ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံအနှံ့ မိုးအဆက်မပြတ်ရွာခဲ့ရာ ရန်ကုန်၊ ပဲခူး ဧရာဝတီတိုင်း စသည့်ဒေသများရှိ စပါးခင်းများ ရေနစ်မြုပ်သဖြင့် ပျက်စီးဆုံးရှုံးပြီး စပါးအထွက်ကျနိုင်ကြောင်း တောင်သူလယ်သမား များက ခန့်မှန်းသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့်ပြည်နယ်များတွင် မိုးဆက်တိုက်ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်းမှ လယ်သမားကြီးတဦးက “မှည့်နေတဲ့ စပါးတွေ၊ ရိတ်ခါနီးစပါးတွေက လေတွေ မိုးတွေကြောင့် လဲတယ်။ တချို့လယ်တွေဆို ရေလွှမ်းသွားတယ်။ အခုက အနည်းနဲ့ အများတော့ လေလွင့်ပျက်စီးမှုက ရှိနေပြီ။ လေဖိအားနည်း ရပ်ဝန်းပြီးမှ ဘယ်လောက်ဆိုတာ ခန့်မှန်းလို့ရမယ်။ အခုက ပြောဖို့ ခက်သေးတယ်။ ပျက်စီးမှုကတော့ ကျိန်းသေရှိတယ်။ မိုးက ထပ်ပြီးတော့ ၇ ရက်လောက် ဆက်ရွာမယ်ဆိုရင် ရာခိုင်နှုန်းနဲ့ ချီပြီးတော့ ဖြစ်သွားမှာ၊ မိုးပြတ်ပြီး နေပြန်ပူမယ်ဆိုရင် တော့ အပျက်အစီးက နည်းမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဧရာဝတီတိုင်း အထက်ပိုင်းရှိ ဟင်္သာတ၊ ကျူံပျော်၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ စသည့် ခရိုင်တချို့တွင် လယ်များ ရေမြုပ်နေပြီး ဧည့်မထစပါးမျိုး စိုက်ပျိုးရာ ဒေသအများစုတွင်လည်း မိုးကြောင့် စပါးပင်များလဲ၍ ပျက်စီးခြင်းများ ရှိနေ ကြောင်း၊ စိုက်ဧကမှာမူ မခန့်မှန်းနိုင်သေးကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်လက်၍ “စပါးဆံ မထွက်သေးတဲ့ စပါးပင်တွေကတော့ အန္တရာယ် မရှိသေးပေမယ့် မှည့်နေတဲ့ စပါးတွေ အတွက်က အန္တရာယ်ရှိတယ်။ စက်တင်ဘာ တတိယပတ်ထဲက မိုးက စရွာတာ အခုထိပဲ။ မိုးအုံ့နေတဲ့အတွက် ဖြုတ်ပိုး ဝင်တာများတယ်။ ဒါကြောင့် တောင်သူတွေက ဆေးလည်းဖျန်းနေရတယ်။ တပတ်မှာ ၁ ဧက ဖြုတ်ပိုးဆေးက ကျပ် ၁ သောင်း လောက်ရှိတယ်။ ပြီးတော့ လဲသွားတဲ့ စပါးတွေက စက်နဲ့ ရိတ်ရင် ပိုပြီးပျက်စီးတာ များနိုင်တော့ လူနဲ့ ရိတ်မှ သက်သာမယ်။ ဒါကြောင့်လည်း လုပ်အားခက ပိုကုန်လာမှာ။ စပါးဈေးကလည်း အခုလောလောဆယ် ဈေးကျစ ပြုနေပြီ” ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယခု အောက်တိုဘာ ပထမပတ်အတွင်း၌လည်း ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်း ရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်မှာ ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင် ကြောင်း၊ အောက်တိုဘာ ၃ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊ အောက်တိုဘာလ ၉ရက်မှ ၁၄ ရက်အတွင်း မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝန်း ဆုတ်ခွာသွားနိုင်ကြောင်းခန့်မှန်းထားသည်။
ရန်ကုန်တိုင်း ခရမ်းမြို့ နယ်မှ လယ်သမားကြီး တဦးက “ရေမြုပ်တဲ့ စပါးက မြုပ်၊ လဲတဲ့ စပါးကလဲနဲ့ ပျက်စီးဆုံးရှုံးမှု ကတော့ များမယ်ထင်တယ်။ ထက်ဝက်လောက် ဆုံးရှုံးနိုင်တယ်။ ဒီလိုရာသီမှာ မိုးလေကြီးတာက တင်း ၅၀ ထွက်မယ့် နေရာမှာ ၂၅ တင်းလောက် သီးတော့မှာပေါ့။ ခရမ်းသုံးခွဘက်မှာလည်း မြုပ်တယ်။ တချို့ကလည်းရိတ်ပြီး သွားပြီ၊ မရိတ်ရသေးတဲ့ဟာ တော့ ရေမျောနေတယ်။ သန်လျင်မှာတော့ တော်တော်များများ မြုပ်တာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအတွင်းရှိ မိုးစပါးများမှာ ရေကြီးနစ်မြုပ်မှုများ ရှိနေသလို ရေမြုပ်ပြီး ပြန်ပေါ် လာသည့် စပါးခင်းများမှာလည်း ပျက်စီးသွားကြောင်း၊ ဟင်္သာတမြို့နယ်အနီးဝန်းကျင်တွင် စပါးဧက ၄၀၀နှင့် ၅၀၀ ခန့်ကြား ရေနစ်မြုပ်နေကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။
ဟင်္သာတမြို့နယ်မှ ဆန်စက်ပိုင်ရှင် တဦးက “ရေဝပ်တာ မကြာရင်တော့ တအား မပျက်စီးလောက်ပေမယ့် မိုးက ရွာနေ တော့ ရက်နည်းနည်းကြာရင် စပါးစေ့ နည်းသွားပြီးတော့ အဝါဖောက်တာတွေ ဆန်အဝါဖောက်တာပေါ့၊ ပါလာတတ်တယ်။ ဈေးနှုန်းအနေနဲ့ကတော့ အခု စက်အရောက် တင်း ၁၀၀ ကျပ် ၁၄ သိန်း ၅ သောင်းနဲ့ ဝယ်တယ်။ ကွင်းထဲမှာတော့ ကျပ် ၁၄ သိန်း ၂ သောင်းလောက်နဲ့ဝယ်တယ်။ အခုအများဆုံးပေါ်နေတာတော့ အလဲဗင်းစပါး၊ မှော်ဘီစပါး၊ ဒဂုံစပါး၊ ဆင်းသုခ တို့ ဘာတို့လည်း နည်းနည်းပါးပါး ပေါ် ပြီ”ဟု ပြောသည်။
လက်ရှိ စပါးဈေးမှာ တင်း ၁၀၀ လျှင် နေရာဒေသနှင့် သယ်ယူပို့ဆောင်ရသည့် လမ်းပန်းဆက်သွယ်ရေး၊ စပါးအစိုဓာတ် အရည်အသွေးတို့အပေါ် မူတည်၍ စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ အများဆုံး ကျပ် ၁၄ သိန်းခွဲ ဝန်းကျင်ထိ ရှိကာ စပါးအမှည့် မညီသည့်စပါးများမှာ တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင်သာ ရရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဓာတ်မြေဩဇာ၊ ပိုးသတ်၊ စိုက်ပျိုးထွန်ယက်ခ၊ လုပ်အား၊ စက်သုံးဆီဈေးများ မြင့်နေသဖြင့် ၁ ဧက စိုက်ပျိုး စရိတ်မှာ နေရာဒေသပေါ်မူတည်၍ ကျပ် ၅ သိန်းဝန်းကျင်မှ ကျပ် ၈ သိန်း ဝန်းကျင်အထိ ရှိသဖြင့် ဧည့်မထ စပါးအမျိုး အစားမှာ တင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းနှင့် ၁၆ သိန်းဝန်းကျင်ရမှသာ လယ်သမားများအတွက် အမြတ်ကျန်မည့် အခြေအနေရှိကြောင်း လယ်သမားများက သုံးသပ်သည်။
စစ်ကောင်စီ၏ လမ်းညွှန်ချက်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဧမထ၊ ငစိန်စပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း စပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ကျပ် ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း စပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ ကျပ်၂၀ သိန်းအတွင်းနှင့် ဧရာမင်း ဧရာပဒေသာစပါးများမှာ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း သတ်မှတ်ထားပြီး အသင်းဝင် ကုမ္ပဏီများ၊ ဆန်စပါး ကုန်သည်များ အနေဖြင့် အဆိုပါဈေးနှုန်းဖြင့် ဝယ်ယူကြရန် စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
ယခုအခါ တိုင်းနှင့်ပြည်နယ်များမှ ဆန်များကို ရန်ကုန် ဝါးတန်းလမ်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ သယ်ယူပို့ဆောင်ရာ တွင် စစ်ကောင်စီလက်အောက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်အစရှိသည်တို့၏ ထောက်ခံချက်နှင့် သယ်ယူနေသော်လည်း စပါးကိုမူ သယ်ယူခွင့် မရှိသေး ကြောင်း စပါးပွဲစားနှင့် ကုန်သည်များထံမှ သိရသည်။
ပုံမှန်အားဖြင့် မိုးစပါးပေါ်ချိန်တွင် စပါးဈေး ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ရာသီဥတုအခြေအနေနှင့် ပိုးကျမှု တို့ကြောင့် မိုးစပါးများ ပျက်စီးဆုံးရှုံးမှု ရှိနိုင်ရာ စပါးအရည်အသွေးမကောင်းသောကြောင့်လည်း စပါးဈေးမှာ ဆက်၍ ကျဆင်းမည့်ဘက်သို့ ရောက်ရှိနေကြောင်း၊ စပါးကုန်သည်များနှင့် လယ်သမားများက ခန့်မှန်းထားသည်။
ယခုနှစ်အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော အယ်နီညို ရောက်ရှိနိုင်သောကြောင့် လည်း စိုက်ပျိုးရေးလုပ်ကိုင်သူများအနေနှင့် ရောဂါပိုးမွှား အန္တရာယ်ကို သတိထားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက အသိပေးထားသည်။
မြန်မာနိုင်ငံတွင် မိုးစပါး စိုက်ဧက ၁၅သန်း၊ နွေစပါး စိုက်ဧက ၃ သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ရခိုင် ကမ်းရိုးတန်းကို ဖြတ်တိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေး၊ ချင်းတို့တွင် မျိုးစပါးများ ဆုံးရှုံးသည်သာမက ရေလွှမ်းမိုးမှုများကြောင့် စိုက်ပျိုးမြေ ၄၂၅၁၇ ဧက ပျက်စီး ခဲ့ကြောင်း၊ လယ်ယာသုံး ကျွဲနွားများလည်း ရသေ့တောင်မြို့နယ် တခုတည်းမှာပင် အနည်းဆုံး အကောင်ရေ ၂၀၀၀ သေဆုံးခဲ့ပြီး စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ မြို့နယ် ၉ ခုတွင်လည်း ကျွဲနွားကောင်ရေ ၂၃၀၀ ကျော် သေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက် ထား ရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယခုနှစ် မေလ တတိယပတ်အတွင်းက ထုတ်ပြန်ခဲ့သည်။
You may also like these stories:
ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်သဖြင့် အထွက်နှုန်းလည်းကျနိုင်
စစ်ကောင်စီသတ်မှတ်သည့် မိုးစပါးဈေး တောင်သူ တွက်ခြေမကိုက်
ဆန်စပါး နယ်ကျော် သယ်ယူရောင်းချမှု စစ်ကောင်စီ ကန့်သတ်
ရခိုင်တွင် ရေလွှမ်းမိုးမှုကြောင့် လယ်ဧကသောင်းချီ ပျက်စီး
ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်