ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များတွင် ဒေါင်မြည်မြည် ထူးချွန် ကျောင်းသားများကိုသာ ရွေးချယ်ပြီး လေ့ကျင့် သင်ကြားပေးမည်ဟု ပညာရေး ဝန်ကြီးဌာနက သတင်းစာများမှတဆင့် ကြော်ငြာ ခေါ်ယူခဲ့ပြီးနောက် ၂၀၁၃- ၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများရင်ထဲတွင် ထူးချွန်ကျောင်းသား အိမ်မက်သည် အစိုင်အခဲ ဖြစ်တည်လျက် ရှိနေသည်။
၎င်းထူးချွန် ကျောင်းသားများသည် တလလျှင် ပညာသင် ထောက်ပံ့ကြေးငွေ ကျပ်တသိန်း ရရှိမည်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် Sandwich သင်ကြားရေး အစီအစဉ်များ ရှိသည်၊ တက္ကသိုလ် ကျောင်းဆောင်များတွင် နေထိုင်ရမည်၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ပို့ချပေးကာ နိုင်ငံတကာ စံချိန်အတိုင်း ဖြစ်ရမည် စသည့် … စသည့် ကြေညာချက်များကြောင့် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များတွင် သင်ကြားပို့ချပေးမည့် ထူးချွန် ကျောင်းသား စာသင်ခန်းသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်များများဖြင့့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် စိတ်ကူးယဉ်ဖွယ်ရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။
ပညာရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်များအရ ထူးချွန်ကျောင်းသားအဖြစ် လျောက်ထားသူများသည် အင်္ဂလိပ်စာတွင် မဖြစ်မနေ ဂုဏ်ထူး ထွက်ရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဘာသာရပ်များတွင်လည်း ဂုဏ်ထူးပါသူများ ဖြစ်ရမည်ဟု သတ်မှတ်ခဲ့ကာ၊ စမ်းသပ်ကာလ ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူ ၁၅ ဦးကိုသာ လက်ခံမည်ဟု ကြေညာခဲ့သည်။
တက္ကသိုလ်ဝင်ခွင့် ကျလာသည့် အခါ၌လည်း အမှန်တကယ်သာ အင်္ဂလိပ်စာ ဂုဏ်ထူးပါပြီး သက်ဆိုင်ရာ ဘာသာရပ်များတွင် ဂုဏ်ထူး ပါဝင်သော သူများကိုသာ ထူးချွန်ကျောင်းသားအဖြစ် သတ်မှတ်ရွေးချယ် ပေးခဲ့သည်။
သချာၤ၊ ရူပ၊ ဓာတု စသည့် သိပ္ပံ မေဂျာများအတွက် အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာ ဘာသာရပ်များတွင် ဂုဏ်ထူး ပါသူများကို လည်းကောင်း၊ ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒ စသည့် မေဂျာများအတွက် အင်္ဂလိပ်စာ ဂုဏ်ထူးပါသည့်အပြင် ရမှတ်ပေါင်း ၄၇၀ အထက်ရှိသူများ ကိုလည်းကောင်း ထူးချွန်ကျောင်းသားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဝိဇ္ဇာ ဘာသာရပ်များ ဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ ပထဝီဝင် စသည့် မေဂျာများအတွက် သက်ဆိုင်ရာ ဘာသာရပ်တွင် ဂုဏ်ထူးပါ ရမည်ဆိုသည့် စည်းမျဉ်းကြောင့် ထူးချွန်ကျောင်းသား မရရှိသည့် အနေအထားပင် ဖြစ်ခဲ့သည်။
အချို့သော ဝိဇ္ဇာဘာသာရပ်ဖြစ်သည့် ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးသိပ္ပံ၊ ရှေးဟောင်း သုတေသန၊ မနုဿဗေဒ၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ စသည့် မေဂျာများတွင် အင်္ဂလိပ်စာ ဂုဏ်ထူးမှတ်ရပြီး အမှတ်ပေါင်း ၄၆၀ နှင့် အထက် ကျောင်းသားများကိုသာ ရွေးချယ်ခဲ့သည်။
ထူးချွန် ကျောင်းသားများနှင့် ကျောင်းသား မိဘများမှာလည်း မိမိတို့ သားသမီးများ၏ အနာဂတ်ကို ကြိုတင်တွေးကာ ရင်ခုန်ခဲ့သည့် အနေအထားမျိုး ဖြစ်ခဲ့သည်။
သို့သော် ထူးချွန်ကျောင်းသား ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်လာကာ အယောက် ၅၀ အထိ တိုးမြှင့် ခေါ်ဆိုမည်ဟု ထပ်မံ ကြေညာပြီး၊ အရည်အချင်း သတ်မှတ်မှု မရှိတော့ဘဲ အမှတ်ပေါင်းဖြင့်သာ ဦးစားပေး ခေါ်ယူခဲ့ရာ နဂိုမူလ ထူးချွန် ကျောင်းသားအဖြစ် ရွေးချယ် ခေါ်ယူခံခဲ့ရသော ကျောင်းသားများမှာ စမ်းတဝါးဝါးနှင့် အိမ်မက်ထဲတွင် လမ်းလျှောက်သူများ သဖွယ် ဖြစ်လာခဲ့ရသည်။ ကျောင်းစတင် ဖွင့်ဖွင့်ခြင်းမှာပင်လျှင် နောက်ထပ် ထပ်တိုးခေါ်မည့် ကျောင်းသားများကို စောင့်ပြီး စာသင်ကြားရခြင်း၊ ဝိဇ္ဇာမေဂျာများတွင် လူနည်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် Minor ဘာသာရပ်များကို စုပေါင်းကာ စာသင်ကြားရခြင်း၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် သင်ကြားရမည်ဟု သိထားသော်လည်း သက်ဆိုင်ရာ ဘာသာရပ်များတွင် ပါမောက္ခပင် မရှိဘဲ ဌာနများတွင် ရှိသည့် ဆရာ၊ ဆရာမ များနှင့်သာ သင်ကြားရခြင်းသည် ထူးချွန် ကျောင်းသား အိမ်မက်ကို လှုပ်နှိုးလိုက်သည့် ပကတိ အရှိတရားများ ဖြစ်လာလေတော့သည်။
“မိမိတို့ အနာဂတ်သည် မိမိတို့ စိတ်ကူးထားသကဲ့သို့ အမှန်တကယ်ပင် ပုံပေါ်လာနိုင်ပါ့မလား” စသည့် မေးခွန်းများသည် ထူးချွန် ကျောင်းသားအဖြစ် ရွေးချယ် ခံရသူများအတွက် မေးစရာများ ဖြစ်လာခဲ့သည်။ ထို့ထက် အရေးကြီးသည့် မေးစရာ မေးခွန်းမှာ မိမိထက် အမှတ်ပေါင်း ၁၀၀ ခန့်နည်းသော သူများနှင့် တခန်းထဲ စာသင်ကြားရခြင်းကြောင့် မိမိတို့ စာသင်ခန်းသည် ထူးချွန် ကျောင်းသားများသာလျှင် သင်ကြားသော စာသင်ခန်း အမှန်ပင် ဖြစ်နိုင်ပါသေးလားဆိုသည့် မေးခွန်းပင် ဖြစ်လာသည်။
ရူပဗေဒ ထူးချွန်အဖြစ် ဝင်ခွင့်ရသော ကျောင်းသူတဦးက “သမီးက ဂုဏ်ထူး ၄ ဘာသာ ထွက်ခဲ့တယ်။ အမှတ်ပေါင်းက ၄၉၀ ကျော်တယ်။ တခြား အသက်မွေးဝမ်းကျောင်းတွေကို သွားလို့ရတယ်။ ဒါပေမယ့် ထူးချွန်ကျောင်းသား ဖြစ်ချင်တယ်၊ ဒါက ဘဝအတွက် အာမခံချက် တခုခုကိုများ ပေးနိုင်မလား မျှော်လင့်မိတယ်။ ဒါနဲ့ ထူးချွန်လိုင်းကိုပဲ အဓိက ဦးတည်ပြီး လျှောက်လိုက်တယ်။ ကိုယ့်အရည်အချင်းနဲ့လည်း ကိုက်ညီတယ်။ သမီးတို့ မေဂျာမှာ စစချင်း ထူးချွန် ကျောင်းသားစာရင်းက ၁၅ ဦးရှိတယ်။ အခုတော့ အယောက် ၄၀ ကျော် ထပ်ဝင်တယ်။ အားလုံးပေါင်း ၆၀ ဝန်းကျင် ရှိလာတယ်” ဟု ပြောသည်။
သူက ဆက်လက်ပြီး “နောက်ပြီး အမှတ်ပေါင်းနဲ့ ခေါ်ခဲ့တာ ဖြစ်တဲ့အတွက် တချို့ အင်္ဂလိပ်စာ ဂုဏ်ထူးမှတ် မရဘူး။ သက်ဆိုင်ရာ ဘာသာမှာ အမှတ်ပေါင်း ၉၀ မရဘူး အဲဒါမျိုးတွေ ရှိလာတယ်။ လူများလာတာ အမှတ်အနည်းအများဟာ သိပ်တော့ ပြဿနာ မဟုတ်ပေမယ့် အရင်ပြောခဲ့တဲ့ ထောက်ပံ့ကြေး တလကို တသိန်းပေးမယ် ဆိုတာကတော့ ဆရာ၊ ဆရာမတွေလည်း မသိတော့ဘူး။ အဲဒီတော့ အနာဂတ်မှာ အရင်ပေးခဲ့တဲ့ အာမခံချက်တွေ အားလုံးကို ဆက်ပေးနိုင်ပါ့ဦးမလား ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ သမီးတို့မှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို သွားနိုင်ပါလျက်နဲ့ ထူးချွန် ကျောင်းသားအဖြစ် ရွေးချယ်ခဲ့တာပါ” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
ဝိဇ္ဇာဘာသာရပ် တခုတွင် ထူးချွန် ကျောင်းသားအဖြစ် ရွေးချယ်ခွင့် ရခဲ့သော ကျောင်းသူ တဦးကလည်း “သမီးက အင်္ဂလိပ်စာ ဂုဏ်ထူးပါခဲ့ပါတယ်။ အမှတ်ပေါင်းက ၄၆၀ ကျော်ရခဲ့ ပါတယ်။ ဒဿနိဗေဒ အဓိကဘာသာ ရခဲ့ပါတယ်။ ပထမက လိုချင်ခဲ့တာက နိုင်ငံရေးသိပ္ပံ ဘာသာရပ်ပါ။ နောက်ထပ် ထပ်တိုး ကျောင်းသားတွေ ထပ်ခေါ်တယ်။ အဲဒီမှာ နောက်ဆုံး ဝင်လာတဲ့သူက အင်္ဂလိပ်စာလည်း ဂုဏ်ထူး မပါပါဘူး။ ရမှတ်ကလည်း ၃၆၀ ပဲရှိပါတယ်။ သမီးရဲ့ ရမှတ်နဲ့ ၁၀၀ ကွာပါတယ်။ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ပြောင်းလို့ရလားဆိုတာ စုံစမ်းကြည့်တော့ ပြောင်းလို့ရတာနဲ့ မေဂျာပြောင်းလိုက်ပါတယ်” လို့ သူမရဲ့ ရမှတ်၊ ဘာသာရပ် ရွေးချယ်မှုတို့နှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။
ရမှတ်ပေါင်း ၄၉၀ ကျော်ရရှိခဲ့ပြီး အင်္ဂလိပ်စာတွင် ဂုဏ်ထူး မထွက်ခဲ့ခြင်းကြောင့် ယခင်က ထူးချွန်ကျောင်းသားအဖြစ် ရွေးချယ်ခြင်း မခံရခဲ့ရသော်လည်း ယခု ထပ်တိုးကျောင်းသားအဖြစ် လျှောက်ထားသည့်အခါ ကုန်ထုတ် ဓါတုဗေဒ ထူးချွန်အဖြစ် ရွေးချယ်ခံရသော ကျောင်းသူတဦးက “သမီးက GTC မှာ Civil မေဂျာ ရထားပါပြီ။ ဒီဘက်ပြောင်းဖို့ကျတော့ စဉ်းစားနေရတယ်” ဟု ပြောပြခဲ့သည်။
ထူးချွန် ကျောင်းသားများ ကျောင်းသားတိုင်းသည် ဉာဏ်ရည်ဉာဏ်သွေး အလွန်ကောင်းမွန်ကာ ငယ်စဉ်ကတည်းက ပညာရေးနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ လေ့ကျင့်ခံခဲ့ရသူများ ဖြစ်သောကြောင့် သင်ကြားမှုအတွက် နာယူမှုမှာ အလွန်ကောင်းပြီး ကျောင်းသားဗဟိုပြု သင်ကြားရေး စနစ်အတိုင်း သင်ကြား၍ ရသည်ဟု ဆရာ၊ ဆရာများက မှတ်ချက်များ ပေးထားသည်။
သို့သော်လည်း ကျောင်းသားများကို ပညာသင် ထောက်ပံ့ကြေးက တလ တသိန်းပေးမည် ဆိုသည့် ကိစ္စကိုမူ မိမိတို့လည်း သေချာတတ်အပ် မပြောနိုင်ပါဟု ဆိုကြပြီး၊ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များတွင် ပညာသင် ထောက်ပံ့ကြေးများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များမှ ကမ်းလှမ်းချက်များလည်း ရှိတာကြောင့် ပညာသင်ထောက်ပံ့ကြေးမှာ ကျောင်းသားတိုင်းမဟုတ်ဘဲ ထူးချွန်သူများထဲမှ ထူးချွန်သည်ထက် ထူးချွန်သူများ အနေနှင့် ရရှိမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
ထူးချွန် ကျောင်းသားများ၏ သင်ကြားရေး ပုံစံများကို ယခင်ကကဲ့သို့ မဟုတ်ဘဲ ပြုပြင်ပြောင်းလဲနိုင်ရန် ပြင်ဆင်ထားသည်ဟု သိရသော်လည်း ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များတွင် ၁၉၉၆ ခုနှစ်နောက်ပိုင်း ပိတ်ထားခဲ့သော စာသင်ခန်းများကို ယခုအနည်းငယ် ပြုပြင်ပြီး ထူးချွန်ကျောင်းသား စာသင်ခန်းများအဖြစ် ပြုလုပ်ခဲ့သည်။
အသုံးမပြုသည်မှာ ကြာမြင့်ပြီဖြစ်သော စာသင်ခန်းများ၏ ထုံးစံအတိုင်း အင်္ဂတေပတ်ကြားအက်၊ အရောင်မွဲမွဲ စာသင်ခုံများမှာ မောင်မယ်သစ်လွင် ထူးချွန်ကျောင်းသားတို့၏ အိမ်မက်ကို ကြည်စယ် နေဘိသကဲ့သို့ပင် …။
(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)