ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လယောင်မြို့ရှိ Italian Thai Development Public ကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်း၌ လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၅၀၀ ခန့်က ၎င်းတို့၏ လုပ်အားခ တလစာမရသဖြင့် အမှုဖွင့် တိုင် ထားကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။
နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ဖြင့် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ အပါအဝင် မြန်မာအလုပ်သမား ၅၀၀ ခန့်သည် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပုံမှန်လုပ်ကိုင်နေရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွက် လုပ်အားခအား ရရှိခြင်းမရှိခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။
အလုပ်သမားတဦးလျှင် ဘတ် ၁ သောင်းခွဲခန့်ဖြင့် စုစုပေါင်း ဘတ် ၆ သန်းကျော်ကို အလုပ်ရှင်နှင့် အလုပ်သမား ခေါင်းဆောင်များက ယနေ့အချိန်ထိ မပေးဘဲ ရွှေ့ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ထို့ကြောင့် မတ် ၈ ရက်တွင် ထိုင်းအစိုးရလက်အောက်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ အလုပ်သမားများနှင့်အတူ သွားရောက်တိုင်ကြားခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့မှ ကိုမုန်တိုင်းက ဆိုသည်။
၎င်းက “အလုပ်သမား ၅၀၀ ရဲ့ ၂ လပိုင်းက တလစာလုံးမရတာ။ ကျနော်တို့ သက်ဆိုင်ရာရုံးမှာ သွားရောက် တိုင်ကြား ညှိနှိုင်းတဲ့အချိန်မှာ ဒီလုပ်ငန်းခွင်က ထိုင်းနိုင်ငံမှာ နာမည်ပျက်ရှိတယ်။ ပိုက်ဆံ ငွေရေးကြေးရေးကို သူတို့ မပေးနိုင်ဘူး။ သူတို့ ငွေရေးကြေးရေး အခက်အခဲဖြစ်နေလို့ အခုလို လုပ်ခလစာ မရှင်းသေးတာပါပေါ့။ အလုပ်သမားအကုန်လုံးက မြန်မာတွေပါပဲ။ MoU တွေ များတယ်” ဟု ပြောသည်။
ထို့ပြင် အလုပ်သမားများ၏ လုပ်အားခများကို အမြန်ဆုံးထုတ်ပေးရန်နှင့် အခြားအခွင့်အရေးများလည်း အပြည့်အဝ ရရှိရေး လုပ်ငန်းခွင်ထဲသို့ ကွင်းဆင်းစစ်ဆေးပေးရန် အလုပ်သမားရုံးကို ထပ်မံတောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါလုပ်ငန်းခွင်မှ အလုပ်သမားတဦးက “မနေ့က ကျနော်တို့နဲ့ ညှိနှိုင်းတော့ စားဖို့စရိတ် ၁,၀၀၀ ထုတ်ပေးမယ်။ ဒီ ၁,၀၀၀ ထောင်နဲ့တော့ အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် လက်မခံဘဲ ဆန္ဒပြမလိုဖြစ်ခဲ့ပေမယ့် ကူညီတဲ့အဖွဲ့က ဆန္ဒပေးမပြလို့ အခန်းကိုပဲ ပြန်ခဲ့ကြပါတယ်” ဟု ပြောသည်။
အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံသို့ MoU ဖြင့် တရားဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် အထောက်အထား အပြည့်အစုံရှိသော အလုပ်သမားများဖြစ်ရာ အလုပ်လုပ်ရက် ၃ ရက်ထပ် ပိုမိုပျက်ကွက်ပါက အလုပ်မှထုတ်ပိုင်ခွင့်ရှိသဖြင့် အလုပ်မနားဘဲ ဆက်လက်လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ကိုမုန်တိုင်းက “အလုပ်သမားတွေကိုတော့ အလုပ်ကို ဆက်ဆင်းခိုင်းထားတယ်။ ထိုင်းနိုင်ငံမှာက အလုပ်မဆင်းတာ ၃ ရက်ပြည့်ရင် အလုပ်ဖြုတ်လို့ရတယ်။ အဲဒါကြောင့် ဆန္ဒပြတာတွေ ပေးမလုပ်ဘူး။ အလုပ်ကိုပဲဆက်ဆင်းဖို့ ပြောထား တယ်။ လာမယ့် ၁၁ ရက်ကျ ထိုင်းအာဏာပိုင်တွေကို ဒီဆောက်လုပ်ရေးလုပ်ငန်းထဲ ဝင်စစ်ပေးဖို့အတွက် ပြော ထားတော့ သူတို့ ဝင်စစ်ပါမယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ် ၅ ရက်ကလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၉ သိန်းကျော် မရသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများ ပိုများလာပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း များလာခြင်းကြောင့် တိုင်ကြားမှုများ များပြားလာကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားရေးကူညီဆောင်ရွက်ပေးသူ များထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ အချက်အလက်များအရ သိရသည်။