ချင်းပြည်နယ်၊ မတူပီမြို့နယ်ဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ် သော မင်းတပ် CDF က ကြားဖြတ်ပြီး ခြုံခိုက်တိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်သား သေဆုံး၊ ဒဏ်ရာရရှိမှု များပြားကြောင်း မင်းတပ် CDF အဖွဲ့ထံမှ သိရသည်။
စစ်ကား ၇၀ ကျော်ပါ မတူပီ-မင်းတပ် ကားလမ်းမအတိုင်း ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်တိုင်အမှတ် ၅၂ နှင့် ၄၅ ကြား မင်းတပ် CDF အဖွဲ့က နှစ်ဖွဲ့ခွဲကာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး ပြီး ဒဏ်ရာရ သူလည်း များပြားကြောင်း မင်းတပ် CDF အဖွဲ့ ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “မနေ့က စစ်ကောင်စီယာဉ်တန်းကို ကျနော်တို့အဖွဲ့က ဗျူဟာမှူးဦးစီးတဲ့အဖွဲ့နဲ့ တပ်ရင်းမှူးဦးစီးတဲ့အဖွဲ့ ၂ ဖွဲ့ခွဲပြီး ကြားဖြတ် တိုက်ခိုက်တာပေါ့။ ဗျူဟာမှူးဦးစီးတဲ့အဖွဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာတော့ စစ်ကောင်စီဘက်က ၅ ယောက် သေ တယ်။ သူတို့ အရှေ့ကို အာရုံစိုက်နေတဲ့အချိန် တပ်ရင်းမှူးအဖွဲ့က နောက်ကနေပတ်ပြီး တိုက်ခိုက်တာမှာ ၇ ဦး သေပြီးတော့ စစ်ကောင်စီဘက်က ဒဏ်ရာတော်တော်များများ ရတယ်” ဟု ဆိုသည်။
အဆိုပါ မေ ၄ ရက် ထိတွေ့တိုက်ပွဲအပြီး ပြန်ဆုတ်လာစဉ် ညနေ ၆ နာရီကျော်အချိန်တွင် မင်းတပ် CDF တပ်ဖွဲ့ဝင် ၁ ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားခဲ့ကြောင်း မင်းတပ် CDF အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ဧပြီ ၂၇ ရက်က မတူပီမြို့နယ်အတွင်းမှ ပြန်ဆင်းလာစဉ် မတူပီ CDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ဧပြီ ၃၀ ရက် မင်းတပ်မြို့နယ်ထဲသို့အဝင် မိုင်တိုင်အမှတ် ၇၀ အနီးတွင်လည်း မင်းတပ် CDF အဖွဲ့က ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။
မင်းတပ် CDF တပ်ဖွဲ့မှ တပ်မဟာမှူးတဦးက “စစ်ကောင်စီယာဉ်တန်းမှာ တင့်ကား အပါအဝင် စစ်ကား ၇၃ စီးနဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတယ်။ ကျနော်တို့က ပြောက်ကျားတိုက်ခိုက်တာဆိုတော့ ယာဉ်တန်းကို အဓိကတိုက်တာ မဟုတ်ဘူး။ ကားကြီးပျက်စီးသွားလို့ ကျနော်တို့အတွက် ဘာမှမရဘူး။ အဓိက စစ်ကောင်စီတပ်သားတွေ အရှေ့ပွိုင့်နဲ့ အနောက်ပွိုင့်ကို အဓိက တိုက်ခိုက်တာပါ။ သူတို့ဘက်က သေဆုံးမှုကို ထုတ်ပြန်တဲ့အထဲမှာလည်း ကျနော်တို့ ပြောက်ကျားတိုက်ခိုက်မှု ကြောင့် သေသွားတဲ့ မျက်မြင်အရေအတွက်တွေ ဖြစ်တယ်။ နောက် မိုင်းကွင်းထဲကိုဝင်လာလို့ မိုင်းဆွဲတိုက်ခိုက်တာမှာ လည်း သေဆုံးတာတွေ ရှိနိုင်သေးတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။
စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားနေသည့် အဆိုပါ မတူပီ-မင်းတပ် ကားလမ်းအနီးဝန်းကျင်ရှိ ဒေသခံကျေးရွာများ မှာလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံချင်းတိုင်းရင်းသား ၁၀၀၀ ကျော်မှာ တောတောင်ထဲ ထွက်ပြေး နေရကြောင်း မင်းတပ်မြို့ခံများက ပြောသည်။
မင်းတပ်မြို့ခံတဦးက “စစ်ကောင်စီက ရွာကို မီးရှို့တာက လုပ်ရိုးလုပ်စဉ် ဖြစ်နေတယ်။ ရွာသားတွေကလည်း စစ်ကောင်စီ ရွာနားကို မရောက်ခင်ကတည်းက ကြိုရှောင်တာပေါ့။ အခု အဲဒီရွာသားတွေက တောထဲမှာပဲ ရှိမယ်။ အဲဒီဘက် ဖုန်းလိုင်း ကို ဖြတ်ထားတယ်။ ဒီဘက် (မြို့ပေါ်) က လူတွေကလည်း အဲဒီဘက်ကို သွားလို့မရဘူး။ အဲဒီကားလမ်းက စစ်လမ်း ဖြစ်သွားပြီဆိုတော့ အဲဒီရွာဘက်က အခြေအနေကို မသိနိုင်တော့ဘူး” ဟု ဆိုသည်။

လက်ရှိအခြေနေတွင် မင်းတပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာပြီး မိုးချုပ်ကာ ရာသီဥတုအခြေအနေ ဆိုးရွားနေသည့် အတွက် စစ်ကောင်စီယာဉ်တန်းသည် ရှေ့မတိုးနိုင်တော့ဘဲ မိုင်တိုင်အမှတ် ၄၅ အနီးတွင် ရပ်တန့်ထားကြောင်း၊ ယနေ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်မှု မရှိသေးကြောင်းလည်း မင်းတပ် CDF ခေါင်းဆောင်များက ပြောသည်။
ချင်းတောင်တန်းပေါ်က မင်းတပ်နှင့် မတူပီမြို့ကို ဆက်သွယ်ထားသော ကားလမ်းမှာ ၁၀၂ မိုင်ကွာဝေးပြီး စစ်ကောင်စီယာဉ် တန်းသည် တက်လာစဉ်အချိန်ကတည်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ယင်း ၁၀၂ မိုင် ကွာဝေးသည့် ၁ ရက်တာခရီးကို ၁၀ ရက်ကျော်ကြာ ဖြတ်သန်းသွားလာခဲ့ရသည့်အတွက် အဆိုပါလမ်းမှာ စစ်ကောင်စီ အတွက် သေမင်းတမန်လမ်းဟု အမည်ပေးထားကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ပြီးခဲ့သည့် မတ်လအတွင်းက မကွေးတိုင်းမှ စစ်အင်အားဖြည့်တင်းရန် ချင်းပြည်နယ်၊ မတူပီမြို့သို့ ချီတက်လာခဲ့ခြင်းဖြစ်ပြီး စစ်ယာဉ်တန်းချီတက်ရာ မင်းတပ်-မတူပီ ကားလမ်းတလျှောက်တွင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
You may also like these stories:
ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဆက်တိုက်ဖြစ်နေ
တော်လှန်ရေးထဲက အောက်ချင်း သစ္စာ
ယာဉ်တန်းလုံခြုံရေးယူသည့် စစ်ကောင်စီတပ် ချင်းရွာကို မီးရှို့
မင်းတပ်တွင် စစ်ကောင်စီတပ်များကို CDF များဝင်တိုက်