မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား သေဒဏ်ကွပ်မျက်မှုသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့မှာ သေဒဏ် အကြိမ်ကြိမ် ပေးထိုက်သူ များ ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့လုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စား လှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့၏ ဦးဆောင် အမိန့်ပေးမှုများဖြင့် သေဆုံးခဲ့ရသူများ၊ အပြစ်မဲ့ ပြည်သူများ၊ နစ်နာခဲ့ရ သူများ၏ ကိုယ်စား သက်ဆိုင်ရာ တရားရုံးအဆင့်ဆင့်က ၎င်းတို့၏ လုပ်ရပ်များအတွက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သလို လုပ်ထုံးလုပ်နည်းနှင့်အညီ ခုခံ ချေပခွင့်များနှင့် အယူခံ၊ သနားခံစာများ တင်သွင်းခွင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေက တခြား သေဒဏ်ချမှတ်ခြင်း ခံရတဲ့ ပြစ်မှုတွေနဲ့ နှိုင်းယှဉ်ရင် သေဒဏ် အကြိမ်ကြိမ် ချမှတ်ခံထိုက်တဲ့ ပြစ်မှုကျူးလွန်သူတွေ ဖြစ်တယ်။ ဒီကိစ္စသည် ပုဂ္ဂိုလ်ရေးအရ လုပ်တာ မဟုတ်ဘူး။ ပြည်သူအများပြား တရားမျှတမှု ရရှိရေးနဲ့၊ ပြည်သူနဲ့ နိုင်ငံတော်ကြားမှာ တရားမျှတမှု ရရှိရေးအတွက် လုပ်တာ ဖြစ်ပါ တယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီဘက်က ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဦးဆောင်သော တိုက်ခိုက်မှုများတွင် အပြစ်မဲ့သူများ သတ်ဖြတ်ခံ ရကြောင်း စွပ်စွဲပြောဆိုသော်လည်း ၎င်းတို့ ဦးဆောင်လုပ်ခဲ့သော ပျံလွှားအောင် စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်များ၏ တပ်စွဲထားသော နေရာများ၊ စစ်တပ်လှည့်ကင်း မော်တော်ယာဉ်များ၊ ကင်းစခန်းများနှင့် ရဲကင်းစခန်းများကိုသာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်များ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု များခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှစတင်ပြီး ယနေ့ အချိန်အထိ ငြိမ်း ချမ်းစွာ ဆန္ဒပြသူများနှင့် ကလေးငယ်များ အပါအဝင် လူပေါင်း ၁၉၀၀ ကျော်ကို သတ်ဖြတ်ထားပြီးလည်း ဖြစ်သလို ဦးခေါင်းများကိုသာ တမင်သက်သက် ချိန်ရွယ်ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၁၁၇ ဦးကို သေဒဏ် ပြစ်ဒဏ်ချမှတ်ထားကြောင်း ဇူလိုင် ၂၅ ရက်က နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို ကျူးလွန်နေသော စစ်တပ်သည် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို သေဒဏ် ကွပ်မျက် စီရင်လိုက်ပြီ ဖြစ်ကြောင်း မိသားစုများ တရားဝင် အသိမပေးခြင်း မရှိဘဲ ဇူလိုင်၂၅ ရက်မှသာ ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ကွပ်မျက်ခြင်း ခံလိုက်ရသော လေးဦးစလုံး၏ သေဆုံးသွားသော ရုပ်ခန္ဓာများကို ယနေ့ အချိန်အထိ မိသား စုများက တွေ့မြင်ခွင့်မရသလို မည်သည့်ရက်၊ မည်သည့် အချိန်တွင် ကွပ်မျက်လိုက်သည်ဆိုခြင်းကိုလည်း တိတိကျကျ သိရှိခွင့် မရကြပေ။
သို့သော်လည်း ထောင်အာဏာပိုင်များက ယခု ကွပ်မျက်ခံရသူ လေးဦးကို ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဇူလိုင်လ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် အွန်လိုင်းကတဆင့် မိနစ် ၂၀ ခန့် တွေ့ဆုံခွင့်ပေးခဲ့သည်။
သေဒဏ်စီရင်ခံရသည်ဟု ကြားသိရပြီးနောက် မိသားစုဝင်များက အလောင်းမြင်တွေ့ခွင့်နှင့် အရိုးပြာများ ရလိုမှု တောင်း ဆိုမှုများရှိသော်လည်း ထောင်အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။ ထို့ပြင် ဈာပနပြုလုပ်ရန်အတွက် မည်သည့်နေ့တွင် စီရင် လိုက်သည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင်လည်း တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိခဲ့ကြောင်း ကိုဖြိုးဇေယျာသော်၏ မိသားစုဝင်တဦးက ပြောသည်။
သေဒဏ်ချမှတ် ကွပ်မျက်ခံရသူများ၏ ရုပ်အလောင်းနှင့် ပတ်သက်ပြီး မိသားစုဝင်များထံသို့ ပြန်ပေးသည့် ကိစ္စရပ်သည် အကျဉ်းထောင် အာဏာပိုင်များက ၎င်းတို့ လုပ်ပိုင်ခွင့်ရှိသည်အတိုင်း ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။
၎င်းက ဆက်လက်၍ “သေဆုံးသူတွေရဲ့ ရုပ်အလောင်းပြန်ပေးခြင်း၊ မပေးခြင်းသည် ထောင်မှူးရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ အဓိကရုဏ်းတခုလိုပဲ ဖြစ်ဖြစ်၊ ဆန္ဒပြမှုတခုလိုပဲ ဖြစ်ဖြစ် ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုရင် အကျဉ်းထောင်ရဲ့ စီရင်မှု အောက် မှာပဲ သဂြိုဟ်ခွင့်ရှိတယ်” ဟုလည်း ပြောဆိုသည်။
ထိုသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်သူများ သေဒဏ်အတည်ပြုကာ ကွပ်မျက်လိုက်မှုကို အာဆီယံအပါအဝင် ကမာ္ဘ့နိုင်ငံကြီးများကလည်း ပြစ်တင်ရှုတ်ချခဲ့ကြသလို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အများအပြားကလည်း အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ (ဇူလိုင် ၂၆ ရက်) တွင်လည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံအသီးသီး၌ ကွပ်မျက်ခံရသူ ၄ ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ပြုလုပ်လျက်ရှိသလို၊ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
You may also like these stories:
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး
ကြိုးပေးကွက်မျက်သောကြောင့် စစ်ကောင်စီကို ကမ္ဘာက ရှုတ်ချ