ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ် ဖြစ်သည့် ကရင်နီတပ်မတော် (KA) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ဘီထူးနေရာတွင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်အား စစ်ဦးစီးချုပ်အဖြစ် မကြာခင်လပိုင်းက ပြောင်းလဲတာဝန်ပေးအပ် ထားကြောင်း KNPP က ဧရာဝတီသို့ အတည်ပြုသည်။
ယခင်စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ဘီထူးအနေဖြင့် တဖက်တွင်လည်း ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲ ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် စစ်ဦးစီးချုပ်ရာထူး လွှဲပြောင်းခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီး တာဝန် ဆက်လက် ထမ်းဆောင် လျက်ရှိကြောင်းလည်း သိရသည်။
KNPP အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်ဆန်းမြင့် က “ကျနော်တို့က Mandate (လုပ်ပိုင်ခွင့်)နဲ့ Responsibility (တာဝန်)ကို ခွဲလိုက်တဲ့သဘောပါပဲ၊ ကျနော်တို့ စစ်ဦးစီးချုပ်ဟောင်းက ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တယ်၊ စစ်ဦးစီးချုပ်လည်းဖြစ်တယ်ဆိုတော့ နေရာနှစ်ခု၊ တာဝန်နှစ်ခုဖြစ်နေတဲ့အတွက် အဲဒါကို လုပ်ငန်းဆောင်တာ နည်းနည်းရှင်းသွားအောင်ဆိုပြီးတော့ သူ့ကို ကာကွယ်ရေး ဝန်ကြီးပဲ တာဝန်ယူခိုင်းပြီး စစ်ဦးစီးချုပ်တာဝန်ကတော့ ဗိုလ်ချုပ် အောင်မြတ်ကို ပြန်လည် ခွဲဝေတာ ဝန်ပေးလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။
ဗိုလ်ချုပ်ဘီထူးအနေဖြင့် လက်ရှိတော်လှန်ရေး ဦးဆောင်ကဏ္ဍ အနေဖြင့်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ခွဲခြားသတ်မှတ်ထားသည့် စစ်တိုင်းကြီး ၃ ခုအနက် အလယ်ပိုင်းတိုင်းအား တာဝန်ယူကွပ်ကဲရန်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင် များကြားတွင် သတင်းထွက်ပေါ်နေလျှက်ရှိသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး KNPP ဘက်က အတည်ပြုပြောဆိုခြင်း မရှိသော်လည်း ၎င်းတို့အနေဖြင့် NUG နှင့် ပူး ပေါင်းဆောင်ရွက်မှုများရှိနေသည့်အပြင် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင် ရွက်မှုများရှိနေကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
၎င်းက “စစ်ရေးကတော့ NUG ကနေ K3C (ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း) အနေနဲ့ Chain of Command (အဆင့်ဆင့် တည်ဆောက်ထားသော အမိန့်ပေးကွပ်ကဲမှုစနစ်) ရဖို့အတွက် သွားနေတာတော့ တခုရှိတယ်။ ဒါပေမယ့်လည်း ကျနော်တို့ လက်နက်ကိုင်တွေကြားထဲမှာ မဟာမိတ်အနေနဲ့ အကောင်အထည် ဖော်နေတာတွေလည်းရှိပါတယ်။ အဲဒါကတော့ မြေပြင် အနေအထားအရပေါ့နော်” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် K3C တွင် ကရင်နီတိုးတက်ရေး ပါတီ၊ ကရင်နီတပ်မတော် (KNPP/KA)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) နှင့် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပါဝင်သည်။
လက်ရှိတွင် ကရင်နီဒေသအတွင်း စစ်ရေးအရှိန် ပိုမိုမြှင့်လာလျက်ရှိသလို နယ်စပ်ဒေသရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းများအား ဆက်တိုက် တိုက်ခိုက် သိမ်းပိုက်ကာ လတ်တလောတွင် သံလွင်မြစ် အရှေ့ဘက်ကမ်း၊ မယ်စဲ့မြို့နယ်အား ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိ နေကြောင်း ကရင်နီ ပူးပေါင်းတပ်များဘက်က ဆိုသည်။
အဆိုပါ မယ်စဲ့ဒေသအတွင်း စစ်တပ်စခန်းများအား ဇွန်လ ၁၃ ရက်က စတင်ကာ ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာတွင် ယခင်စစ်တပ်လက်အောက်၌ နယ်ခြားစောင့်တပ် (BGF) အဖြစ် ရပ်တည်ခဲ့သည့် ကရင်နီလူမျိုး ပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) တပ်ရင်း နှစ်ရင်းကလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ် တပ်အား ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများပြားခဲ့သည့်အပြင် နယ်စပ်ဒေသအခြေစိုက်စခန်း တခုဖြစ်သည့် BP-13 ဒေသတွင် တပ်စွဲထားသည့် ခြေမြန်တပ်ရင်း ၄၃၀ မှ တပ်ရင်းမှူး အပါအဝင် ၁၈ ဦးလက်နက်ချခဲ့ပြီး ကရင်နီပူးပေါင်းတပ်များဘက်က ၁၂၀ မမကဲ့သို့ လက်နက်ကြီး ၄ လက်ခန့်နှင့် လက်နက်ငယ်အများအပြားလည်း သိမ်း ဆည်း ရရှိခဲ့ကြောင်းလည်း သိရသည်။
ဦးအောင်ဆန်းမြင့်က “နှစ်ဆန်းပိုင်းကစပြီးတော့ ကျနော်တို့ဆီမှာ တိုက်ပွဲတွေက တော်တော်လေးပြင်းထန်တာပေါ့နော်၊ စစ်ရေးအရတော့ ကျနော်တို့ တော်တော်လေးကို လွှမ်းမိုးနိုင်တဲ့ အနေအထားရှိတယ်၊ နယ်စပ်ဒေသမှာရှိတဲ့ စစ်စခန်းအား လုံးနီးပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တခုပဲ ကျနော်တို့က သိမ်းနိုင်တယ်၊ ထိန်းထားနိုင်ဖို့တော့ အခက်အခဲတော့ နည်းနည်းရှိတယ်။ သူတို့ရဲ့ လေကြောင်းကနေ အဆမတန် အသုံးပြုတဲ့အတွက်ကြောင့်ပါပဲ၊ ကျန်တာက တော့ မြေပြင်စစ်ဆင်ရေးအနေနဲ့ ကျနော်တို့အတွက် ဘာမှဂရုစိုက်စရာမလိုပါဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း မယ်စဲ့ဒေသတွင် အထိနာနေသည့် စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးမှုပြန်လည်ရရှိရန် ပြန်လည် ထိုးစစ်ဆင်မှုများရှိနေသည့်အတွက် ဖားဆောင်းမြို့နယ်၊ သံလွင်မြစ်ကူးတံတား ပတ်ဝန်းကျင်ဒေသတွင်း ကရင်နီတပ် များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိနေကြောင်းနှင့် နယ်စပ်ဒေသတနေရာတွင်လည်း KA နှင့် စစ်ကောင်စီ စစ် ကြောင်း သုံးခုတို့ ထိပ်တိုက်ရင်ဆိုင်ထားလျက် ရှိကြောင်းလည်း သိရသည်။
လတ်တလော ကရင်နီ ပူးပေါင်းတပ်များ၏ ဒေသတွင်းအရှိန်မြှင့်တိုက်ခိုက်မှုနှင့် ၁၂၀ မမ ကဲ့သို့ လက်နက်ကြီးများ သိမ်းဆည်းရရှိမှုများကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အခြေစိုက်ရာ လွိုင်ကော်မြို့နယ်အတွင်းမှ အရာရှိစစ်သည် မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နေပြည်တော်သို့ ပြောင်းရွှေ့မှုများပြုလုပ်လျက်ရှိသည်ကို ကြားသိထား ကြောင်းနှင့် ထိုလုပ်ရပ်နှင့်ပတ်သက်ပြီး ကရင်နီဒေသအား စစ်ကောင်စီမှ စစ်ဆင်ရေးပြုလုပ်လာနိုင်ခြေ ရှိမရှိကိုလည်း စောင့်ကြည့်လျက်ရှိကြောင်း ကရင်နီ သတင်းအရင်းအမြစ်များက ပြောသည်။
You may also like these stories:
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ကယားနယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီကို ပြန်တိုက်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း