စစ်ကိုင်းမြို့နယ်နှင့်ဝက်လက်မြို့နယ်အစပ် စစ်ကိုင်း- ရွှေဘိုဗျူဟာလမ်းပေါ်တွင် စစ်တပ်ကင်းပုန်းနှင့် ထိပ်တိုက်တိုး၍ စစ်ကိုင်းခရိုင် တပ်ရင်း ၁ နှင့် တပ်ရင်း ၃ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ဖြစ်စဉ်မှာ ဇွန်၂၈ ရက်က စဉ့်ကိုင်ရွာနှင့် တလိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း အား ကြားဖြတ်တိုက်ခိုက်ရန် ကားဖြင့် သွားရောက်စဉ် ကင်းပုန်းနှင့် ထိပ်တိုက်တိုး၍ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း
သေဆုံးခဲ့သည့် စစ်ကိုင်းခရိုင် PDF တပ်ရင်း ၃ မှ ဒု-တပ်ရင်းမှူး အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အလောင်းများကို စစ်တပ်က မီးရှို့သွားကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်တပ်ရင်း၂ မှ ပြန်ကြားရေး တာဝန်ခံက “စဉ့်ကိုင်ကျေးရွာကို မန္တလေးဘက်ကနေ စက်လှေတွေနဲ့ ကူးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်စီးပြီးတော့ ကင်းပုန်းထိုးထားကြတာ။ စဉ့်ကိုင်ရွာကို ဝင်စီးခံရတယ်ဆိုပြီး တပ်ကူသွားတဲ့အချိန်မှာ ကင်းပုန်းနဲ့တွေ့ပြီး ဦးအောင်အပစ်ခံရလို့ ကားပေါ်ပါတဲ့ စစ်ကိုင်းခရိုင်ရင်း ၃ က ဒုတပ်ရင်းမှူး အဇဲအပါအဝင် ၁၄ ဦး ကျဆုံးသွားတာ ရုပ်အလောင်းတွေကိုလည်း မီးရှို့သွားလို့ Dead body တွေ ပြန်မရလိုက်ဘူးဗျ၊ စစ်တပ် ကင်းပုန်းထိုးပြီး ခြုံခို တိုက်ခိုက်ခံရလို့ အခုလို ကျဆုံးသွားကြတာပါ” ဟု ပြောသည်။
ကျောက်ဆည်ခရိုင်တပ်ရင်း ၂ သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ မန္တလေးတိုင်းအတွင်းမှ တပ်ရင်းတခုဖြစ်ကာ စစ်ကိုင်းခရိုင်အတွင်း အခြေပြု၍ တော်လှန်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော အဖွဲ့တခု ဖြစ် သည်။
ဇွန်၂၈ ရက် နံနက်ပိုင်းက မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းမှ သံခွန်မော်တော်တစီး၊ စပိဘုတ် ၃ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်သည် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး စစ်ကိုင်းမြို့နယ်၊ အုတ်ဖို ကျေးရွာ၌ ကမ်းကပ်ကာ စဉ့်ကိုင်နှင့်တလိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ခြင်း ဟု သိရသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အထူးသဖြင့် စစ်ကောင်စီက မြစ်နဲ့နီးတဲ့ သူတို့ထိန်းချုပ်မှု အောက်မှာရှိတဲ့ မန္တလေးတိုင်းဘက်ကို PDF အဖွဲ့တွေကူးလာမှာ ကြောက်လို့ ပြောက်ကျားစနစ်နဲ့ ဝင်စီးပြီး ရှင်းလင်း နေတာမျိုးပါ။ အခုက စစ်ကြောင်းထိုးတဲ့ ပုံစံမျိုး မသုံးတော့ဘဲ PDF တွေ အလစ်အငိုက်မှာ ပြောက်ကျားစနစ်နဲ့ဝင်ပြီး ရှင်းလင်းတာမျိုးကြောင့် အရင်ကထက် ပိုပြီး ဂရုစိုက်ကြဖို့ လိုလာပြီလို့ သတ်ိပေးလိုက်သလိုပါပဲ” ဟု ပြောသည်။
ထိုသို့ စစ်ကြောင်းထိုုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အုတ်ဖိုကျေးရွာအား စီးနင်းဝင်ရောက်ပြီးနောက် နံနက် ၆ နာရီခွဲခန့်တွင် စဉ့်ကိုင်ကျေးရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဆက်လက်စီးနင်း နေခြင်းကြောင့် စစ်တပ်စစ်ကြောင်းကိုကာရန် သွားရောက်တိုက်ခိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်းဟု သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးစိုးဝင်းဆွေကလည်း “PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ ရန်သူ့ သတင်းရဖို့နဲ့ မိမိသတင်းလုံဖို့ စစ်ပွဲရဲ့ အသက်သွေးကြောဖြစ်တယ်ဆိုတာ အတော်များများ သိရှိကြပြီး ဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးမှုနည်းနေတာက ပြဿနာပဲ ဖြစ်မယ်ထင်တယ်။ သူတို့ ကိုယ့်သတင်းရနိုင်မယ့် နည်းလမ်း နှစ်မျိုး ရှိတယ်။ မြေပြင်ထောက်လှမ်းခြင်းနဲ့ နည်းပညာ အကူအညီရယူထောက်လှမ်းခြင်းပဲ၊ Air Strike အတော်များများက နည်းပညာနဲ့ သတင်းထောက်လှမ်းရယူပြီး တိုက်ခိုက်တာလို့ ယူဆမိတယ်၊ အဓိကက ဖုန်းတွေကတဆင့် ထောက် လှမ်းတာ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အဲဒီနည်းပညာမျိုး အစ္စရေးစစ်တပ်မှာသုံးတာ ဖတ်ဖူးတယ်။ တနေရာထဲမှာ Active ဖြစ်နေတဲ့ ဖုန်းတွေစုပြုံနေတာမျိုးကို တာဝါတိုင် Source တွေကနေ ခြေရာခံတဲ့ နည်းပညာပဲ။ အဲဒီလို စုပြီဆိုတာနဲ့ စုတဲ့နေရာကို ငှက်နဲ့သွားထုတော့တာပဲ။ မြေပြင်သတင်းထောက်လှမ်းတာကတော့ ပျူ/ဒလန်တွေကို သုံးတာဖြစ်နိုင်သလို ကိုယ့်ဘက်က ပေါ့လျော့လို့ ကိုယ့်သတင်း အလွယ်တကူ ပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။ Social media ကို လက်လွတ်စပယ်သုံးတာ၊ စစ်ဆင်ရေးကို အလှူလှည့်သလို သွားတာ။ တပ်စခန်းမှာမနေဘဲ မလိုအပ်ဘဲ ရပ်ရွာထဲမှာ အချိန်ဖြုန်းတာမျိုးက PDF တွေ အထူးရှောင်ကြဉ်သင့်တယ်လို့ မြင်မိတယ်” ဟု ဆက်လက် ပြောသည်။
သေဆုံးခဲ့ရသူများတွင် စစ်ကိုင်းခရိုင်တပ်ရင်း ၁ မှ ၅ ဦး၊ တပ်ရင်း ၃ မှ ဒုတပ်ရင်းမှူး ရဲဘော် အဇဲ၊ ရဲဘော်လင်းရောင် (တပ်ခွဲမှူး)၊ ရဲဘော်တိုးကြီး (တပ်စိတ်မှူး)၊ ရဲဘော်ငရဲ၊ ရဲဘော် ဆံဝါ၊ ရဲဘော်နန်းကြီး၊ ရဲဘော် တေဇ၊ ရဲဘော် စိုးကြီး၊ ရဲဘော် ရဲဇော် စသည့် ၉ ဦး ကျဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၃ မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ကျောက်ဆည်ခရိုင်တပ်ရင်း ၂ မှ ပြန်ကြားရေးတာဝန်ခံက “အချိန်မတိုင်ခင်မှာ တန်ဖိုးရှိတဲ့သူတွေ ပေးလိုက်ရတာမို့ များစွာလည်း စိတ်မကောင်းဖြစ်ရပါတယ်၊ တော်လှန်ရေး ရဲဘော်တိုင်းကို သူရဲကောင်းပဲ ဖြစ်စေချင်တာ၊ အာဇာနည်ဆို တာမျိုး မဖြစ်စေချင်ဘူး၊ ဒါကြောင့် အခုလို ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို သတိကြီးကြီးထား သင်ခန်းစာယူပြီးတော့ ပြင်ဆင်ချက်ကောင်းကောင်း မွမ်းမံချက်ကောင်းကောင်းနဲ့ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်သွားကြဖို့ ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် စဉ့်ကိုင်ကျေးရွာမှတဆင့် တလိုင်းကျေးရွာဘက်သို့ ဆက်လက်ကူးကာ တလိုင်းရွာထိပ် ကားလမ်းဘေးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် များနှင့် တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဒီနေ့ဆိုရင်လည်း စဉ့်ကိုင်၊ ပဒူကျေးရွာတွေအနီးမှာ တိုက်ပွဲ တွေ ပြင်းထန်နေပါတယ်၊ နယ်မြေမှာရှိတဲ့ ရပ်ကျေး ပကဖ တွေ၊ Local PDF၊ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ Mission ဖော်ဆောင်နေတာဖြစ်တဲ့အတွက် နှစ်ဖက်ထိခိုက် ကျဆုံးတာတွေတော့ မသိရသေးပါဘူးဗျ” ဟု ပြောသည်။
အဆ်ိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇွန်၂၈ ရက် နံနက် ၆ နာရီ ခွဲကျော် စစ်ကိုင်းမြို့၏မြောက်ဘက်၊ မတ္တရာမြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ စစ်ကိုင်းမြို့နယ် တလိုင်းနှင့် စဉ့်ကိုင်ကျေးရွာကြား ဗျူဟာလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲဝင် ၁၄ ဦး သေဆုံးကာ စနိုက်ပါ ၁ လက်၊ (Type-81) သေနတ် ၇ လက်၊ KA-25 သေနတ် ၃ လက်၊ SIG Sauer P-320 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ အိုင်ကွန် ၆ လုံး၊ ဗုံးနှင့်ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဇွန် ၂၅ ရက်ကလည်း စစ်ကိုင်းမြ်ို့နယ် ဧရာဝတီမြစ်ကမ်းဘေးမှ ကင်းတော်ကျေးရွာအနီးရှိ ငါန်းဇွန်မြို့နယ်ပကဖအဖွဲ့ စခန်း၊ ကိုင်းပြင်ကျေးရွာအနီးရှိ ကိုင်းပြင်ကျေးရွာပကဖ စခန်း၊ ဥယျာဉ်ကျေးရွာများအနီးရှိ အမရစစ်သည်တော် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခံခဲ့ရမှုကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူ၂၀ ဦးထိ သေဆုံးခဲ့ရသလို လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့ရကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
“စခန်းတခုလုံးရဲ့ အသက်က ကင်းသမားရဲ့လက်ထဲမှာမို့ ကျနော်တို့ ရဲဘော်တွေအနေနဲ့ကလည်း ကင်းကို သတိကြီး ကြီးထားပြီး စောင့်ကြဖို့ လိုလာပါပြီ၊ အခုအစီးခံရတဲ့ စခန်းတွေက ကင်းသမားကို အရင်ဆုံး သေနတ်သံ မထွက်ဘဲ ရှင်းလင်းပြီးမှ အိပ်ဆောင်တွေထဲအထိ ဝင်စီးတာမျိုးမို့ အထူးသတိထားပြီး ကင်းကို နေ့၊ ည မျက်ခြေ မပျက်စေဘဲ စောင့်ကြဖို့ လိုပါတယ်၊ အခုက ကင်းပမ်းတဲ့အချိန်မျိုးမှာ အလစ်အငိုက် ဝင်စီးကြတာမျိုးမို့ ကိုယ်က အသက်တောင် ပေးမယ်လို့ ဆုံးဖြတ်ထားကြတာမို့ ကင်းတာဝန်ကျတဲ့ ရဲဘော်တွေအနေနဲ့လည်း သတိလက်လွတ်မနေကြဘဲ အရင် ကထက် ပိုပြီး ဂရုစိုက်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ကျောက်ဆည်ခရိုင်တပ်ရင်း ၂ မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အဆိုပါ စခန်းများသို့ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက မန္တလေးတိုင်း ငါန်းဇွန်မြို့ နယ်ဘက်မှ စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာဘက်သို့ ဧရာဝတီမြစ်အား ဖြတ်ကူးကာ ကုန်းကြောင်း၊ ရေကြောင်း စစ်ကြောင်း ခွဲဖြန့်ကာ ဝင်ရောက်လာပြီး နံနက် ၅ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ဝင် ရောက်စီးနင်းခဲ့ကြခြင်းဟု သိရသည်။
“ဖက်စစ်တပ်ရဲ့ အခုချိန်မှာ ကြုံနေရတဲ့ အကျပ်အတည်းကတော့ Human resources နည်းပါးနေခြင်းဖြစ်တယ်၊ ဒါကြောင့် စစ်ကိုင်းဇုန်မှာ သူတို့ (စစ်ကောင်စီ) အဓိက တည်ဆောက်နေတာက သတင်းကွန်ရက်ပဲ။ သတင်းကို သေ ချာခိုင်အောင် လိုက်တယ်။ အရင်ကလို အနံ့လောက်ရရုံနဲ့ စစ်ဆင်ရေး မလုပ်သေးဘူး၊ လွှတ်ထားတယ်၊ လေ့လာ တယ်၊ ပိုင်ပြီဆိုမှ ဝင်တယ်။ အမြန်ပြန် ဆုတ်တယ်။ ပြောရရင် လူအင်အားနည်းပါးမှုနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် ဗျူဟာ၊ ပိုင်မှလုပ်တဲ့ ဗျူဟာပါပဲ၊ နမခဇုန်မှာ ဖက်ဆစ်တွေ ဗျူဟာအပြောင်းအလဲလုပ်လာတာ သေချာပါတယ်။ အပြောင်းအလဲ ဆိုပေမယ့် အသစ်အဆန်းလို့တော့ မမြင်မိ၊ မိမိရဲ့ပေါ့လျော့မှု၊ သတိအလစ်ကို ချောင်းမြောင်းပြီး ပိုင်မှ ဝင်သုတ်တဲ့ တန်ပြန်ပြောက်ကျားဗျူဟာသာ ဖြစ်တယ်လို့ နားလည်ရပါတယ်” ဟု ဦးစိုးဝင်းဆွေက သုံးသပ်ပြောဆို သည်။
You may also like these stories:
ပုလဲမြို့နယ် ညောင်ကုန်းရွာ ဗုံးကြဲခံရမှု ၁၀ ဦးသေဆုံး
ပြည်သူ့ကာကွယ်ရေးစခန်း ၃ ခု စစ်တပ် ဝင်စီး၊ PDF ၁၃ ဦးနှင့် ဒေသခံ ၄ ဦး သတ်ဖြတ်ခံရ
စခန်းတိုက်ခိုက်ခံရသည့် ပျူစောထီးများနှင့် စစ်တပ် ကျေးရွာများကို မီးလိုက်ရှို့