ရှမ်းတိုင်းရင်းသား ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦး သည် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်၍ နိုင်ငံရေးလောကမှ အနားယူပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
SNLD ပါတီကို တည်ထောင်ခဲ့ပြီး ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ပြီးနောက် အသက်အရွယ်ကြီးရင့်လာသဖြင့် ကျန်းမာရေးအရ ပါတီမှနုတ်ထွက်ကာ နိုင်ငံရေး လောကမှ အနားယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဒု ဥက္ကဋ္ဌ – ၁ ဦးစိုင်းညွန့်လွင်က “ဦးခွန်ထွန်းဦးက နုတ်ထွက် တာ မဟုတ်ပါဘူး။ နိုင်ငံရေးက အနားယူသွားတာပါ။ အသက်ကြီးလာလို့ ကျန်းမာရေး အခြေအနေကြောင့်ပါ။ တခြား တော့ မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
သို့သော်လည်း ဦးခွန်ထွန်းဦး ကိုယ်တိုင်ကမူ အသက်အရွယ်အရ ၇၈ နှစ်ဖြစ်နေခြင်းနှင့် ပါတီတွင်း အမြင် သဘောထား ကွဲလွဲမှုများ ရှိနေသဖြင့် ပါတီမှ နုတ်ထွက်ကာ အနားယူသွားခြင်း ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းဌာနကို ပြောဆိုထားသည်။
ဦးခွန်ထွန်းဦးသည် ၂၀၁၈ ခုနှစ်မှစတင်၍ SNLD ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့ သော်လည်း ပါတီ ခေါင်းဆောင်များက မေတ္တာရပ်ခံသည့်အတွက် ဥက္ကဋ္ဌ ရာထူးကို လက်ခံဆောင်ရွက်ခဲ့သည်။
၂၀၂၀ စက်တင်ဘာလ ၂၇ ရက်တွင် ၎င်းတည်ထောင်ခဲ့သည့် SNLD ပါတီမှ နုတ်ထွက်ပါသည်ဟု ပြည်တွင်း အခြေ စိုက် 7 Days News သတင်းစာတွင် ကြေညာထည့်သွင်းကာ အသိပေးခဲ့သေးသည်။ သို့သော် ပါတီဗဟို အလုပ်အမှု ဆောင် အဖွဲ့၏ မေတ္တာရပ်ခံချက်အရ အောက်တိုဘာလ ၃ ရက်တွင် ဥက္ကဋ္ဌတာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
သို့သော် ဦးခွန်ထွန်းဦးမှာ ပါတီဥက္ကဋ္ဌ တာဝန်ပြန်လည်ထမ်းဆောင်ပြီးနောက် ၃ လကျော်အကြာတွင် SNLD ပါတီမှ နုတ်ထွက်ကာ နိုင်ငံရေး လောကမှ အပြီးအပိုင် အနားယူခြင်း ဖြစ်ကြောင်း သိရသည်။
ဦးခွန်ထွန်းဦးသည် ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် ၁၉၄၃ ခုနှစ်၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် အသက် ၇၈ နှစ်အရွယ် ရှိနေပြီဖြစ်သည်။ ၎င်းသည် ၁၉၈၈ လူထုအရေးတော်ပုံကာလ နောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ထူထောင်ခဲ့ ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ SNLD ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာ ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် SNLD ၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပြီး၂၀၀၅ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။
You may also like these stories:
SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ရာထူးက နှုတ်ထွက်မှုအပေါ် သူတို့အမြင်
ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနားယူမည့် သတင်း SNLD အတည်ပြုခြင်း မရှိ