ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လွယ်အံတင်းကျေးရွာအုပ်စုပတ်ဝန်းကျင်တွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေး အခြေအနေ မတည်ငြိမ်သဖြင့် နေရပ်စွန့်ခွာကာ ကျောက်မဲမြို့ပေါ်သို့ လာရောက်ခိုလှုံသူ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၆၀၀ ကျော် ရှိပြီဟု သတင်းရရှိသည်။
လွယ်အံတင်းကျေးရွာအုပ်စုမှ နေရပ်စွန့်ခွာလာသူများမှာ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ ဝါဆိုဘုန်းကြီးကျောင်း၊ မန်ကောင်းမူ မူလတန်းကျောင်းနှင့် သန္တိသုခဓမ္မာရုံတို့တွင် ခိုလှုံနေကြသည်။
လွယ်အံတင်းကျေးရွာအုပ်စုမှ ထွက်ပြေးလာသူများကို ကယ်ဆယ်ရေးလုပ်ပေးနေသည့် အိုမ်တမာဝ် လူမှုကူညီရေး အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုတမိုင်းက “မနေ့ကထိ ရောက်လာတဲ့ စာရင်းက ၆၀၆ ဦးရှိပါပြီ။ ဒီနေ့ထပ်တိုး လာတာဆို ၆၅၀ လောက် ရှိပါပြီ။ ထပ်ပြီးလည်း ဆင်းလာနေပါတယ်။ ကျနော်တို့ အခုသွားကြိုနေပါတယ်” ဟု ပြောသည်။
လွယ်အံတင်းကျေးရွာအုပ်စုအတွင်း ဒေသခံများမှာ ၎င်းတို့ စားဝတ်နေရေးအတွက် အသုံးပြုနေသည့် ကျွဲနွားများ ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် အမျိုးသားအချို့က အိမ်စောင့်ကျန်နေခဲ့ပြီး သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများကို တိမ်းရှောင်ခိုင်းသဖြင့် ထွက်ပြေးလာသူ အများစုမှာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပိုများသည်ဟု ကိုတမိုင်းက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်အထိ ကျောက်မဲမြို့သို့ ထွက်ပြေးလာသူဦးရေမှာ ၅၀ ခန့်သာ ရှိခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်ညပိုင်းတွင် ၆၀၀ အထိ တိုးလာသဖြင့် ညပိုင်းက အိပ်ယာအခင်းနှင့် စောင်အလုံအလောက် မရရှိခဲ့ကြောင်းလည်း သိရသည်။
ကျောက်မဲမြို့နယ်သည် ဆောင်းတွင်း၌ အအေးကဲသည့် ဒေသဖြစ်ကာ ညပိုင်းတွင် အအေးချိန်မှာ ၉ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသည်။
ကိုတမိုင်းက “အဓိကတော့ စောင်၊ခြင်ထောင်နဲ့ အခင်းတွေ လိုတယ်။ ကျောက်မဲက အအေးတအားပိုတယ်။ အခင်း ကလည်း ကောဇောတထပ်တည်း ခင်းထားတော့ သံမံတလင်းနဲ့ နေရတာ အဆင်မပြေဘူး။ ညကအိပ်ရတဲ့ အခြေအနေ သူတို့ဒီမနက်ပြောတာ အရမ်းအေးတယ်တဲ့။ သက်ကြီးရွယ်အိုတွေ ကလေးတွေဆိုတော့ သူတို့ သိပ်အဆင်ပြေပုံမရဘူး။ ရွာမှာကျတော့ မီးဖိုနား ဖိုပြီးအိပ်လို့ရတယ်။ ဒီတိုင်းကြာရင်တော့ သူတို့အတွက် စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်” ဟု ပြောသည်။
လွယ်အံတင်းကျေးရွာအုပ်စုအတွင်းမှ ထပ်မံထွက်ပြေးလာသူများရှိနေသဖြင့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေမှာလည်း ထပ်တိုးမည့် အခြေအနေ ရှိနေဆဲ ဖြစ်သည်။
ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ လွယ်အံတင်း ကျေးရွာ အုပ်စုတွင် နေထိုင် သူ ဒေသခံဦးရေ ၁၄၀၀ ကျော်ရှိသည်။
အိုမ်တမာဝ်လူမှုကူညီရေးအသင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များကို မေးမြန်းထားချက်အရ လွယ်အံတင်း ကျေးရွာ အုပ်စု အတွင်းရှိ နေအိမ်များတွင် RCSS တပ်ဖွဲ့က ကတုတ်ကျင်းများ တူးကာ နေရာယူခြင်း၊ ကျေးရွာအတွင်း စစ်သားများ အဝင် အထွက် များနေသဖြင့် တိုက်ပွဲဖြစ်ပါက ကြားညှပ်မည်ကို စိုးရိမ်သဖြင့် ပြေးလာကြသူများ ဖြစ်သည်ဟု ပြောသည်။
ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “ကျနော်တို့ ကြားထားတဲ့ သတင်းအရ အဲ့ဒီ့ဒေသမှာ RCSS က အကုန်ရောက်ထားပြီ။ TNLA ဘက်က ပြန်လာပြီး တိုက်မယ် သတင်းကြားတော့ သူတို့ ကတုတ်ကျင်းတူးတာ ဖြစ်မယ်။ ကျနော်တို့ သူတို့ ဆက်ဆံရေးရုံးရော မေးတာအရ သူတို့ ရွာပြင်မှာ ခံစစ်အနေအထားနဲ့ နေနေတာရှိတယ်လို့ သိရပါတယ်။ ရွာနဲ့တော့ နီးမှာပေါ့။ စစ်အင်အားတွေတော့ အများကြီး ဖြည့်တင်းနေတယ်တဲ့။ အခုတော့ နှစ်ဖက်တပ်တွေလည်း မရှိသလောက် ဖြစ်နေပြီး တိုက်ပွဲဆက်ဖြစ်မယ့် အခြေအနေ မရှိဘူးလည်း သိရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေသည့် နေရာများသို့ အကူအညီပေးရန် ဒေသခံပရဟိတအသင်းများအပြင် Save The Children နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC )တို့ကလည်း အကူအညီများပေးသဖြင့် ယနေ့ညတွင် အစားအသောက် နှင့် အိပ်ယာခင်း၊ စောင်များအတွက် လုံလုံလောက်လောက်ရှိမည်ဟု ယူဆကြောင်း ဦးစိုင်းထွန်းဉာဏ်က ဆိုသည်။
လွယ်အံတင်းကျေးရွာအုပ်စုသည် တအန်း (ပလောင်) လူမျိုးများ နေထိုင်သည့် ကျေးရွာအုပ်စုဖြစ်ကာ TNLA တပ်ဖွဲ့ဝင်များ ဝင်ထွက်လှုပ်ရှားနေသည့် နေရာဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၂၅ ရက်တွင် နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ပြီး နောက် ကျေးရွာပတ်ဝန်းကျင်တွင် RCSS တပ်ဖွဲ့ဝင်များ နေရာယူထားသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားရခြင်း အကြောင်းနှင့်ပတ်သတ်၍လည်း TNLA က ၎င်းတို့ ရှိသည့် နေရာကို RCSS က လာတိုက်ခိုက်ခြင်း ကြောင့် အစပြုသည်ဟု သတင်းထုတ်ပြန်ထားပြီး RCSS က ၎င်းတို့ရှိသည့် နေရာကို TNLA ဘက်မှ စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကာ ငြင်းခုန်မှုများရှိနေသည်။
TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၂၈ ရက်၊ ညနေ ၅ နာရီခန့်တွင် TNLA တပ်ဖွဲ့များရှိသည့် လွယ်အံတင်း ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာသို့ RCSS ဘက်မှ လာရောက်တိုက်ခိုက်သည်ဟု သတင်းထုတ်ပြန် ထားသည်။
မြေပြင်အခြေအနေနှင့်ပတ်သတ်၍ မေးမြန်းရန် TNLA ၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
RCSS ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ဒီဇင်ဘာ ၂၆ ရက်၊ ညနေပိုင်းမှစ၍ TNLA နှင့်
ပစ်ခတ်မှု မရှိတော့ဘဲ နှစ်ဖက် တင်းမာသည့် အနေအထားဖြင့် ဆိုင်ထားခြင်းသာ ရှိသည်ဟု ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “စစ်ရေးအခြေအနေကတော့ တင်းမာမှုတော့ နည်းနည်းရှိနေဆဲပဲ။ TNLA က RCSS တပ်ဖွဲ့တွေကို မတိုက်ချင်တော့ဘူးဆိုမှပဲ တိုက်ပွဲက ငြိမ်မယ်ထင်တယ်။ အခု RCSS က စပြီး သွားတိုက်တာ မရှိဘူး။ ဒီ ၃ ရက်အတွင်း တိုက်ပွဲမရှိဘူး။ လူထုတွေ ကြောက်လန့်အောင် သူတို့ဘာသာ တိုက်ပွဲအတု ဆင်နေတာဖြစ်မယ်” ဟု ပြောသည်။
စစ်ဘေးရှောင်ဒုက္ခသည်များ၏ ၎င်းတို့၏ ကျေးရွာများအတွင်း RCSS တပ်ဖွဲ့ဝင်များက ကတုတ်ကျင်းများ တူးခြင်း၊ ဝင်ထွက် သွားလာနေခြင်းများကြောင့် ကြောက်လန့်ကာ ထွက်ပြေးရခြင်း ဖြစ်သည်ဟု ပြောဆိုချက်နှင့် ပတ်သတ်၍ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ၎င်းတို့ တပ်ဖွဲ့က ရွာများအတွင်း ဝင်ရောက်ကာ စစ်ရေးပြင်ဆင်ခြင်း မရှိဟု ငြင်းချက်ထုတ်သည်။
TNLA နှင့် RCSS ၂၀၁၆ ခုနှစ်မှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ခိုက်မှုများ ဖြစ်ပွားကာ နှစ်ဖက်တပ်များအကြား စစ်ရေးအရ ပြေလည်ခြင်း မရှိပါ။
ကျောက်မဲမြို့နယ်အပြင် နမ္မတူမြို့နယ်တွင်လည်း TNLA နှင့် RCSS နယ်မြေအငြင်းပွားမှုကြောင့် ဒီဇင်ဘာအတွင်း တိုက်ပွဲ ဖြစ်ပွားမှုများ ရှိသည်။
နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဉ်ကလည်း တိုက်ခိုက်မှုများ ဖြစ်သည့် ပတ်ဝန်းကျင်မှ ဒေသခံ ၃ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရကာ ဒေသခံ ၃၀၀ ခန့်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဘေးကင်းသည့် မန်စံကျေးရွာ ကြီးတွင် ရက်သတ္တပတ်ခန့် ခိုလှုံခဲ့ရသည်။
TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် တစုံတရာချုပ်ဆိုထားခြင်း မရှိဘဲ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နိ၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ ၊ မိုးမိတ် မြို့နယ်တို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်လည်း လှုပ်ရှားသည်။
RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုထားပြီး အစိုးရဦးဆောင်ကျင်းပနေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးလျက် ရှိသည်။
အပစ်ရပ်စာချုပ် ချုပ်ဆိုထားသော်လည်း တပ်မတော်နှင့် စစ်ရေးတင်းမာမှုများ၊ တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားခြင်း ရှိသည့်အပြင် နိုဝင်ဘာအတွင်း ကျောက်မဲမြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် RCSS က နယ်မြေကျော်လွန် လှုပ်ရှား သဖြင့် ပဋိပက္ခဖြစ်ရသည်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသည်။
RCSS သည် ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း၊ လွယ်တိုင်းလျန်းဒေသတွင် ဌာနချုပ် အခြေစိုက်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လှုပ်ရှားသည်။
တပ်မတော်၊ TNLA နှင့် ရှမ်းပြည်တိုးတတ်ရေး ပါတီ (SSPP) တို့က RCSS သည် NCA ထိုးပြီးနောက်မှ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အင်အားရာနှင့်ချီ၍ ရောက်လာကာ နယ်မြေချဲ့ထွင်လှုပ်ရှားခြင်းများ ပြုလုပ်သည်ဟု ပြောဆိုထား သော်လည်း RCSS သည် ၎င်းတို့အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေသည်မှာ နှစ်ကာလကြာမြင့်နေပြီဖြစ်ကာ ရှမ်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်၏ နေရာအနှံ့တွင် လှုပ်ရှားသွားလာနိုင်သည်ဟု တုန့်ပြန်ထားသည်။
You may also like these stories:
စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲဒေသခံများ ထွက်ပြေးနေရ
မြိုင်ကြီးငူက ကရင်စစ်ရှောင်များကို ပြန်လည်နေရာချပေးတော့မည်
ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ