နေပြည်တော်ကို ယခုလ ၇ ရက်နေ့တွင် တရားဝင်သွားရောက်လည်ပတ်မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်သလို ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံနိုင်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားသည်။
ဘန်ကောက်ပို့စ် သတင်းတွင် အာဆီယံအဖွဲ့အကြောင်း ဝေဖန်သုံးသပ်ချက်များရေးသားသော သတင်းစာဆရာ Kavi Chongkittavorn က ထိုအခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီ ကိုယ်စားလှယ်များအား ဝန်ကြီးချုပ် ဟွန်ဆန်နှင့်တွေ့ဆုံခွင့်ပေးနိုင်ကြောင်း ရေးသားထားသည်။
အာဆီယံအဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျယူထားရသော ကမ္ဘောဒီးယားသည် မြန်မာ့တပ်မတော်နှင့် အလုပ်လက်တွဲလုပ်ဆောင်လိုကြောင်းပြောကြား ထားပြီး နိုင်ငံခြားရေးဝန်ကြီး Park Sokonn ကိုလည်း ဒီဇင်ဘာလအတွင်းက နေပြည်တော်ကို စေလွတ်ခဲ့ပြီးဖြစ်သည်။
အာဆီယံဝန်ကြီးများ၏ တွေ့ဆုံပွဲကို ကမ္ဘောဒီးယားက Siem Reap ၌ ဇန်နဝါရီလ ၁၉ ရက်တွင် စီစဉ်ထားသောကြောင့် ထိုတွေ့ဆုံပွဲ မတိုင်ခင် ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာပြည် သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ဘန်ကောက်ပို့စ် သတင်း အဆိုအရ ဝန်ကြီးချုပ်ဟွန်ဆန်အနေနှင့် သူ၏ခရီးစဉ်တွင် လက်ချည်းသပ်သပ်ပြန်လာရလိမ့်မည်ဟု မမျှော်လင့်ကြောင်း ခန့်မှန်းရေးသားထားသည်။ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ခရီးစဉ်မတိုင်ခင် တောင်းဆိုမှုများ၊ စည်းကမ်းချက်များ မထားရှိဟု သတင်းစာကရေးသားထားသည်။
ဇန်နဝါရီလ ၁၉ ရက် Siem Reap တွင်ပြုလုပ်မည့် အာဆီယံဝန်ကြီးများအစည်းအဝေးတွင် ဥက္ကဋ္ဌ နေရာယူထားသူ ကမ္ဘောဒီးယားက မြန်မာပြည်အကြောင်းအချိန်မီ သတင်းတင်ပြနိုင်ရန် ကြိုးစားနေကြောင်းရေးသားထားသည်။ ဘရူနိုင်းနိုင်ငံက ၂၀၂၁ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ပြီး မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်း မပြုခဲ့ပေ။ မြန်မာပြည်တွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းသည် တရားမဝင်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် အာဆီယံအဖွဲ့က မြန်မာနှင့် သဘောတူညီခဲ့သော ဂျကာတာ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာ အာဏာသိမ်းစစ်ကောင်စီက အကောင်ထည်ဖော်ခြင်းမရှိဟု ဝေဖန်ခဲ့သည်။
You may also like these stories:
ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ဖိတ်ခွင့်ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချအပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သွား
မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး