အွန်လိုင်းလိမ်လည်မှုလုပ်ငန်းနှင့် ဆက်စပ်ပြီး တရုတ်အစိုးရက ဖမ်းဝရမ်ထုတ်လိုက်သည့် ကိုးကန့်ဒေသ ခေါင်းဆောင်ဟောင်း မြင်ရွှေချမ်း (ခ) မင်ရှောက်ချန်း မိသားစုအခြေစိုက်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ၏ အုပ်ချုပ်ရေးရုံးရှိရာ ရှီးယွင်ကြည်ရွာ( ပါစင်ကျော်)အား နိုဝင်ဘာ ၁၂ ရက်ညနေပိုင်းက အပြီးတိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ကြေညာသည်။
မြင်ရွှေချမ်းမိသားစု စံအိမ်တော်တည်ရှိသည့် လောက်ကိုင်မြို့တောင်ဘက် ပါစင်ကျော်ဒေသ (ရှီးယွင်ကြည်ရွာ(သို့) ရွှေယင်စီး)အား စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် ၎င်း၏သားဖြစ်သူခေါင်းဆောင်သော ကိုးကန့်ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ပြောခွင့်ရှိသူ ကိုရန်ရန်ကပြောသည်။
ကိုရန်ရန်က “ ပါစင်ကျော်ကို ပိုင်ပိုင်နိုင်နိုင်သိမ်းပိုက်ပြီးနောက်မှာ မြင်ရွှေချမ်းကလည်း ထွက်ပြေးသွားပါပြီ။ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့ကလည်း သေတဲ့လူကသေ၊ ထွက်ပြေးတဲ့သူကပြေးနဲ့ အကုန်လုံးပါစင်ကျော်က ထွက်ပြေးသွားပါပြီ” ဟု ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး”အစပိုင်းကတည်းက ချင်းရွှေဟော်မြို့အား သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်ကစတင်ကာ ချင်းရွှေဟော်မြောက်ဘက်(ချင်းရွှေဟော်-လောက်ကိုင်ကြား)ရှိ ပါစင်ကျော်ဒေသသို့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပါစင်ကျော်တွင် စစ်ကောင်စီ၏ အမှတ် ၁၂၈ ဗျူဟာကုန်းနှင့် တပ်စခန်းကုန်း ၅ ခုခန့် အထိုင်ချထားသောကြောင့် ဆက်လက် တိုက်ခိုက်ပြီးနောက် လေးရက်မြောက်နေ့တွင် ဗျူဟာကုန်းကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပါစင်ကျော်အား အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်သည့်နေ့သည် မြင်ရွှေချမ်းနှင့်မိသားစုဝင်များအား တရုတ်က ဖမ်းဝရမ်း ထုတ်သည့်နေ့လည်းဖြစ်သည်။ ထို့ပြင် စစ်ကောင်စီ၏ နာမည်ကျော် ကွမ်းလုံဗျူဟာကုန်းနှင့် ဒေသတခုလုံး ညီနောင်မဟာမိတ်အဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်သည့်နေ့လည်း ဖြစ်သည်။
ပါစင်ကျော်ဒေသအား စီးနင်းတိုက်ခိုက်မှုတွင် မြင်ရွှေချမ်း၏ စံအိမ်တော်အား စီးနင်းခဲ့ပြီး အိမ်အား ကျည်ဆန်ထိမှန်မှုများကြောင့် ပျက်စီးနေသည်ကိုလည်း တွေ့ရသည်။
အသက် ၆၉ နှစ်အရွယ် မြင်ရွှေချမ်းသည် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန်၏ လက်ရုံးတပည့်တဦး ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က မြင်ရွှေချမ်း၏ ၆၉ နှစ်မြောက်မွေးနေ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသ ဦးစီးအဖွဲ့ဝင်အချို့က ပါစင်ကျော်ရှိ မြင်ရွှေချမ်း၏ စံအိမ်သို့သွားရောက် ဂါဝရပြုခဲ့ကြသည်ကို တွေ့ရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် ၎င်းအနေဖြင့် ကိုးကန့်ဒေသအတွင်း ဩဇာကြီးသူတဦး ဖြစ်သလို သားအကြီးဖြစ်သူ မင်ကော်ဖျင်မှာ ကိုးကန့်ဒေသအလိုက် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သည့်အပြင် သားအငယ် ဖြစ်သူ မင်ကော်အမ်မှာလည်း လောက်ကိုင်အမှတ် ၂၁ ရဲတပ်ရင်း၏ တပ်ရင်းမှူးဖြစ်သည်။
ပြည်သူ့စစ်ခေါင်းဆောင် မင်ကော်ဖျင်သည် ယခုနှစ်ကျရောက်သည့် ၇၈ နှစ်ပြည့် တော်လှန်ရေးနေ့(တပ်မတော်နေ့) အခမ်းအနားအား နေပြည်တော်တွင် တက်ရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သေးသည်။
ဒေသတွင်းအာဏာရှိသော မြင်ရွှေချမ်း၏မိသားစုများသည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း တရုတ်က သိရှိပြီးနောက် ဖိအားပေးမှုနှင့် အန္တရာယ်များရင်ဆိုင်လာရသည်။
မိသားစုဝင်တဦး ပထမဆုံး ဖမ်းဆီးခံရမှုအနေဖြင့် ၎င်း၏သားမက်ဖြစ်သူ ပီဟွေကျွင်းအား တရုတ်နိုင်ငံတွင်ကျင်းပသည့် ကုန်စည်ပြပွဲသို့အလာတွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရပြီးနောက် လူမြင်ကွင်းကပျောက်ဆုံးနေသည့် ပီဟွေကျွင်းသည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် အချိန်ကိုက် အွန်လိုင်းတွင် ထွက်ပေါ် လာခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများနှင့် မပတ်သက်ရန်၊ တရုတ်နိုင်ငံသားများအား ပြန်လွတ်ပေးရန်နှင့် မိမိတို့လက်အတွင်း တရုတ်နိုင်ငံသားသေဆုံး၊ ထိခိုက်ပါက ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဗီဒီယိုဖိုင်ဖြင့် ပြောဆိုထားသည်။
ထိုဗီဒီယိုဖိုင်ထွက်ပေါ်အပြီး နိုဝင်ဘာ ၁၂ ရက်တွင် မြင်ရွှေချမ်း၊ သားဖြစ်သူ မင်ကောဖျင်၊ သမီးဖြစ်သူ မင်ဂျူလန် နှင့်မြေးဖြစ်သူ မင်ကျန်ကျန်တို့အား တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ၎င်းတို့အား ဖမ်းမိရေး သတင်းပေးသူအား တရုတ်ယွမ်ငွေ တသိန်းမှ ငါးသိန်းအထိ ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထိုဝရမ်းတွင် မြင်ရွှေချမ်းမိသားစုသည် အွန်လိုင်းလိမ်လည်မှုရာဇဝတ်ဂိုဏ်းခေါင်းဆောင်များဖြစ်ကြောင်းကို အထောက်အထား ခိုင်လုံစွာရရှိထားကြောင်းနှင့် ၎င်းတို့အား ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ နာကျင်စေမှုနှင့် တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်းများအတွက်လည်း သံသယရှိပြီး ဆိုးဝါးသည့်အကျိုးဆက်များ ရှိကြောင်းလည်း ဖော်ပြထားသည်။
ဝရမ်းထုတ်မှု၏ နောက်ဆက်တွဲအနေဖြင့် တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်ဝင်ခွင့်ရထားကြောင်း သတင်းထွက်နေသည့် မြေးဖြစ်သူ အောင်ဝင်းဦး (ခ) မင်ကွမ်ကျုံ ကိုပါ တရုတ်လူမှုကွန်ရက် သုံးစွဲသူများက ထောက်ပြခဲ့ကြသည်။
ထိုကဲ့သို့ ထောက်ပြခြင်းသည် အောင်ဝင်းဦးမှာ ပီကင်းတက္ကသိုလ်သို့ ဒေသတွင်းမှ ပထမဆုံးဝင်ခွင့်ရသူအဖြစ် မြင်ရွှေချမ်းကိုယ်တိုင် လူသိရှင်ကြား ဂုဏ်ပြုအခမ်းအနားကို ယခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပခဲ့ခြင်းကြောင့် ဖြစ်သည်။
ပီကင်းတက္ကသိုလ်ဘက်ကမူ အောင်ဝင်းဦးမှာ ၎င်းတို့ကျောင်းသားမဟုတ်ကြောင်း ပြန်လည်ငြင်းဆိုထားသည်ဟု တရုတ်သတင်းများတွင် ပြန်လည် ဖော်ပြခဲ့သည်။
မြင်ရွှေချမ်းမိသားစုအား တရုတ်၏ ဝရမ်းထုတ်မှုသည် အွန်လိုင်းလိမ်လည်မှုတခုတည်းကြောင့်မဟုတ်ဘဲ လူသတ်မှု သံသယကြောင့်လည်း ပါဝင်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင် မြင်ရွှေချမ်းမိသားစု ပတ်သက် ဆက်နွယ်သည့် လောက်ကိုင်မြို့အရှေ့ဘက်ရှိ Crouching Tiger Villa ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသား အများအပြား သေဆုံးခဲ့ရသည့်သတင်းများနှင့် ပတ်သက်ပြီး တရုတ်က သံသယရှိနေခြင်းဖြစ်သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ယူနန်ပြည်နယ်၊ လင်ချန်းမြို့နိုင်ငံခြားရေးဌာနက ကိုးကန့်ဦးစီးအဖွဲ့ထံ ချက်ချင်း စုံစမ်း ဖော်ထုတ်ရန်နှင့် မြင်ရွှေချမ်းမှ ရှင်းလင်းသောအဖြေတခုပေးရန် စာပေးပို့ တောင်းဆိုခဲ့သည်။
ထိုတရုတ်နိုင်ငံသားများ သေဆုံးမှုဖြစ်စဉ်အား မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP)နှင့် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု(USIP)တို့၏ လတ်တလောအစီအရင်ခံစာများတွင်လည်း ဖော်ပြထားပြီး သေဆုံး ထိခိုက် ဒဏ်ရာရသူများတွင် အရပ်သား အသွင်ယူ တရုတ်ထောက်လှမ်းရေးအချို့လည်း ပါဝင်ကြောင်း USIP က ဖော်ပြထားသည်။
သို့သော် တရုတ်ထောက်လှမ်းရေးနှင့် တရုတ်နိုင်ငံသားများ အမှန်တကယ်သေဆုံးသည်ဆိုသော သက်သေအထောက်အထားများ အခိုင်အမာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
အထပ်မြင့်အဆောက်အဦး လေးလုံးပါရှိသည့် မြေ ၁၁ ဧကအကျယ် Crouching Tiger Villa သည် တရုတ်နိုင်ငံသား အများအပြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာနေရာဖြစ်ပြီး မြင်ရွှေချမ်းမိသားစု ထိန်းချုပ်ထားကြောင်း အများက နားလည်ထားကြသည်။
ထိုလူသတ်မှုစွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက် ကိုးကန့်ဒေသ ပြည်သူ့စစ်များသည် Crouching Tiger Villa အား အောက်တိုဘာ ၃၀ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းမိသည့်တရုတ်နိုင်ငံသားရာချီအား တရုတ်နိုင်ငံသို့ ပြန်လွှဲပေးခဲ့သည်။
ထိုရက်ပိုင်းအတွင်းမှာပင် Crouching Tiger Villa နေရာနှင့်အဆောက်အဦးများအား မြင်ရွှေချမ်းမိသားစုက အခြားသူများအား ၂၀၁၉ ခုနှစ်ကတည်းက ရောင်းချထားသည်ဆိုသော ကိုးကန့်ဒေသဦးစီးအဖွဲ့ တံဆိပ်တုံးပါ စာချုပ်ဆန်သည့် တရုတ်ဘာသာဖြင့်ရေးသားထားသော စာရွက်တခုလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့စွဲပါစာအရ မြင်ရွှေချမ်းမိသားစုမှ အခြားသော တရုတ်နိုင်ငံသားသုံးဦးထံသို့ မြေကွက်အား ၁ ဧက လျှင် ယွမ်ငွေ ၂ သိန်း၊ စုစုပေါင်း ၁၁ ဧကအတွက် ယွမ်ငွေ ၂.၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဝယ်ယူခဲ့သူများက မြေပေါ်တွင် အထပ်မြင့်အဆောက်အဦလေးလုံးတည်ဆောက်ခဲ့ကြပြီး Fu Wenbin ဆိုသူအား ယွမ်ငွေ ၃၆ သန်းဖြင့် ထပ်ဆင့်ရောင်းချခဲ့ကြောင်းလည်း စာတွင်ဖော်ပြထားသည်။ ထိုစာသည် တရားဝင် အရောင်းအဝယ် စာချုပ် အစစ်အမှန် ဟုတ် မဟုတ် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် စာတွင်နောက်ဆုံးပိုင်ဆိုင်သူအဖြစ် ဖော်ပြထားသည့် Fu Wenbin ဆိုသူအား အောက်တိုဘာ ၃၀ ရက်က Crouching Tiger Villa စီးနင်းမှုတွင် ဖမ်းဆီးရမိခြင်း ရှိမရှိအားလည်း ကိုးကန့်ဦးစီးအဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုသို့ မြင်ရွှေချမ်းမိသားစုနှင့်ပတ်သက်သည့် အခြေအနေများရှုပ်ထွေးနေချိန်တွင် နိုဝင်ဘာ ၅ ရက်ကလည်း ၎င်းမိသားစုနှင့် ဆက်နွယ်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ထုတ်ပိုးစည်းနှောင်ကာ မြေမြုပ်ထားသည့် ရုပ်အလောင်း ၂ လောင်းကို တူးဖော်တွေ့ရှိရကြောင်း ဒေသတွင်အရင်းအမြစ်များက ဖော်ပြခဲ့ကြသည်။
သေဆုံးသူများသည် မည်သည်မည်ဝါဖြစ်သည်ကို မည်သည့်အဖွဲ့ကမှ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုအခြေအနေများအောက်တွင် တရုတ်က ဖမ်းဝရမ်းထုတ်လိုက်သည့် မြင်ရွှေချမ်းမိသားစုသည် လူမြင်ကွင်းက ပျောက်ကွယ်နေခဲ့ပြီး MNDAA က ၎င်း၏နေအိမ်နှင့် ပါစင်ကျော်ဒေသအား စီးနင်းသိမ်းပိုက်ရာတွင်လည်း ဖမ်းဆီးရမိခြင်း မရှိခဲ့ကြောင်း MNDAA ဘက်က ပြောသည်။
အကယ်၍ MNDAA အနေဖြင့် မြင်ရွှေချမ်းအပါအဝင် တရုတ် ဝရမ်းထုတ်ထားသူများအား ဖမ်းဆီးရမိပါက တရုတ်ထံသို့ လွှဲပြောင်းပေးနိုင်ခြေရှိသည်။ ၎င်းတို့ စစ်ဆင်ရေးရည်ရွယ်ချက်မှာပင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးကို ထည့်သွင်းထားခြင်းကြောင့်ဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ နှစ်နိုင်ငံပူးတွဲတိုက်ဖျက်ရေး တရုတ်ထံ ကတိကဝတ်ပြုထားသည့် စစ်ကောင်စီဘက်ကမူ လက်ရှိ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူ မြင်ရွှေချမ်းသား မင်ကော်ဖျင်ဦးဆောင်သည့် ပြည်သူ့စစ်များနှင့် ပူးတွဲကာ ညီနောင်မဟာမိတ်အဖွဲ့ကို တိုက်ပွဲဝင်နေသည်။
ထိုအခြေအနေများကြောင့် တရုတ်အစိုးရထံ ကတိကဝတ်ပြုထားသော်လည်း စစ်ခေါင်းဆောင်များအနေဖြင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မြင်ရွှေချမ်းအား ဖမ်းဆီးကာ တရုတ်ထံလွှဲအပ်ခြင်းပြု မပြုမှာ မသေချာပေ။
တရုတ်၏စွပ်စွဲမှုများကြောင့် မြင်ရွှေချမ်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် တချိန်တည်းမှာပင် စစ်ကောင်စီသည် လောက်ကိုင်မြို့ အတွင်းမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်သူများနှင့် ဒေသတွင်း ငွေကြေးချမ်းသာသူများအား ငွေကြေးအများအပြား ရယူကာ စစ်ရဟတ်ယာဉ်များဖြင့် နိုဝင်ဘာအစပိုင်းကတည်းက ရွှေ့ပြောင်းပေးနေကြောင်း MNDAA ဘက်က ထုတ်ဖော်ပြောဆိုထားသည်။
You may also like these stories:
ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး
လောက်ကိုင်တွင် ထိုင်းနိုင်ငံသားများအား စစ်တပ်က လူသားဒိုင်းအဖြစ်ဆက်သုံးနေ
၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ
တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ