ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် စစ်တပ် အာဏာသိမ်းလိုက်တာကြောင့် လွှတ်တော်ထဲမရောက်ဘဲ စစ်ကောင်စီကို လက် နက်ကိုင်တော်လှန်လာတဲ့ ကယောတိုင်းရင်းသား နိုင်ငံရေးသမားတယောက်ကို ပြောရမယ်ဆိုလျှင် ဦးဒီးဒီကိုသာ ညွှန်ပြရဖို့ ရှိပါတယ်။
ကယား၊ ကယန်း၊ ပရဲ့၊ ယင်းတလဲ၊ မနူးမနော၊ ကော်ယော်၊ ကေဘား၊ ပကူးစတဲ့ လူမျိုးများကဲ့သို့ ကယောသည်လည်း ကရင်နီအမျိုးသားများမှာ ပါဝင်ပါတယ်။
သူဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ရှိ ဖရူဆိုမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီဝင်တဦး ဖြစ်ပါတယ်။
ဖရူဆိုမြို့နယ်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်နိုင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလို ပါတီကြီးကတောင် (KySDP) ပါတီက ဦးဒီးဒီကို မနိုင်ဘဲ ရှုံးနိမ့်ခဲ့ရတာပါ။
ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက် လွှတ်တော်တက်ကာ စစ်တပ်အတွက် အာဏာပိုပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်းရေးနဲ့ ဖရူဆိုမြို့နယ် တိုးတက်ရေး လုပ်မယ်လို့ ဦးဒီးဒီ ဆုံးဖြတ်ထားပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ် အာဏာသိမ်းလိုက်တာနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံလိုက်ရပါတယ်။
စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး အာဏာသိမ်းလိုက်တဲ့အချိန်တုန်းကတော့ ဦးဒီးဒီဟာ လွှတ်တော်တက်ဖို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ပြင်ဆင်နေခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တယောက်က အခန်းတံခါးခေါက် လာပြောမှ သိ လိုက်ရတယ်လို့ ဦးဒီးဒီက ပြောပြပါတယ်။
သူက “သိပ်တော့ အထူးအဆန်း မဟုတ်ဘူးပေါ့။ အာဏာ မသိမ်းလည်း ဒီ ၂၀၀၈ အောက်မှာတော့ ကိုယ့်ရဲ့ လိုချင်တဲ့ အခွင့် အရေးတို့ဘာတို့က အကန့်အသတ်နဲ့ပဲပေါ့။ အာဏာသိမ်းပြီဆိုတော့လည်း အိမ်ပြန်ကြတာပေါ့။ အဲဒီလောက်ပါပဲ။ ဒါပေမယ့် နိုင်ငံရေးအရ ဆက်သွားချင်တယ်ဆိုရင်တော့ တမျိုး လုပ်ရမှာပေါ့” လို့ ဆိုပါတယ်။

ဒီလို စစ်တပ် အာဏာသိမ်းလိုက်တာကပဲ ဦးဒီးဒီအတွက် သူလုပ်ချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို အခြားနည်းလမ်းနဲ့ လုပ်ဆောင်ရဖို့ ဖြစ်လာပါတော့တယ်။
လက်ရှိမှာတော့ ဦးဒီးဒီဟာ ကရင်နီ (ကယား) ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ ကရင်နီ အမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး ၁ အဖြစ် တာဝန်ယူနေပါတယ်။ တပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ KNDF ဗျူဟာ ၅ ရဲ့ ဗျူဟာမှူးအဖြစ် တာဝန်ယူနေပါတယ်။
ဦးဒီးဒီဟာ အသက် ၄၃ နှစ် အရွယ်ဖြစ်ပြီး အသားညိုညိုနဲ့ မျက်နှာမှာ မုတ်ဆိတ်ကျင်စွယ်တချို့ ရှိပါတယ်။ ရိုမန်ကက်သ လစ် ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပြီး လူမှုကွန်ရက်မှာ တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး အတွေးအခေါ်အယူအဆများကို
စစ်မုန်းဆိုတဲ့ ကလောင်နာမည်ကို သုံးပြီးတော့လည်း ရေးပါတယ်။
ဖရူဆိုမြို့နယ်သားဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်ကတည်းက စစ်အစိုးရကို ဆန့်ကျင်ခဲ့လို့ ထောင် ၃၂ နှစ် ကျခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ဖြစ်ပါတယ်။
သူဟာ ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY) တည်ထောင်ရာမှာ တက်ကြွစွာပါဝင်ခဲ့ပြီး အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ၊ တိုင်းရင်းသား အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာအရေးတွေမှာလည်း ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ လွိုင်ကော်မြို့ထဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူတဲ့ အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တဲ့အထဲ သူပါဝင်ခဲ့ပြီး ကယားပြည်နယ်အစိုးရ တရားစွဲခဲ့တာကြောင့် ၆ လ လောက် ထောင်ကျ ခဲ့ပါသေးတယ်။
သူ့ကို ချစ်ခင်လေးစားတဲ့သူတွေကတော့ ဆရာဒီးဒီလို့ ခေါ်ကြပါတယ်။ တကယ်တော့လည်း ကရင်နီမှာက ဘယ်သူ့ကို မဆို တယောက်နဲ့တယောက် စကားပြောရင် နာမည်ရှေ့မှာ ဆရာတပ်ပြောကြပါတယ်။ သူနဲ့ မတွေ့ခင်ကတည်းက သူ့လက် အောက်ခံ အရာရှိတယောက်ပြောပြလို့ ဦးဒီးဒီ အကြောင်းကို အနည်းအကျဉ်းလောက် ကျနော် သိထားပါတယ်။
အဲဒီအရာရှိကတော့ ဦးဒီးဒီဟာ သူများဆီက အရင်းမြစ်တွေကို အရင်မတောင်းဘဲ သူ့မှာရှိတာတွေ အရင်ထုတ်ပေးပြီးမှ အလုပ် လုပ်တတ်သူဖြစ်တာကြောင့် သူ့အနေနဲ့ လေးစားရတယ်လို့ ဆိုပါတယ်။
KNDF စခန်းတခုမှာ ဦးဒီးဒီကို ကျနော်တွေ့တော့ သူဟာ KNDF တံဆိပ်တပ်ထားတဲ့ ဦးထုပ်နဲ့ ယူနီဖောင်းကို ကျကျနန ဝတ် ထားပေမယ့် ခြေထောက်မှာတော့ အစိမ်းရောင် ဆင်ကြယ်ရာဘာဖိနပ်ကို စီးထားပါတယ်။
အရိပ်ရတဲ့ သစ်ပင်တပင်အောက်က မြေစိုက် ဝါးတဲလေးတခုမှာ ကျနော်တို့ထိုင်ကြပြီး သိချင်တာတွေကို သူက စိတ်ရှည် လက်ရှည် ဖြေပေးပါတယ်။
နောက်ပိုင်းလည်း ကျနော်တို့ သွားလေ့လာချင်တဲ့ KNDF ရဲ့ ရှေ့တန်းနေရာတချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ် ခတ်နေတဲ့ကြားက ဦးဒီးဒီဟာ ကိုယ်တိုင် လိုက်လံပြသပေးခဲ့ပါတယ်။
ဦးဒီးဒီဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်းရေး လိုလားသူ ဖြစ်ပါတယ်။
သူရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ကရင်နီပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်းမ်သတင်းဌာနနဲ့ ၂၀၂၀ နိုဝင်ဘာ ၁၇ ရက် မှာ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာလည်း သူ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေးကို ဆက်လုပ်မယ်လို့ ပြောဖူးပါတယ်။
အင်တာဗျူးမှာ ဦးဒီးဒီက “အဓိကတော့ စစ်အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်ရေး တိုင်းရင်းသားတွေ တန်းတူ ညီမျှရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်အပေါ် အခြေခံပြီးမှ နိုင်ငံရေးအရ စဉ်းစားဖို့ လိုတယ်။ ကျနော်တို့ကတော့ မသေမချင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးကို ပြောဆိုလုပ်ကိုင်နေသွားမှာပါ” လို့ ဆိုပါတယ်။
စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ အာဏာသိမ်းစစ်တပ်ကို ဦးဒီးဒီလည်း အများနည်းတူ ဆန့်ကျင်ဆန္ဒပြခဲ့ပါသေးတယ်။ ဒါပေမယ့် ဆန္ဒပြရုံလောက်နဲ့ စစ်အာဏာရှင်ဟာ သူ့အလိုလို ဆင်းသွားမှာ မဟုတ်တာကို နားလည်ခဲ့တာကြောင့် ဆန္ဒပြပွဲတွေလုပ်နေစဉ်မှာပဲ လက်နက်ကိုင်တော်လှန်ရေးအတွက် စဉ်း စား ပြင်ဆင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဦးဒီးဒီက “ရွေးချယ်စရာတခုလည်း အမြဲတမ်း စဉ်းစားရမယ်။ ဒီလက်နက်ကိုင် လမ်းစဉ်ကတော့ မဖြစ်မနေလုပ်ရမယ်ပေါ့။ ရှေ့မှာလည်း နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီ။ စဉ်းစားကြတာပေါ့။ ဒါပေမယ့် အဲဒီတုန်းကတော့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်က အဲဒီလောက်အထိ နာမည်မကြီးဘူး။ လူကြိုက်လည်း မများဘူးပေါ့။ ဘယ်နှပတ် ဘယ်နှလ နေရင်အောင်ပြီ ဆိုတာမျိုးလည်း လွှမ်းမိုးနေတာပေါ့” လို့ ပြောပါတယ်။
ဦးဒီးဒီဟာ နိုင်ငံရေးနဲ့ပတ်သက်လျှင်တော့ လစ်ဘရယ်၊ ကွန်မြူနစ်စတဲ့ ဝါဒစွဲမထားဘဲ တန်းတူရေးနဲ့ တရားမျှတမှုကို သာ နှစ်သက်သူ ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုတွေနဲ့ ပတ်သက်ရင်လည်း တတ်နိုင်သမျှ ကွာဟချက်တွေ ကျဉ်းမြောင်း အောင် လုပ်ရမယ်ဆိုတဲ့ အမြင်မျိုး သူ့မှာ ရှိပါတယ်။
သူက “တရားမျှတဖို့၊ တန်းတူဖို့ပေါ့။ အဲဒီမှာမှ ကျားမ၊ လိင်ကွဲပြားမှုတော့ ရှိတယ်။ နောက်တခုက တိုင်းရင်းသား အခွင့် အရေးဘာညာပေါ့။ တရားမျှတမှု ရှိစေချင်တယ်ပေါ့။ ဆင်းရဲချမ်းသာနဲ့ ပတ်သက်ရင်တော့ လူ ၁၀ ယောက်ရှိတယ်။ ၂ ယောက်က ၈ ယောက်စာလောက် ချမ်းသာနေရင်တော့ ဒါက ညီမျှမှု မရှိဘူးလို့ မြင်တယ်။ ၁၀ ယောက်လုံး၊ စားဝတ် နေရေး ၊ ကျန်းမာရေး အဆင်ပြေတာမျိုးကို ပိုသဘောကျတယ်” လို့ ပြောပါတယ်။
တိုက်ပွဲ အတွေ့အကြုံနဲ့ ပတ်သက်ရင်လည်း သူ့အနေနဲ့ ဦးဆောင်တိုက်ခိုက်ခြင်းထက် စစ်ကူပေးရတာတွေသာ ပိုများတယ် လို့ ပြောပါတယ်။ ဦးဒီးဒီအတွက် မှတ်မှတ်ရရရှိနေတဲ့ တိုက်ပွဲ ၂ ပွဲရှိနေခဲ့ပါတယ်။ တပွဲကတော့ ဖရူဆိုမြို့နယ် အနောက် ဘက် နိုးပလာရွာဘက်မှာ ဖြစ်တဲ့တိုက်ပွဲနဲ့ ၂၀၂၃ ဇွန်လက မယ်စဲ့မှာ ဖြစ်တဲ့ တိုက်ပွဲတွေပါ။
နိုးပလာတိုက်ပွဲနဲ့ ပတ်သက်ပြီး ဦးဒီးဒီက “အဲဒီရွာ ၂ ရွာကို ပြန်သိမ်းဖို့ လုပ်တဲ့အချိန်မှာပေါ့။ လက်နက်ကြီးရော၊ လေ ကြောင်းရော ကြုံတာပေါ့။ ရွာ ၂ ရွာဆိုတာက ကျဉ်းကျဉ်းလေးပဲလေ။ အလယ်မှာ လမ်းမကြီးဘေးမှာက ဒီ ၂ ရွာပဲ ရှိတယ် လေ။ ကျနော်တို့က အဲဒီမှာပဲ နေတယ်။ လေယာဉ်လည်း အဲဒီတကြောပဲ ပစ်နေတယ်။ လက်နက်ကြီးလည်း အဲဒီတကြောပဲ ပစ်နေတယ်ပေါ့။ အဲဒီမှာ စစ်ပွဲကို ကျနော်တွေ့ခဲ့ရတယ်ပေါ့။ အထိအခိုက်တွေလည်း အများကြီးရှိခဲ့တယ်” လို့ ဆိုပါတယ်။
မယ်စဲ့တိုက်ပွဲကတော့ ဇွန်လ ၁၃ ရက်မှာ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) က စစ်ကောင်စီကို ပုန်ကန်တော်လှန်တဲ့ ပွဲဖြစ်ပြီး မယ်စဲ့မြို့ကို သိမ်းပိုက်နိုင်တဲ့ ကရင်နီရဲ့ ပထမဆုံး မြို့သိမ်းတိုက်ပွဲလည်း ဖြစ် ပါတယ်။
အဲဒီပွဲမှာ ဦးဒီးဒီဟာ စစ်ကူအနေနဲ့ သံလွင်မြစ်အနောက်ဘက်ခြမ်းကနေ လာရောက် ကူညီပေးခဲ့ရတာဖြစ်ပါတယ်။ မယ်စဲ့ တိုက်ပွဲတုန်းက ဦးဒီးဒီဟာ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ပေါင်းစုရဲ့ ကွပ်ကဲရေးမှူး တာဝန်ယူခဲ့ပြီး မယ်စဲ့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းသိမ်းရာမှာလည်း ရှေ့တန်းအထိ လိုက်ပါကွပ်ကဲခဲ့သူဖြစ်တယ်လို့ သူနဲ့နီးစပ်သူ တွေဆီက သိရပါ တယ်။
ဦးဒီးဒီကတော့ “အဲဒီတိုက်ပွဲက သေတဲ့အထိ အမှတ်ရနေမှာပဲပေါ့။ အရင်က မတည့်ကြဘူး။ အချင်းချင်း ပြန်ပြီး တိုက်ကြ တဲ့အဖွဲ့တွေက အကုန်လုံး စည်းလုံးပြီးမှ နောက်ပိုင်း နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ KNDF ရော၊ PDF တွေရော အကုန်လုံး ပေါင်းပြီးမှ တိုက်တဲ့ တိုက်ပွဲပေါ့။ အောင်မြင်မှုလည်း ရှိခဲ့တယ်။ အဲဒီပွဲကတော့ ကျနော် အမှတ်ရဆုံးပဲ” လို့ ဆိုပါတယ်။
ဦးဒီးဒီဟာ ကရင်နီပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်ကို KNDF နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်တဲ့ ၁ လေး လုံးစစ်ဆင်ရေးမှာလည်း လက်ရှိအချိန်အထိ ပါဝင်နေသူဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအသီးသီးရဲ့ တော်လှန်ရေးဟာ နွေဦးတော်လှန်ရေးမှာ ဆုံချက်ဖြစ်နေတယ်လို့ သူ ရှုမြင်ပါတယ်။ ယခုတကြိမ်မှာသာ တော်လှန်ရေးကို အောင်မြင်အောင် မလုပ်နိုင်ရင် မြန်မာနိုင်ငံအတွက်သာမက လူမျိုး အသီးသီးအတွက်ပါ အနာဂတ်ကောင်းမှာ မဟုတ်ဘူးလို့ ဦးဒီးဒီက ဆိုပါတယ်။
KNDF နဲ့ ပတ်သက်လို့တော့ KNDF ကို ပြည်နယ်ကာကွယ်ရေးတပ်အဖြစ် အသွင်ပြောင်းဖို့ကိုလည်း သူ စိတ်ဆန္ဒရှိနေပါ တယ်။
ဦးဒီးဒီက “ကရင်နီပြည် ကာကွယ်ရေးတပ်လား။ ကရင်နီပြည်အစောင့်တပ်လား အဲဒီလိုမျိုး တခုခုပြောင်းလိုက်မယ်။ တပ်ဖွဲ့ မှာ စစ်သား ဆက်လုပ်ချင်တဲ့သူက ဆက်လုပ်။ မလုပ်ချင်လို့ သာမန်ပြည်သူလို ပြန်နေချင်လည်းရတယ်” လို့ ဆိုပါတယ်။

မြန်မာပြည်က တော်လှန်ရေး တပ်တွေထဲမှာ စစ်မှုထမ်းသက် ၂ နှစ်ပြည့်လို့ တရားဝင် ထွက်ခွင့်ပြုတဲ့တပ်ဆိုလို့ KNDF တပ် တခုသာ တွေ့ရပါတယ်။ လတ်တလောမှာတော့ KNDF ဟာ စစ်သားစုတဲ့နေရာမှာလည်း အဓမ္မ စစ်သားမစုဘဲ စိတ်ဆန္ဒအရ တာဝန်ထမ်းလိုတဲ့သူတွေကိုသာ တာဝန်ထမ်းခွင့်ပေးတာ မြင်ရပါတယ်။
ဦးဒီးဒီက သူ့အနေနဲ့တော့ တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ကိုယ့်လက်အင်္ဂါ စွန့်ခဲ့ရသူတွေကို ကြည့်ပြီး ခေါင်း ရှောင်သလို မဖြစ်ချင်တာကြောင့် တော်လှန်ရေး မပြီးမချင်း ဆက်ပါနေဦးမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပြီးတဲ့အခါမှာတော့ သူ့အနေနဲ့ ထက်မြက်တဲ့ လူငယ်တွေကို နေရာပေးပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေး အလုပ် သာ လုပ်ချင်တယ်လို့ ဦးဒီးဒီက ပြောပါတယ်။
ဆက်လက်ပြီးတော့ ဦးဒီးဒီက လက်ရှိ နွေဦးတော်လှန်ရေးအတွက် အဓိက လိုအပ်နေတဲ့အရာတခုဟာ အစွဲတွေကို ဖယ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးကို မျက်နှာမူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူက “မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာရှင်တွေ မပြုတ်ရင် ကိုယ့်ဟာကိုယ် ဘာပဲ စွဲစွဲ၊ လူမျိုးပဲ စွဲစွဲ၊ ပြည် နယ်ပဲ စွဲစွဲ လူတလုံးသူတလုံး ဘယ်တော့မှ မဖြစ်ဘူး။ ကျနော်တို့က စစ်တပ်ရဲ့ ကျွန်သာသာပဲ ဖြစ်မယ်ပေါ့။ ကျနော်တို့က လွတ်လပ်တဲ့ လူသားဖြစ်တယ်။ စဉ်းစားတွေးခေါ်တတ်တဲ့အတွက် စစ်တပ်ရဲ့ ကျွန်သာသာဘဝမျိုးကတော့ လုံးဝ အဖြစ်ခံလို့ မရဘူးပေါ့။ ပါတီစွဲ လူမျိုးစွဲတွေ ပြည်နယ်စွဲတွေ ခဏဖယ်ထားပြီးတော့မှ စစ်အာဏာရှင်ကို ဖယ်ပါ။ ပြီးမှ အကုန်လုံး လက် နက်အားကိုးပြီး လုပ်ချင်ရာလုပ်တဲ့ အုပ်စု မရှိတဲ့တနေ့ ပြောကြမယ်၊ ဆိုကြမယ်၊ ငြင်းကြခုံကြမယ်” လို့ မှတ်ချက်ပေးပါ တယ်။
အသက် ၄၃ နှစ်အရွယ် ကယောလူမျိုး နိုင်ငံရေးသမားဟာ လက်နက်ကိုင်ပြီး ကရင်နီမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ ဆဲပဲ ဖြစ်ပါတယ်။
You may also like these stories:
ခူးရီးဒူ (သို့မဟုတ်) ပြတ်သားသော ကရင်နီတော်လှန်ရေးသမား
လူငယ်ပေမယ့် အာဏာရှင်တော်လှန်ရေး နွှဲဖို့ အားရှိတယ်
ကရင်နီပြည် လွတ်မြောက်ဒေသဆီသို့ ခရီးနှင်ခြင်း