ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ပန်းလှိုင်မြစ် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ရာ ဆားမလောက်ရွာ ကမ်းနားလမ်းမှ လူနေအိမ် ၁၇ လုံး ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရကြောင်း သတင်းရရှိသည်။
‘မြစ်ကမ်းပါးပြိုတာက ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စပြိုတာ။ ဒီနေ့ထိ အိမ် ၁၇ လုံး ဖျက်ပြီးရွှေ့ထားရတယ်။ မြေပြိုတဲ့ ကမ်းနားအစပ်က အိမ် ၃၆ လုံးကို အန္တရာယ်ရှိ နေအိမ်အဖြစ် သတ်မှတ်ထားပြီး ပစ္စည်းတွေတော့ ရွှေ့ထားတယ်။ အိမ် တွေတော့ မဖျက်သေးဘူး” ဟု ညောင်တုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဆန်း က ဧရာဝတီကို ပြောသည်။
နေအိမ်များ ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရသည့် မိသားစု ၁၇ စုမှ လူပေါင်း ၆၀ ကျော်ကို ဆားမလောက်ရွာရှိ ရွှေဥဒေါင်း ဘုန်းတော်ကြီးကျောင်းတွင် ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်၍ စောင့်ရှောက်ထားကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုမှုကြောင့် ဆားမလောက်ရွာ ကမ်းနားလမ်းမှ အလျား ၂၅၀ ပေ အနံ ပေ ၇၀ ရှိသည့် မြေသားများ မြစ်ထဲသို့ပါသွားခဲ့ပြီး မြေပြိုသည့်နေရာမှာ ရန်ကုန်- ပုသိမ် ကားလမ်းဘေး မိုင်တိုင် ၂၈ မိုင် ၆ ဖာလုံနှင့် ၂၈ မိုင် ၈ ဖာလုံ ကြားတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။
“မြေပြိုတဲ့နေရာက ရန်ကုန်- ပုသိမ်ကားလမ်းနဲ့ ဆိုရင် ပေ ၃၀၀ လောက်ပဲ ဝေးတော့တယ်။ ဒီထက်ပိုဆိုးလာရင် ကားလမ်းအတွက်ပါ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်။ ၂၀၁၂ ခုနှစ်လောက်ကတည်းက မြစ်ကမ်းပါးက တဖြည်းဖြည်းပြိုနေတာ။ ဒီနှစ်တော့ အဆိုးဝါးဆုံး ဖြစ်သွားတာပေါ့” ဟု ညောင်တုန်းမြို့ခံ ကိုသက်က ပြောသည်။
ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဘေးဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ မိသားစုတစ်စုလျှင် ငွေ ၂၀၀၀၀ ကျပ်၊ စားသောက်စရာများနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ထားကြောင်း သိရသည်။