နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းတခုခု (သို့) ပုဂ္ဂိုလ်တဦးဦးနှင့် တွေ့ဆုံမည်ဆိုပါက UEC သို့ ကြိုတင် အကြောင်းကြားပြီး ခွင့်ပြုချက်ယူရမည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ဩဂုတ် ၁၁ ရက် ရက်စွဲဖြင့် နိုင်ငံရေးပါတီများထံ အကြောင်းကြားလိုက်သည်။
ကော်မရှင်ထံ ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ရယူခြင်း မရှိပါက ပါတီဖျက်သိမ်းခံရသည်ထိ အရေးယူနိုင်သည့်ပုဒ်မဖြင့် ငြိစွန်းနိုင်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။
စစ်ကောင်စီ လက်အောက်ခံ UEC ၏ ကြေညာချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ (စ) ပါ “နိုင်ငံခြားတိုင်းပြည်တခုခု၏ အစိုးရ (သို့) ဘာသာရေးအဖွဲ့အစည်း (သို့) အခြားအဖွဲ့အစည်းတခုခု (သို့) လူပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း (သို့) ယင်းတို့၏ ဩဇာခံယူခြင်း မပြုရေး” ဆိုသည့် ပါတီဖျက်သိမ်းသည်ထိ အရေးယူနိုင် သော ပြဋ္ဌာန်းချက်ဖြင့် ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။
အဆိုပါ ပြဋ္ဌာန်းချက်နှင့် ပတ်သက်ပြီး တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ၏ သံတမန်ရေးရာ ဆက်ဆံမှုများ အပေါ် တိုက်ရိုက်ထိန်းချုပ်လိုသည့် ရည်ရွယ်ချက်သာဖြစ်ပြီး သဘာဝမကျကြောင်း နိုင်ငံရေးပါတီအချို့က ဝေဖန်ကြသည်။
ထို့ပြင် ကော်မရှင်ထုတ်ပြန်ချက်တွင် တွေ့ဆုံရေးအတွက် အကြောင်းကြားရမည် ဆိုပါကလည်း မည့်သည့်နေ့ရက် အတော အတွင်း ပြန်လည် အကြောင်းပြန်ကြားပေးမည် ဆိုသည်ကို တိတိကျကျ ထည့်သွင်းထားခြင်းလည်း မရှိပေ။
ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက “တွေ့ဆုံဆွေးနွေးတာ၊ သံတမန်ဆက်ဆံရေးဆိုတာ ပါတီတခုမှာ လုပ်ရိုးလုပ်စဉ် ကိစ္စတွေပဲ။ ဒါကို ကြိုတင်ခွင့်ပြုချက် ရယူရမယ်ဆိုတော့ သူ့ဟာက ဥပဒေ၊ နည်းဥပဒေအရလည်း မဟုတ်ဘူး။ ဘယ်နှစ် ရက် အတောအတွင်း အကြောင်းပြန်မယ် ဆိုတာမျိုးလည်းမပါတော့ အကြောင်းမပြန်မချင်း၊ ခွင့်ပြုချက်မရမချင်း ကျနော်တို့ က မတွေ့ရဘူးလား။ တွေ့တာနဲ့ ငြိစွန်းနိုင်တယ် ဆိုတာကတော့ တော်တော်ယုတ္တိမရှိတဲ့၊ သဘာဝမကျတဲ့ ကိစ္စလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံတကာအခြေစိုက် မီဒီယာအဖွဲ့အစည်းများနှင့် တွေ့ဆုံလျှင်ပင် ပါတီဖျက်သိမ်းခံရနိုင်သည့် ပုဒ်မဖြင့် ငြိစွန်းနိုင်ဖွယ်ရာလည်း ရှိနေကြောင်း ထောက်ပြကြသည်။
လက်ရှိ ဦးသိန်းစိုး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲမဲစာရင်း အမှားအယွင်းများ ရှိသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းကော်မရှင်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရခဲ့သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲရလဒ်များအား ဖျက်သိမ်းကြောင်း ကြေညာထားသည်။
အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံအခြေအစိုက် နိုင်ငံခြားသံရုံးများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့ အစည်း (INGO) များနှင့် ၎င်းတို့က ထောက်ပံ့သည့် ပြည်တွင်းလူမှုအဖွဲ့အစည်း (CSO) များ၏ စွက်ဖက်ဆောင်ရွက်ချက် များ ရှိခဲ့ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ UEC က စွပ်စွဲထားသည်။
တဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရန် ပြင်ဆင်နေ ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားသည်။
နိုင်ငံရေးပါတီများ၏ နိုင်ငံတကာဆက်ဆံရေးအပေါ် ဖိနှိပ်ထိန်းချုပ်လိုသည့် UEC ၏ ကြေညာချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အနေဖြင့် မတရားအာဏာသိမ်းထားသော စစ်ကောင်စီ လက်အောက်ခံ UEC အား အသိ အမှတ် မပြုသည့်အတွက် ကြေညာချက်အပေါ်၌လည်း မှတ်ချက်ပေးစရာ မရှိကြောင်း ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တဦးက တုံ့ပြန်ပြောဆိုထားသည်။
You may also like these stories:
NLD ခေါင်းဆောင် ၃ ဦးအမှု တိုင်းအဆင့် အယူခံတက်မည်
အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု စွပ်စွဲချက် ရှောင်တာနဲလ်ငြင်း
၈၈ က အမှားဟောင်း စစ်တပ် ဆက်မှားနေ
နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး
ကွပ်မျက်မှုများ ကြံ့ခိုင်ရေးပါတီဝင်များ ထောက်ခံ