နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအနှံ့ ကျင်းပလေ့ ရှိပါတယ်။ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။ ယနေ့၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့က (၇၂) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင် ၉ ဦး လုပ်ကြံခံခဲ့ရပြီး နောက်မှာတော့ အာဇာနည်နေ့ အခမ်းအနားဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

လုပ်ကြံခံခဲ့ရသူတွေကတော့ —
၁။ ဗိုလ်ချုပ်အောင်ဆန်း (ဝန်ကြီးချုပ်)
၂။ ဦးဘချို (ပြန်ကြားရေးဌာန ဝန်ကြီး)
၃။ မန်းဘခိုင် (အလုပ်သမားရေးရာဌာန ဝန်ကြီး)
၄။ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာန ဝန်ကြီး)
၅။ သခင်မြ (ပြည်ထဲရေးဌာန ဝန်ကြီး)
၆။ ဦးအဗ္ဗဒူရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်ဌာန ဝန်ကြီး)
၇။ စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာန ဝန်ကြီး)
၈။ ဦးအုန်းမောင်(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်)
၉။ ရဲဘော် ကိုထွေး (ဦးအဗ္ဗဒူရာဇတ် သက်တော်စောင့်) တို့ပဲ ဖြစ်ပါတယ်။
အာဇာနည်တွေ လုပ်ကြံခံရတဲ့ အချိန်ကတော့ နံနက် ၁၀ နာရီ ၃၇ မိနစ်ဖြစ်ပြီး ရန်ကုန်မြို့လယ်မှာရှိတဲ့ ဝန်ကြီးများရုံးမှာ အစည်းအဝေး ကျင်းပနေတဲ့အချိန် လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

လုပ်ကြံခဲ့ကြတဲ့ လူတစုဟာ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင် တပ်ရင်း အမှတ်တံဆိပ် တပ်ဆင်ထားတဲ့ စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားပြီး ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့ကို ပစ်ခတ် လုပ်ကြံခဲ့ကြတာပါ။ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ နောက်ကွယ်က တရားခံကတော့ ဂဠုန်ဦးစောဖြစ်ပြီး အထူး ခုံရုံးဖွဲ့ပြီး သေချာစစ်ဆေးခဲ့ပါတယ်။
ဂဠုန်ဦးစောကို ပြစ်မှု ထင်ရှားတဲ့အတွက် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။ တရားခံတွေက အဆင့်ဆင့် အယူခံဝင်ခဲ့ကြပေမယ့် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။ နိုင်ငံတော် သမ္မတဆီမှာ အသနားခံလွှာ ရေးတင်ခဲ့တဲ့အတွက် ခင်မောင်ရင်၊ သုခနဲ့ မောင်နီတို့အပေါ်ချမှတ်ထားတဲ့ သေဒဏ်အစား တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။
ကျန်တဲ့ တရားခံတွေဖြစ်ကြတဲ့ ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုး၊ မှုန်ကြီး၊ စိန်ကြီးနဲ့ ရန်ကြီးအောင်တို့ကို တော့ ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့မှာ တကြိမ်တည်း သေဒဏ်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီးတဲ့ နောက်မှာတော့ အာဇာနည်တွေရဲ့ ရုပ်ကလာပ်တွေကို ပြည်သူတွေ နောက်ဆုံး ဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့၊ ဂျူဗလီဟော ခန်းမကို ယူဆောင်လာခဲ့ပါတယ်။ အာဇာနည်တွေရဲ့ ရုပ်ကလောပ်ကိုတော့ ၆ လတိုင်တိုင် ပြည်သူတွေ ဂါရဝပြုဖို့ ထားပေးခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့မှာတော့ နိုင်ငံတော် ဈာပနအဖြစ် အာဇာနည်ကုန်းကို ပို့ဆောင်ဂူသွင်းခဲ့ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ ရောက်တိုင်း အာဇာနည်နေ့ အထိမ်းအမှတ် ပွဲတွေကို ကျင်းပလာခဲ့တာ အခုချိန်ထိ တိုင်အောင် ကျင်းပနေကြတုန်းပဲ။ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ နေတနေ့ ဖြစ်သလို မြန်မာနိုင်ငံအပေါ် ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ကျေးဇူးကို ပြန်လည်အောက်မေ့တဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ။
ကိုးကား – my.wikipedia.org