ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများက ဝင်ရောက်လုပ်ကိုင်လာသည့်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ကြပ်မတ်စစ်ဆေးကာ ဖမ်းဆီးမှုများ ရှိခဲ့သည်။
ထိုင်းအစိုးရ၏ ဥပဒေအရ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတ်မှတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ များနှင့် သန့်ရှင်းရေး၊ အိမ်အကူ စသည့် အောက်ခြေသိမ်း အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိပြီး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း၊ စားသောက်ဆိုင်၊ ထိုင်းရိုးရာ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်လုပ်ငန်း၊ ပွဲစားလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၂၇ ခုကို လုပ်ကိုင်ခွင့် မရှိပေ။
သို့သော် ထိုလုပ်ကိုင်ခွင့် မရှိသော လုပ်ငန်းများတွင် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်မှု များလာသည့် အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာမှ စိုးရိမ်ကြောင်း၊ ထို့အတွက် ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှု ဌာန အနေဖြင့် ထုတ်ပြန်သည့် ဥပဒေအတိုင်း တင်းကြပ်စိစစ်မှုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် တနိုင်ငံလုံး ကွင်းဆင်းစစ်ဆေးမှုကို ၂၀၂၂ ခု အောက်တိုဘာ ၁ရက်မှ ၂၀၂၃ခု ဖေဖေါ်ဝါရီ ၁၃ရက်အထိ ပြုလုပ်ရာ နေရာပေါင်း ၁၄၁၀၄တွင် စစ်ဆေးပြီး မြန်မာ ၆၂၉ ဦး၊ ကမ္ဘောဒီးယား ၁၇၅ဦး၊ လာအို ၁၈၉ ဦး၊ ဗီယက်နမ် ၄၉ ဦးနှင့် အခြားသော နိုင်ငံသား ၁၀၃ကို တရားစွဲဆိုခဲ့သည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားမှာ အလုပ်ကြမ်းပဲ လုပ်ရမယ်ဆိုပြီး ရိုးရိုးရှင်းရှင်း ပြောထားတာပါ။ ဈေးရောင်း ဝယ်တာတို့၊ စီးပွားရေး ရောင်းဝယ်ဖောက်ကားတာတို့ လုံးဝ ခွင့်ပြုမထားပါဘူး။ နဂိုကတည်းကရှိတဲ့ ဥပဒေကို မလိုက် နာဘဲနဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေက ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှာ ဝင်လုပ်တဲ့အတွက် သတိပေး တာပါ” ဟု ပြောသည်။
ထိုသို့ ရွှေ့ပြောင်းအလုပ်များအနေဖြင့် လုပ်ကိုင်ခွင့်မရှိသည့်လုပ်ငန်းများသို့ ဝင်ရောက်လုပ်ကိုင်သည့်အထဲတွင် မြန်မာ နိုင်ငံသားအများဆုံးဖြစ်ပြီး ကမော္ဘဒီးယား၊ လာအို၊ ဗီယက်နမ်၊ အိန္ဒိယ စသည့် နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအတွက် ဥပဒေကို၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ပါက အလုပ် သမားတဦးအတွက် ဘတ်ငွေ ၅ သောင်းမှ ၁ သိန်းအထိ အလုပ်ရှင်မှ ပေးဆောင်ရမည်ဖြစ်ပြီး ပြစ်မှုကို ထပ်ခါ တလဲ လဲကျူးလွန်မည်ဆိုပါက အလုပ်ရှင်၊ အလုပ်သမားအနေဖြင့် ဘတ်ငွေ ၂ သိန်း (သို့မဟုတ်) ထောင်ဒဏ် ၁ နှစ် ဖြစ်စေ ၂ ခုစလုံး ဖြစ်စေ ကျခံရမည်ဖြစ်သည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၃ နှစ် အလုပ်လုပ်ခွင့် ပိတ်ပင်ခံရ မည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ဆက်လက်၍ ဦးအောင်ကျော်က “သတိပေးချင်ကတော့ ကိုယ်ဘာလုပ်ချင်တာလဲ။ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေမှာ သတ်မှတ်တဲ့ လုပ်ငန်းအမျိုးအစားတွေမှာ လုပ်ပါ။ အကယ်၍ စီးပွားရေး လုပ်ငန်းရှင်ဖြစ်ချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ စနစ်တကျ လေ့လာပါ။ စီးပွားရေး ဗီဇာဆိုတာ ဘာလဲ၊ အခွန် တွေက ဘယ်လိုလဲ။ ထိုင်းကို ဘယ်လို ဆက်သွယ် လျှောက်ထားရမှာလဲဆိုတာ စနစ်တကျ လုပ်ဆောင်ကြပါလို့ ပြော ချင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ခေါက်ဆန်လမ်း၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ စစ် ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင်မြန်မာအလုပ်သမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက် အရ သိရသည်။
ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတဦးက “ကန့်သတ်ထားတာတွေရှိတယ်။ ဈေးမရောင်းရ။ ဆိုင်ရှေ့ မထိုင်ရ။ ပိုက်ဆံ မကိုင်ရ။ ဒါတွေရှိတယ်။ ကျနော်တို့ မြန်မာတွေရော တခြား ကမော္ဘဒီးယား၊ လာအို၊ ဗီယက် နမ်တွေကို စည်းကမ်း ထုတ်ထားတယ်။ ကျနော်တို့အလုပ်က ဆောက်လုပ်ရေး၊ ပန်းကန်ဆေး၊ သန့်ရှင်းရေး၊ အိမ်ဖော် တွေပေါ။ ဟိုးအရင်ကတည်းက စည်းကမ်း ထုတ်ထားပြီးသား။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံသားတွေက သူဌေး တွေနဲ့ နားလည်မှုယူပြီးတော့ လုပ်နေတာပဲ” ဟု ပြောသည်။
ယခုကဲ့သို့ တားမြစ်လုပ်ငန်းများတွင် လုပ်ကိုင်မှု များပြားလာခြင်းမှာ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုများ ကြောင့်ဖြစ်ကြောင်းနှင့် တချို့သော လုပ်ငန်းများမှာ ထိုင်းအစိုးရမှ ဖိနှိပ်ကန့်သတ်ထားခြင်းသက်သက်သာ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ပို၍ ကျပ်တည်းလာသလို၊ အလုပ်အကိုင်ရှားပါးမှု၊ မလုံခြုံမှုများကြောင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာပြီး နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များမှာလည်း ထိုင်းနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မှု များပြားလာကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း ထိုင်းနိုင်ငံတွင်းသို့ တရားဝင် သွားရောက် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၄ သိန်းကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။
You may also like these stories:
၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို
Mobile Team ဖြင့် ပတ်စပို့စ်သက်တမ်းတိုးမည့်အစီအစဉ် အဆင်မပြေနိုင် ဟုဆို