ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများအနက် အကြီးဆုံးစခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ကျော်အား ထိုးနှံရန်အတွက် ထိုင်းအာဏာပိုင်များဘက်မှ လှူဒါန်းထားကြောင်း သိရသည်။
အဆိုပါ ရရှိုသည့် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ အား ဦးစားပေး အဆင့်အနေဖြင့် အသက် ၆၀ အထက်နှင့် နာတာရှည် ရောဂါအခံရှိသူများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း ကရင်ဒုက္ခသည် ကော်မတီ (KRC) ဥက္ကဋ္ဌ စောရောဘတ်ထွေးက ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ (KRC) ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ထိုင်းဘက်က အလှူရှင်တွေက ဒုက္ခသည်စခန်းကို ပေးတာ။ ဆေးကတော့ မလောက်ဘူး။ အကုန်လုံးပေါင်းမှ ၄ ထောင်ကျော်ပဲ ရှိတဲ့အခါကျတော့။ အခုက မယ်လစခန်း တခုအတွက်ပဲ အလှူပေးထားတာ။ တခြားစခန်းတွေ အတွက်က ဘာသတင်းမှ မကြားသေးဘူး” ဟု ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ထိုင်းဘုရင့်သမီးတော်မှ လှူဒါန်းခြင်းဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် လူဦးရေ ၄၀၀၀ ကိုရွေးချယ်၍ အုပ်စု ၃စုခွဲကာ ရွေးချယ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာတော့ ပထမအုပ်စုအနေဖြင့် အသက် ၆၀ အထက်အုပ်စု၊ နာတာရှည်ရောဂါသည်အုပ်စု၊ ကိုယ်ဝန်ဆောင်အုပ်စု အနေဖြင့် ခွဲခြားထားသည်။
မယ်လစခန်းအတွင်း ကာကွယ်ဆေးကို စက်တင်ဘာလ ၂၀ ရက်က စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
“ထိုင်းအစိုးရကတော့ စခန်းက တာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီး အစည်းအဝေးထိုင်ပြီးတော့ ဆေးရရှိဖို့အတွက် ဆက် လုပ်ကြမယ်။ စခန်းကလူတွေကတော့ ဆေးလာထိုးပေးမယ်။ စာရင်း ဘယ်လောက်ရှိတယ်ဆိုတာပဲ ပြောပြကြတယ်။ ဆေးထိုးချင်ကြတဲ့သူတွေ တော်တော်များများရှိတယ်။ အားလုံးကို ထိုးပေးချင်တာ။ ဆေးက မရှိတော့ပြဿနာပဲလေ။ ကူညီနိုင်တဲ့ အလှူရှင်တွေ ရှိရင်တော့ ကောင်းတာပေါ့” ဟု စောရောဘတ်ထွေးကပြောသည်။
လက်ရှိ မယ်လစခန်းအတွင်း နေထိုင်သူ လူဦးရေမှာ ၃ သောင်းကျော် ၄ သောင်းနီးခန့်ရှိပြီး ယခုအကြိမ်မှာ လူ ၄၀၀၀ ကျော်ကို ကနဦး ထိုးနှံပေးပြီးနောက်တွင် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ကူးစက်ခံရသူ ၇၀ ကျော်နီးပါးခန့်ရှိခဲ့ပြီး ဆက်စပ်လူနာများကို ကွာရန်တင်းထားရာ လူမနိုင်တော့သည့်အတွက် Stay at home နေထိုင်ရန် စီစဉ်ထားကြောင်း၊ ကိုဗစ်ကြောင့် စခန်းအတွင်း နေထိုင်သူ ၄ ဦးသေဆုံးခဲ့ကြောင်း မယ်လစခန်းမှ တာဝန်ရှိသူတဦးကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက မယ်လအူးဒုက္ခသည်စခန်းနှင့် မယ်ရာမိုဒုက္ခသည်စခန်းတို့မှာရှိသည့် ကျန်းမာရေး ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသများအတွင်း လက်နက်ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများကို နှစ် ပေါင်း ၃၀ ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့်ပေးထားသည့် ထိုင်း – မြန်မာနယ်စပ်တွင် ကရင်နှင့် ကရင်နီဒုက္ခသည်စခန်း ၉ ခုရှိပြီး လူပေါင်း ၉ သောင်းကျော် နေထိုင်လျက်ရှိသည်။
You may also like these stories:
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုး
မဲဆောက်မှ မြန်မာလုပ်သားများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
ထိုင်းရောက်လုပ်သားများ ကိုဗစ်ကာကွယ်ဆေးထိုးရန် ဒေါက်တာ စင်သီယာမောင် တိုက်တွန်း