မြန်မာနိုင်ငံအတွင်းမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေ တည်ရှိလာတာ နှစ်ပေါင်း မနည်းတော့ပါ။ စစချင်း လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်းက ထိပ်ဆုံးက ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြားသော ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းများလည်း တိုးလာခဲ့ပါတယ်။ အဲသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသီးသီးမှာ လုပ်ကိုင်နေတာ မြန်မာနိုင်ငံသားတွေပါ။ မြန်မာနိုင်ငံမှာ လာလုပ်တယ်ဆိုတော့ မြန်မာ နိုင်ငံသား လုပ်သားတွေကို အလုပ်ခန့်ရတာ သဘာဝပါ။ လူတွေအလုပ်ရတယ်ဆိုတော့ တဖက်က ကြည့်ရင်လည်း ဝမ်းသာစရာလို့ ပြောနိုင်တာပေါ့။
ဒါပေမဲ့ အခုထက်အထိ မြန်မာနိုင်ငံသား လုပ်သားတွေရဲ့ နေ့စဉ်လုပ်အားခဟာ အလွန်နိမ့်ကျဆဲ ဖြစ်ပါတယ်။ ရတဲ့ လုပ်အားခဟာ နေ့စဉ်စားသောက်ရေး၊ ခရီးစားရိတ် စတာတွေအပေါ်မှာ ပြန်သုံးစွဲရတော့ လောက်ငှတယ်လို့ ဘယ်လိုမှ ပြောမရပါ။ ဖျားနာလို့ ဆေးကုမယ်ဆိုရင် ဆေးဖိုးတောင် အနိုင်နိုင် ဖြစ်ရတပါတယ်။ မသေရုံတမယ် နေထိုင်စားသောက် ရတဲ့ ဘဝလို့သာ ဆိုနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ လုပ်သားတွေဟာ ဘယ်လိုလုပ်ပြီး အိုစာမင်းစာအတွက် စုဆောင်းနိုင်ပါ့မလဲ။ အိုမင်းမစွမ်း ဖြစ်လာရင် ဘဝရပ်တည်ရေးအတွက် ဘယ်သူက ကူညီမှာလဲ။ အလုပ်သမားတို့ ရှေ့ရေးဟာ မတွေးဝန့် စရာပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုင်ရှင်တွေ မြန်မာလုပ်သားတွေကို ထိုက်ထိုက်တန်တန် လုပ်အားခ ပေးအောင် ဘာကြောင့် မြန်မာအစိုးရက မဆောင်ရွက်ပေးနိုင်တာလဲ။ ကိုယ့်နိုင်ငံသားလုပ်သားတွေ ဝင်ငွေနိမ့်ကြနေတာဟာ တဖက်မှာ ဘောဂဗေဒ အမြင်နဲ့ ပြန်ကြည့်ရင် နိုင်ငံရဲ့ဝင်ငွေ နိမ့်ကျစေတယ် ဆိုတဲ့ သဘောပါပဲ။ ကိုယ့်လုပ်သားလည်း နစ်နာသလို နိုင်ငံတော် အတွက်လည်း နစ်နာပါတယ်။
တချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင် ဆူဟာတိုလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အာဏာပိုင်တွေ အကြား ဘယ်လိုလက်ဝါးရိုက်ပြီး အင်ဒိုနီးရှား အလုပ်သမားတွေအပေါ်မှာ ရက်ရက်စက်စက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သလဲဆိုတာ တင်ပြလိုပါတယ်။
၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်ဟောင်းဖြစ်သူ အာဏာရှင်သမတကြီး ဆူဟာတိုဟာ တိုင်းသူပြည်သားတွေရဲ့ အုံကြွလာတဲ့ ဖိအား များကြောင့် သူ့ရာထူးကနေ နုတ်ထွက်လိုက်ရပါတယ်။ သူမထွက်ခင် တနှစ်လောက်အလိုရ ပြုစုထားတဲ့ စာရင်းဇယားများ အရ အင်ဒိုနီးရှား နိုင်ငံသား သန်းပေါင်း ၇ဝ ကျော်ဟာ နိုင်ငံတကာစံချိန်အရ ဆင်းရဲတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်ရဲ့ အောက်မှာ နေထိုင်ကြရ ပါတယ်။ ဘိုလိုပြောရရင်တော့ ဆူပါဆင်းရဲသားတွေလို့ ဆိုရမှာပါ။ ဆူဟာတိုဟာ အာဏာရှင် အဖြစ် သူ့နိုင်ငံကို နှစ်ပေါင်း ၃ဝ နီးပါး အုပ်ချုပ်ခဲ့သူပါ။ သူနုတ်ထွက်သွားတဲ့ အချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံခြား ကြွေးမြီတွေ ပတ်လည်ပိုင်းပြီး ကျန်ရစ်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက် အကြွေးတင်ပြီး ကျန်ရစ်ခဲ့ တာပါ။ အဲဒီ အကြွေးတွေထဲမှာ ကမ္ဘာ့ဘဏ်ကို ပေးရမဲ့ အကြွေးတွေက အများစု ဖြစ်နေပါတယ်။
အဲသလို နိုင်ငံသားတွေမွဲတေပြီး နိုင်ငံတော်လည်း အကြွေးတွေတင်နေပေမယ့် ဂျာကာတာမြို့တော်ကြီးကတော့ မိုးပျံတိုက် တွေ၊ စက်ရုံတွေနဲ့ နိုင်ငံတကာ စံချိန်မီ ခန့်ထည်နေပါတယ်။ ဂျာကာတာမြို့တော်ကြီးကို ပြင်ပကနေ ပတ်ပတ်လည် ဝိုင်းထားတာတွေ ကတော့ နိုင်ငံခြားပို့ကုန်တွေ ထုတ်လုပ်တဲ့ နိုင်ငံခြားကုမ္ပဏီများပိုင်ဆိုင်တဲ့ စက်ရုံကြီးများ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် လန်ဒန်၊ နယူးရောက် အပါအဝင် အနောက်နိုင်ငံများက အဖိုးတန် အဝတ်အစား အသုံးအဆောင် ရောင်းချနေတဲ့ ကုန်တိုက်ကြီးတွေက ပစ္စည်းတွေဟာ အင်ဒိုနီးရှား အပါအဝင် တခြားသော ဆင်းရဲတဲ့ နိုင်ငံတွေကနေ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ဂက်ပ်၊ နိုက်ကီ၊ အက်ဒီဒက်စ်၊ ရီးဘော့ အစရှိတဲ့ တံဆိပ်တွေ ကပ်ထားတဲ့ လမ်းလျှောက် အားကစား ဖိနပ်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ အခြေစိုက်တဲ့ စက်ရုံများက ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ လန်ဒန်မြို့လယ်က ကုန်တိုက်ကြီးတွေမှာ အဲဒီ တံဆိပ်ကပ်ထားတဲ့ ဖိနပ်တရံဟာ အင်္ဂလိပ်ပေါင်ငွေ ၁ဝဝ လောက်နဲ့ ရောင်းချပါတယ်။ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၁၆ဝ လောက် ရှိပါတယ်။
ဒါပေမယ့် အဲဒီစက်ရုံများမှာ အလုပ်လုပ်နေရတဲ့ အင်ဒိုနီးရှား လုပ်သားတွေရဲ့ တနေ့လုပ်အားခကတော့အမေရိကန် တဒေါ်လာ သာ ရပါတယ်။ အဲဒီလုပ်အားခ ဈေးနှုန်းဟာ အင်ဒိုနီးရှားအစိုးရ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အစိုးရဟာ ဘာဖြစ်လို့ ကိုယ့်နိုင်ငံသား လုပ်သားတွေ ထိုက်တန်တဲ့ လုပ်အားခရအောင် ဆောင်ရွက်မပေး တာလဲ ဆိုတာကလည်း မေးစရာဖြစ်ပါတယ်။
လုပ်အားခနည်းရတဲ့အပြင် စက်ရုံအတွင်း အလုပ်ခွင်အတွင်း အခြေအနေကလည်း သိပ်မကောင်းလှပါ။ အင်္ဂလန်နဲ့ အမေရိကန်ကို တင်ပို့တဲ့ ဂတ်ပ် တံဆိပ်ပါရှိတဲ့ အဝတ်အစားချုပ်တဲ့ စက်ရုံတခုမှာဆိုရင် အလုပ်သမားဦးရေ တထောင် ကျော် ရှိပါတယ်။ လုပ်သားအများစုဟာ အမျိုးသမီးတွေလည်း ဖြစ်ပါတယ်။ စက်ရုံထဲမှာ အပူချိန်ဟာ ၄ဝ ဒီဂရီ စင်တီ ဂရိတ်လောက် ရှိပါတယ်။ အလုပ်သမားတွေအတွက် အတော့ကို ပူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စက်ရုံပိုင်ရှင် ထိုင်ဝမ်လူမျိုးနဲ့ မန်နေဂျာတို့ရဲ့ ရုံးခန်းများမှာတော့ လေအေးပေးစက် တပ်ဆင်ထားပါတယ်။ အပ်ထည်တွေကျတဲ့ အချိန်မျိုးဆိုရင် လုပ်သားတွေဟာ ၃၆ နာရီ ဆက်တိုက် အလုပ်လုပ်ရပါတယ်။ ကြားထဲမှာ နားချိန်က ရှိတယ်ဆိုပေမယ့် နည်းပါတယ်။ ဆိုလို တာကတော့ အထည်အော်ဒါကျရင် ကျသလို အိမ်ပြန်ခွင့်မရှိဘဲ အလုပ်ကို လုပ်ရပါတယ်။ ဒါက စက်ရုံက သတ်မှတ်ထားတဲ့ ပေါ်လစီပါ။ ဂတ်ပ် ကုမ္ပဏီဌာနချုပ်ရုံးကတော့ အမေရိကန်နိုင်ငံ ဆန်ဖရစ်စစ္စကိုမြို့မှာ အခြေစိုက်ပါတယ်။
မီဒီယာတွေက ဒီသတင်းတွေကြားလို့ လျှို့ဝှက်ပြီး အလုပ်သမားတချို့ကို အင်တာဗျူးပါတယ်။ အလုပ်ချိန်အတွင်း အိမ်သာ တက်ခွင့်ရဖို့ဆိုတာ အတော်ကံကောင်းမှ ရတယ်လို့ ဆိုပါတယ်။ ဆီးသွားချင်လို့ မအောင့်နိုင်ဘူးဆိုရင် ကိုယ့်ဘောင်းဘီထဲ သွားလိုက်ဖို့သာ ရှိတယ်လို့ ပြောပါတယ်။ လူမှုဆက်ဆံရေးမှာလည်း အလုပ်သမားတွေကို နှိမ့်ချဆက်ဆံတယ်လို့ ဆိုပါတယ်။ နောက် အလုပ်ခွင်အတွင်းမှာ အလုပ်သမားချင်း စကားစမြည်ပြောတာကို ခွင့်မပြုပါဘူး။ အလုပ်သမားတွေရဲ့ အပြောအရ ဂတ်ပ်ကုမ္ပဏီက နိုင်ငံခြားသားတချို့ စက်ရုံကို လာရောက်စစ်ဆေးတဲ့ အခါမျိုးမှာ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ ရရဲ့လား၊ အဆင်ပြေရဲ့လား ဆိုတာကို ဂရုမစိုက်ပါဘူးတဲ့။ သူတို့ ဂရုစိုက်တာက ချုပ်ထားတဲ့ အထည်တွေ အရည်အသွေး အဆင့်အတန်းမီပြီး များများထုတ်လုပ်ဖို့သာ ဂရုစိုက်တယ်လို့ အလုပ်သမားတွေက ရှင်းပြပါတယ်။
ဒါ့အပြင် စက်ရုံက ဆောက်ပေးထားတဲ့ အလုပ်သမားတန်းလျားမှာ နေထိုင်တဲ့ အလုပ်သမားတွေဟာ ဖြစ်သလို ဆောက် ထားတဲ့ အခန်းလေးတွေမှာ နေရပါတယ်။ နေ့စဉ်ရတဲ့ ဝင်ငွေကနည်းရတဲ့အထဲ ငွေကိုလည်း စုချင်သေးတော့ အလုပ်သမား တွေဟာ ဖြစ်သလို စားသောက်ရပါတယ်။ အဲတာကြောင့် အဟာရချို့တဲ့တဲ့ ပြဿနာကိုပါ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်တဲ့ ကမ္ဘာ့ရွာဖြစ်စဉ်ဟာ အဆင်သင့် ဖြစ်သူများအတွက် ပိုတိုးတက်လာတယ် ဆိုပေမယ့် အင်ဒိုနီးရှားလုပ်သားများလို အဆင်သင့် မဖြစ်သေးသူတွေကတော့ စားရေးသောက်ရေးမှာပဲ တဝဲလည်လည်နဲ့ ရုန်းကန်နေရပါတယ်။
အလုပ်သမားတန်းလျားတွေကလည်း ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဆောက်ပေးထားတာ မဟုတ်တော့ ခြင်ကိုက်ရာ ကနေ အလုပ်သမားတွေ သွေးလွန်တုတ်ကွေး ဖြစ်တာများပြားလာပါတယ်။ အလုပ်သမားတန်းလျားမှာ မိဘတွေနဲ့ အတူ နေတဲ့ ကလေးများဆိုရင် သေတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီအင်ဒိုနီးရှား စက်ရုံလုပ်သားတွေဟာ မူလက တောနယ်တွေမှာ စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ လယ်သမားတွေ တောင်သူတွေပါ။ စိုက်ပျိုးရေးလုပ်ငန်းမှာ အစိုးရပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေက ကမ္ဘာ့ဘဏ်က ချေးထားတဲ့ ငွေတွေဖြစ်ပါတယ်။ အဲတာကြောင့် ကမ္ဘာ့ဘဏ်က ချမှတ်ပေးတဲ့ ပေါ်လစီအတိုင်း ခိုင်းတဲ့ သီးနှံကိုသာ စိုက်ပျိုးရပါတယ်။ လယ်သမားတွေ စိုက်ချင်တဲ့ သီးနှံစိုက်ခွင့် မရပါဘူး။
အဲသလို လုပ်ရင်းကိုင်ရင်းနဲ့ စိုက်ပျိုးရေးကနေ ဘဝဖူလုံမှု မရှိတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ကုန်ပြီး လယ်ကွင်းတွေကို စွန့်ခွာလာသူတွေ ဖြစ်ခဲ့ပါတယ်။ မြို့မှာ စက်ရုံဖြစ်လာတော့ ဘဝက ဖူလုံသလားဆိုတော့လည်း အဆင်မပြေလှပါ။ ဘဝတွေက မဲပြာပုဆိုးပဲ ဖြစ်ရပြန်ပါတယ်။ ကမ္ဘာ့ဘဏ်က ချမှတ်ပေးတဲ့ ဘာသီးနှံပဲ စိုက်ရမယ်ဆိုတဲ့ ပေါ်လစီကြောင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဟာ အကြပ်အတည်း တွေ့လာရပါတယ်။ တသီးပုဂ္ဂလ လယ်သမား နည်းနည်းလာပြီး ငွေရှင်ကြေးရှင်တွေ ပိုင်ဆိုင်တဲ့ ကန်ထရိုက် လယ်ယာလုပ်ငန်းတွေ ဖြစ်လာနေပါတယ်။ ငွေရှင်တွေက အချိန်တိုတို အတွင်းမှာ ပိုပိုပြီးချမ်းသာ ချင်တာ ကြောင့် လိုက်နာရမဲ့ ကျင့်ဝတ်တွေကို မလိုက်နာတော့ နောက်ဆုံးမှာ တကယ်နစ်နာသူတွေဟာ အရင်းမရှိတဲ့၊ နည်းပညာ မပိုင်ဆိုင်တဲ့ ဆင်းရဲနွမ်းပါး သူများသာ ဖြစ်ရပါတော့တယ်။
စက်ရုံလုပ်သားတွေ နေ့စဉ်လုပ်အားခ နည်းပါးရတာကို ပြန်သွားပါ့မယ်။ ကိုယ့်နိုင်ငံသားတွေ လုပ်အားခ ထိုက်သင့် သလောက် မရရှိအောင် လုပ်နေသူတွေကတော့ အာဏာပိုင်တွေ ကိုယ်တိုင်ဖြစ်ပါတယ်။ အာဏာပိုင်တွေက လမ်းခုလပ်မှာ ဖြတ်စားထားလို့ ဖြစ်ပါတယ်။ အာဏာပိုင်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ လက်ဝါးရိုက်ပြီး အကြီးအကျယ်လာဘ်စား ထားလို့ ဖြစ်ရတာပါ။ ကုမ္ပဏီတွေကလည်း သူတို့အကျိုးအမြတ် ရနေတဲ့ ကိစ္စတွေဖြစ်တော့ အလုပ်သမားတွေ နစ်နာ နေမှန်း သိပေမဲ့ အသာလေးငြိမ်နေပါတယ်။ အင်ဒိုနီးရှားလုပ်သားတွေဖက်က ပြန်ကြည့်ပြန်တော့လည်း တောကတက်လာပြီး ဒီလောက်လေး ဝင်ငွေရလာနေတာကိုက သူများထက် ကံထူးလို့ရတာလို့ အောက်မေ့ရပါတော့တယ်။ ရွေးစရာ လမ်းမရှိလို့ ဖြစ်ရတာပါ။
အခု မြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတ ဦးညဏ်ထွန်းက တနေ့ဝင်ငွေ ကျပ်နှစ်ထောင်ရှိရင် စားဝတ်နေရေး ဖူလုံတယ်လို့ တလောက ပြောပါတယ်။ တောနယ်မှာ ကိုယ့်တဲကလေးထဲ ကိုယ်နေ၊ ခြံစည်းရိုးမှာပေါက်နေတဲ့ သီးပင်စားပင်တွေက သင့်နိုးရာရာလေး ခူးဆွတ်ပြီးချက်ပြုတ်၊ လိုင်းကားခ အသွားအပြန်လည်း ပေးစရာမလိုတဲ့ အခြေအနေမျိုး ဆိုရင်တော့ ဒုသမ္မတပြောတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါတောင် နေမကောင်းလို့ ဆေးကုရမယ်၊ ကလေးပညာရေးနဲ့ တခြားသော လူမှုရေး ကိစ္စတွေအတွက် ကုန်စရာများ ရှိလာရင် တောမှာလည်း တနေ့ ကျပ်နှစ်ထောင်နဲ့ မလောက်ပါ။ မြို့ပေါ်က စက်ရုံလုပ်သား များကတော့ ပိုဆိုးပါတယ်။ ဒုသမ္မတက ဘယ်လို သုတေသနလုပ်ထားလို့ ကျပ်နှစ်ထောင်နဲ့ တနေ့စား လောက်တယ်လို့ ပြောတာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့က ပြောတာကို ဒုသမ္မတက တဆင့်ပြန်ပြောတာမျိုးလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဧည့်သည်ကို အားနာလို့ ဒါမှမဟုတ် မပြောရဲလို့ ကိုယ့်ကလေးကိုယ် ဖိရိုက်နေတဲ့ မိဘမျိုး မဖြစ်ဖို့ လိုပါတယ်။ အစိုးရခေါင်းဆောင်များ အနေနဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ကိုယ့်ရဲ့ နိုင်ငံသားတွေ ထိုက်တန်တဲ့ လုပ်အားခရဖို့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြောလိုပါကြောင်း။
(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)