၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိဖို့ တအိမ်တက် တအိမ်ဆင်း မဲစာရင်းတွေ လိုက်ကောက် နေတဲ့ အဖွဲ့တခု မန္တလေးမှာ ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့ နာမည်ကတော့ မန္တလေး အမျိုးသမီး နိုင်ငံရေး အင်အားစုပဲ ဖြစ်ပါတယ်။အဖွဲ့ဝင် အားလုံးက နိုင်ငံရေးနဲ့ မစိမ်းခဲ့ကြတဲ့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသူတွေဆိုလည်း မမှား ပါဘူး။ နိုင်ငံရေးမှာ စိတ်အားထက်သန်မှု ရှိကြတဲ့ မန္တလေး အမျိုးသမီး နိုင်ငံရေး အင်အားစုက အဖွဲ့ဝင်တွေဖြစ်တဲ့ မရွှေစင်ဇော်ဝင်း၊ မခင်နီလာမြ၊ မစန္ဒီစိုးဦး၊ မလှိုင်တို့နဲ့ ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ လာမဲ့ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ လိုက်ကောက်ဖို့ အမျိုးသမီး အရပ်ဘက် လူ့အဖွဲ့အစည်းတခု အဖြစ် ဖွဲ့စည်းဖြစ်ခဲ့ပုံလေး အရင်သိပါရစေ။
ဖြေ ။ ။ အမတို့က ဟိုအရင် ၈၈ ကျောင်းသား လှှုပ်ရှားမှုကစပြီး အခုထိ မန္တလေးမြို့နဲ့ ပတ်သတ်တဲ့ ပရိဟတ၊ နိုင်ငံရေး အလုပ် တွေကို လုပ်ခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာလည်း လူထုကိုယ်စား၊ မဲဆန္ဒရှင်တွေကိုယ်စား ဘယ်ဘက်ကနေ ဝင်ကူလို့ ရနိုင်မလဲ၊ လုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြရင်းနဲ့ အခုလို အဖွဲ့လေးဖွဲ့ပြီး မဲစာရင်းတွေ တအိမ်တက်ဆင်း အိမ်တိုင်ရာရောက် ကောက်ဖြစ်ခဲ့တာပါ။
မေး ။ ။ အမတို့အဖွဲ့က မဲစာရင်းတွေကို ဘယ်အချိန်ကတည်းက စကောက်ခဲ့ပါသလဲ။ ပြီးတော့ မဲစာရင်းမှာ အမည် မပါသေးတဲ့ မဲဆန္ဒရှင်အားလုံးအတွက် ကောက်တာလား။
ဖြေ ။ ။ သြဂုတ် ၂၀ ကနေ စလုပ်ဖြစ်ပါတယ်။ အဓိကကတော့ မန္တလေးခရိုင် ၇ မြို့နယ်ထဲက ရွှေ့ပြောင်း လုပ်သားတွေ ကျုးကျော်တွေ အတွက် ပုံစံ-၃(က)နဲ့ မဲစာရင်းကောက်ပေးတာပါ။
မေး ။ ။ မန္တလေးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတော်တော်များများက အမျိုးသမီးတွေချည်း အခုလို သီးသန့် ဖွဲ့စည်းတာမျိုး နည်းတယ်လေ။ အဲတော့ အမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းတခုအနေနဲ့ မဲစာရင်းတွေ အိမ်တိုင်ရာရောက် လိုက်ကောက်တဲ့ အချိန်မှာ ဘာတွေအခက်အခဲ ရှိပါသလဲ။
ဖြေ ။ ။ အခက်အခဲတွေကတော့ အများကြီးပဲ။ UEC (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်)က ပြောထားတယ်လေ။ မဲစာ ရင်း မှန်ကန်ဖို့အတွက် CSO တွေလည်း ကူညီပေးကြပါဆိုပြီး အဲဒီအတွက် အမတို့ ကိုယ်ထူကိုယ်ထ မဲစာရင်းတွေ ရပ်ကွက်တွေမှာ လိုက်ကောက်တယ်။ အဲဒီအတွက် သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်တွေနဲ့ တွေ့ရတယ်။ တချို့ကျ နားလည်ပြီး ကူညီတာ ရှိသလို တချို့ကျလည်း ရစ်တာတွေ ကြုံရတယ်။ အပေါ်ပိုင်းက ဘယ်လောက် လုပ်နေနေ တချို့နေရာတွေမှာ အောက်ပိုင်းက ဘာမှ မသိ တာတွေ ရှိနေသေးတယ်။ မဲစာရင်းအတွက် အမတို့ လုံး၀ ခါးခါးသီးသီး ပြောရတာတွေလည်း ရှိပါတယ်။ နောက်တခု လမ်းပန်း ဆက်သွယ်ရေးပေါ့၊ မြို့သစ်ဘက်က တချို့ရပ်ကွက်လမ်းတွေဆိုရင် လမ်းလို့သာ ဆိုတယ်၊ ဆိုင်ကယ်တောင်ဝင် မရလို့ ဆိုင်ကယ်တွေ ထားပြီး အမတို့ မိတ္တူစက်တွေ ထမ်းပြီးသွားရတာမျိုးလည်း ရှိပါတယ်။
မေး ။ ။ သြဂုတ် ၃၀ ကနေ မဲစာရင်းတွေ လိုက်ကောက်ခဲ့တယ်။ အခုဆို အချိန် ၃ လ ကျော်ပြီ။ ဒီကာလအတွင်း အမတို့ ကောက်ပေးခဲ့တဲ့ မဲစာရင်းအရေအတွက် ဘယ်လောက် ရှိပါသလဲ။
ဖြေ ။ ။ ပျမ်းမျှဆိုရင် နှစ်သောင်းကျော်ပြီ။ အမတို့လည်း ပထမအစပိုင်း ကောက်ခါစက လုပ်ငန်းသိပ် နားမလည်တော့ ကောက် ပြီးရင် ကော်မရှင်မှာ တန်းတင်ခဲ့တယ်။ အခုနောက်ပိုင်းမှ တင်ခဲ့တဲ့ ပုံစံ မိတ္တူကို အမတို့ တစောင် ပြန်သိမ်းထားတယ်။ ဒါမှ မဲစာရင်း နောက်တကြိမ် ကြေညာချိန်မှာ ဒီလူတွေ မဲစာရင်း ပါမပါ စစ်နိုင်အောင်လို့ပါ။
မေး ။ ။ မန္တလေးမှာ ဘယ်နေရာတွေက ပုံစံ(၃-က) မဲစာရင်း လျှောက်ထားသူ အများဆုံး ရှိပါသလဲ။
ဖြေ ။ ။ စစကောက်ချင်းကဆို မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ဘက်ဆို နှစ်ပတ်လောက်နဲ့ ၇၀၀၀ ကျော် လောက် ရှိတယ်။ လူအရေအတွက် ပြီးတော့ ပုသိမ်ကြီး၊ အောင်မြေသာစံမြို့နယ်တို့မှာ ရှိတယ်၊ ပြီးတော့ ဝန်ထမ်းအရမ်းများတဲ့ စက်မှုဘက်က စက်ရုံ အလုပ်ရုံတွေ ဈေးချို၊ လက်ဘက်ရည်ဆိုင်တွေမှာလည်း ကောက်တာ အရေအတွက် တော်တော် ရပါတယ်။ ဒါပေမဲ့ အမတို့ ပုသိမ်ကြီးကို သိပ်မလုပ်နိုင်ခဲ့ဘူး။ သွားရတာလည်း နည်းနည်းဝေးတယ်။ ရတဲ့အချိန်ကို လုရတာဆိုတော့ အဲဒီဘက်ကိုတော့ နည်းနည်း မလုပ်နိုင်ခဲ့ဘူး။
မေး ။ ။ ကျုးကျော်နေထိုင်သူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေအတွက် အိမ်တိုင်ရာရောက် မဲစာရင်းတွေ လိုက်ကောက်တယ်။ အမတို့ အဲလို လိုက်ကောက်တဲ့အခါ မဲဆန္ဒရှင်တွေက စိတ်ဝင်စားမှုရှိရဲ့လား။
ဖြေ ။ ။ ရှိတယ်၊ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက် ရှိကြတယ်။ ဒါပေမဲ့ သူတို့ မသိကြဘူး။ ဘယ်လိုမဲပေးရမယ်။ သူတို့မှာ မဲပေးခွင့်ရှိတယ် ဆိုတာကို။ သူတို့က ကျုးတွေမို့ အိမ်ထောင်စုဇယား မရှိလို့ မဲပေးခွင့် မရှိဘူးလို့ ထင်နေကြတာ များတယ်။ ရွှေ့ပြောင်း လုပ်သားတွေဆိုရင်လည်း လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်တဲ့ ကလေးတွေက ညပိုင်းအချိန်တွေ အားကြတာ များတယ်။ အဲလိုအချိန်မှာ အမတို့ မဲစာရင်းသွားကောက်ရင် ဆိုင်ရှင်က တဆိုင်နဲ့ တဆိုင်သတင်းပေး ချိတ်ဆက်ပြီး အမတို့ တခြားဆိုင်တွေပါ လိုက်ကောက်ပေးရတာတွေ ရှိတယ်၊ သူတို့ စိတ်ဝင်စားကြတယ်။
မေး ။ ။ တအိမ်တက်ဆင်း မဲစာရင်းတွေ လိုက်ကောက်နေတာဆိုတော့ အဖွဲ့ရဲ့ အသုံးစရိတ်ကိုကျ ဘယ်လို စီမံသုံးစွဲပါသလဲ။
ဖြေ ။ ။ ကိုယ်ထူကိုယ်ထလို့ပဲ ပြောရမယ် ထင်တယ်။ အမတို့မှာ ကုန်စရာဆိုလို့ နေ့တိုင်း သုံးနေရတဲ့ စာရွက်စာတမ်းပဲ ရှိမယ်။ မိတ္တူစက်လေး ၂ လုံးကို စုပြီး ဝယ်ကြတယ်။ တခြားဟာတွေက ဆိုင်ကယ်လည်း ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်ဆီနဲ့ လာကြ။ သွားကြတာ ဆိုတော့ ကိုယ်ထူကိုယ်ထပါပဲ။
မေး ။ ။ အဲလို လိုက်ကောက်တဲ့အချိန်မှာ မဲစာရင်း မလျှောက်ချင်တာမျိုးရော ကြုံရပါသလား။
ဖြေ ။ ။ ကြုံရတယ်။ ဥပမာပြောရရင် မန္တလေးခရိုင်ထဲမှာပဲ။ အောင်မြေသာစံနဲ့ ပုသိမ်ကြီးမြို့နယ်အစပ် ၂ ခုလို ဖြစ်နေတဲ့ ဧရာ ဝတီ မြစ်ကမ်းနားမှာ ဖောင်တွေနဲ့ နေနေတဲ့သူတွေ အများကြီး ရှိတယ်။ ဒီလူတွေက သူတို့ရဲ့ မဲစာရင်းဟာ ဘယ်မြို့နယ်မှာ ပါလဲ ဆိုတာ မသိဘူး။ ကြားလပ်နေတယ်။ သူတို့အဲမှာ နေတာလည်း နှစ်ချီနေပြီ။ ဒါပေမဲ့ ရပ်ကွက်က တာဝန်ရှိသူတွေနဲ့ ဆက်စပ် နေရတာဆိုတော့ သူတို့ မဲစာရင်းမှာ ပါအောင်လုပ်လိုက်လို့ သူတို့အပေါ် ဖိအားတခုခုဖြစ်လာမှာ စိုးရိမ်ကြတယ်။ သူတို့ မကင်းရာ မကင်းကြောင်း ရှိနေတယ် ဆိုတော့လေ။
မေး ။ ။ အမတို့ ခရိုင်အတွင်းက မြို့နယ်တွေမှာ မဲစာရင်းတွေ လိုက်ကောက်ကြတာဆိုတော့ အမတို့ကို တားမြစ်တာမျိုး၊ ဖိအား ပေးတာမျိုး ရှိပါသလား။
ဖြေ ။ ။ တားမြစ်တာတော့ မရှိပါဘူး။ ဒါပေမဲ့ ဘယ်နေ့ဘယ်အချိန်ဘယ်သွားမယ်ဆိုတာ ဒေသခံက သိပြီး ပြင်ဆင်လို့ ရအောင် ကြိုအကြောင်းကြားပေးပါ ဆိုလို့ အမတို့ အကြောင်းကြားပေးပါတယ်။
မေး ။ ။ အမတို့က ကိုယ်တိုင် တအိမ်တက်ဆင်းကောက်ပြီး တင်ထားတဲ့ မဲစာရင်းတွေက လာမဲ့ နောက်ဆုံးအကြိမ် ကြေညာ မယ့် မဲစာရင်းမှာ ပါလာမယ်လို့ ယုံကြည်ပါသလား။
ဖြေ ။ ။ မယုံကြည်ဘူး။ မဲစာရင်းတွေ မှားတယ်မှားတယ်လို့ ပြောကြတယ်။ ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ကြည့်လိုက်တော့ Error တွေ အများကြီး ရှိနေတာကို အမတို့ သိလိုက်ရတယ်၊ ဒါပေမဲ့ ပါကောင်းလည်း ပါနိုင်ပါတယ်။ မပါခဲ့ဘူး ဆိုရင်တော့ အဆင့်ဆင့် သွားရမှာပေါ့။ အမတို့ ရပ်ကွက်ကို တင်ခဲ့ရင် မြို့နယ် ကော်မရှင်ကို သွားမယ်။ အဲဒီအတွက် တာဝန်အရှိဆုံးသူက ဘယ်သူဖြစ်မလဲ ဆိုတာတော့ အမတို့ မပြောချင်ဘူး။
မေး ။ ။ ရိုးရာ အစဉ်အလာတွေအရ အမျိုးသမီး အများစုက မီးဖိုချောင်ကနေ ပံ့ပိုးပေးတဲ့သူတွေလို့ပဲ ခံယူထားကြပါတယ်။ အမ တို့က အမျိုးသမီးတွေ ဖြစ်တယ်။ တနည်းအားဖြင့် အိမ်ရှင်မတွေ မိခင်တွေလည်း ဖြစ်ကြတယ်ဆိုတော့ အခုလို ရှေ့တန်းထွက်နိုင်ဖို့ မိသားစုနဲ့ ဘယ်လို နားလည်မှုတွေ ယူထားပါသလဲ။
ဖြေ ။ ။ ဒီမေးခွန်းလာပြီ (အားလုံးရယ်လျက်) အမတို့ နိုင်ငံရေး လုပ်နေတာတွေက အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်း ကလေ။ အိမ်တွေကလည်း သိတယ်။ နားလည်ထားကြတယ်။ သူတို့ နားမလည်ရင်လည်း အမတို့ အခုလို ထွက်လာနိုင်မှာ မဟုတ် ပါဘူး။ ပြီးတော့ မဲစာရင်း လိုက်ကောက်တဲ့အချိန်မှာ အားလုံး တစုတည်းကြီး စုသွားတာမျိုး မဟုတ်ပါဘူး။ အားတဲ့သူတွေက အရင် သွားကြတယ်။ ကလေးကျောင်းကြိုဖို့ ထမင်းဟင်းချက်ရမဲ့သူတွေက သူ့အလုပ်ပြီးတဲ့ အချိန်လာကြတယ်။ အဲဒီမှာ အလုပ်ရှိ တဲ့သူတွေက ပြန်ကြတယ်။ အဲလိုနဲ့ အမတို့ လုပ်ကြတာပါ။
မေး ။ ။ အမျိုးသမီးတွေအနေနဲ့ ရွေးကောက်ပွဲမှာ တတ်စွမ်းသရွေ့ ဝင်ကူကြတယ်။ အဲလိုပဲ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင် အမျိုးသမီးတွေအတွက် ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲနေ့မှာ အိမ်ထဲမှာ နေနေတာထက်စာရင် မရမက ကိုယ့်နိုင်ငံ အပြောင်းအလဲအတွက် မဲပေးဖြစ်အောင် သွားပေးကြပါ။ မဲစာရင်းမှာ မပါရင်တောင် မှတ်ပုံတင်ယူပြီး မဲရုံကို သွားကြပါလို့ ပြောချင်ပါတယ်။
မေး ။ ။ သိပ်မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲအပေါ်မှာ အမတို့အနေနဲ့ ဘယ်လိုယုံကြည် မျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက်၊ ပြည်သူတွေအတွက် အချိုးအကွေ့တခု ဖြစ်လာမယ်လို့ မျှော်လင့်တဲ့ အတွက် အားစိုက်ပြီး တွန်းတာပါ။ ယုံကြည်လို့ တွန်းတာတော့ မဟုတ်ပါဘူး။ မယုံကြည်လို့ ထိုင်နေမလားဆိုရင်လည်း မဖြစ်တဲ့ အတွက် အတိုင်းအတာတခုအထိတော့ မျှော်လင့်မိပါတယ်။ အခုထိ Error တွေ ဖြစ်နေသေးတဲ့ မဲစာရင်းအတွက်လည်း စိတ်ပူ ပါတယ်။