအရင်း၂ ခု ရှိပါတယ်။ ပထမ တခုကတော့ ရပ်ကျေး ကော်မရှင်တွေ၊ မဲရုံမှူးတွေကို ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းတွေ ထိထိရောက် ရောက် ပေးမထားလို့ ဖြစ်တယ်။ ဒုတိယ တချက်ကတော့ မဲဆန္ဒရှင် ပညာပေးမှု အရမ်းအားနည်းတာကြောင့် ဖြစ် တယ်။ မဲရုံကို ကိုယ့်အိမ်ကနေ တံဆိပ်တုံး ယူလာပြီး အဲ့ဒါနဲ့ထုပြီးမဲပေးတယ်ဆိုကလည်းက ပြည်သူတွေမှာ ရွေး ကောက်ပွဲ အသိပညာ ဘယ်လောက် အားနည်းနေတယ် ဆိုတာ သိမြင်နိုင်ပါတယ်” ဟု ပြောသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံတဝန်း၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်၏စာရင်းများအရ မြန်မာ တနိုင်ငံလုံးတွင် မဲပေးနိုင်သူ ဦးရေ ၃၇ သန်းကျော် ရှိ ကြောင်း သိရသည်။
You may also like these stories:
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ