ကူးစက်မြန် ဆုံဆို့နာ ရောဂါလက္ခဏာ တွေ့ရှိမှုကြောင့် ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်၏ရောဂါ အခြေအနေ သက်သာလာပြီ ဖြစ်သည့် အတွက် မကြာခင်ရက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဆုံဆို့နာရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှု အခြေအနေသည် ဖြစ်ပွားသည့် ရာခိုင်နှုန်း ထက်ဝက်ကျော် သေဆုံးနေဆဲ ဖြစ်ပြီး ဆုံဆို့နာ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အပိုင် တိလောက ရပ်ကွက်၊ လေးအိမ်တန်းစုနေရာတွင် နေထိုင် သော ဆုံဆို့နာ ရောဂါ လက္ခဏာ ဖြစ်ပွားသည်ဟု သံသယ ဖြစ်ခဲ့သည့် ကလေးငယ်အခြေအနေနှင့် ပတ်သက်ပြီး အရေး ပေါ် ကုသဆောင်ရွက်ပေးခဲ့သည့် အခြေအနေတချို့နှင့် ပတ်သက်ပြီး ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး အား ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာ က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
မေး။ ။ ဆုံဆို့နာရောဂါ လက္ခဏာ တွေ့ရလို့ ဆေးရုံတက်နေရတဲ့ ကလေးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဇူလိုင်၂၁ရက်နေ့က အစ်မတို့ဆေးရုံကို လာတက်တဲ့ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့က ဒီဇင်ဘာထွန်းဆိုတဲ့ ကလေး မလေးကို ဆုံဆို့နာရောဂါ သံသယဖြစ်လူနာအဖြစ် ဆေးရုံမှာ ကုသခဲ့တယ်။ အခုတော့ လက်ရှိအခြေအနေက ဝေဒနာခံ စားနေရတာ သက်သာလာပါပြီ။ နောက် ၂ ရက်လောက်ဆိုရင်တော့ သူဆင်းရမယ် ထင်ပါတယ်။
မေး။ ။ ကလေးငယ်မှာ ဘယ်လို လက္ခဏာတွေ တွေ့ရလို့ ဆုံဆို့နာရောဂါအဖြစ် သတ်မှတ်ပြီး လက်ခံခဲ့တာပါလဲ။
ဖြေ။ ။ ဆုံဆို့နာရောဂါကလေ အသက်ရှူလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါပေါ့၊ သူ ပိုးဝင်ပြီးမှ ဖြစ်လာတာပေါ့၊ ၃ရက်ကနေ ၅ ရက်အတွင်း ရောဂါ လက္ခဏာမှာ နှာရည်ယိုတာတွေ၊ နှာစီးချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေ၊ အသက်ရှူရခက်တာ အဲဒါတွေက အဓိက ဖြစ်မယ်။
နောက် အစားအသောက်တွေ ပျက်မယ်။ နောက် အဲဒါတွေ ပိုပိုပြီးတော့ ဆိုးလာလို့ရှိရင် အသက်ရှူလမ်းကြောင်းနဲ့ အစာ အိမ်လမ်းကြောင်းတွေ ပိတ်ပြီးတော့ အသက်ရှူကျပ်တဲ့ အခြေအနေဖြစ်ပြီး ဆေးရုံကို ရောက်လာကြတာပါ။ ဒါကြောင့် ပြင်း ထန်တဲ့ ဝေဒနာရှင်တွေက အဲဒီပုံစံအတိုင်းပါ။
မေး။ ။ လက်ရှိ ကလေးရဲ့အခြေအနေကရော ဒေါက်တာတို့ စမ်းသပ်တဲ့အချိန်မှာ ဘယ်လိုမျိုး တွေ့ရသလဲ။
ဖြေ။ ။ မဒီဇင်ဘာထွန်းကတော့ အစ်မတို့က သူ့ရဲ့လည်ချောင်းတဝိုက်ကို ကြည့်တဲ့အခါ သူ့ရဲ့အာသီးမှာ အဖြူရောင်လေး တွေ ရှိနေတာ တွေ့ရတယ်။ သူက အသက်ရှူလမ်းကြောင်း ပိတ်လောက်အောင်တော့ မဆိုးသေးဘူးပေါ့။ အဲဒီရောဂါဖြစ် လို့ အသက်ရှူလမ်းကြောင်းပိတ်ပြီး ရောက်လာတဲ့သူဆိုရင်တော့ ဆရာမတို့ဆီမှာ အမြန်ဆုံးဖောက်ပြီးတော့ သူတို့အသက် ရှူလို့ရအောင် အမြန်ဆုံးလုပ်ပေးရမယ်ပေါ့။
များသောအားဖြင့် ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံရောက်လာတဲ့ကလေးတွေ တော်တော်များများကတော့ အသက် ရှူ လို့ မရတဲ့ကိစ္စနဲ့ အဓိက ရောက်လာကြတာပါ။ အစ်မတို့က လိုအပ်တယ်ဆိုရင်တော့ အမြန်ဆုံးသူတို့ရဲ့ အသက်ရှူလမ်း ကြောင်းကို ဖွင့်ပေးရပါတယ်။ သူတို့ကို အသက်ရှူလို့ရအောင် လုပ်ပေးရတာပေါ့။ ဒါက ပထမဆုံးအသက်ကယ်တဲ့ ကုသမှု ပါ။ အခု ရောက်လာတဲ့ကလေးကတော့ အဲဒီလောက်အထိ မဆိုးသေးပါဘူး။ အစ်မတို့ လည်ချောင်းလည်း မဖောက်ရပါ ဘူး။
မေး။ ။ ဒါဆိုရင် ဆုံဆို့နာလို့တော့ ပြောလို့ရမလား။
ဖြေ။ ။ သူ့ရဲ့လည်ချောင်းတဝိုက်မှာ အဖြူဖတ်လေးတွေရှိတဲ့ အတွက်ကြောင့်မို့လို့ ဆုံဆို့နာဆိုပြီးတော့ သံသယရှိလာတာ နဲ့ကုသမှုကို လုပ်တာပါ။ ရောဂါ လက္ခဏာက ပုံမှန်အားဖြင့် ဆုံဆို့နာရောဂါဆိုရင် အာသီးမှာ အမြှေးပါးလေး ပေါ်လာတယ်။
အမြှေးပါးလေးပေါ်လာပြီးတော့ အဖြူဖတ်လေးတွေရှိတယ်၊ အမြှေးပါးပေါ်လာပြီဆိုရင်တော့ များသောအားဖြင့် သေချာသ လောက်ပဲပေါ့။ ဒါပေမယ့်လည်း အစ်မတို့က ထပ်ပြီးတော့ ဒီလည်ချောင်းတဝိုက်မှာ အသားစ ယူပြီး ဓာတ်ခွဲဌာနမှာ ပို့ပြီး စစ် တယ်။ အဖြေထွက်မှပဲ ဒါ ဆုံဆို့နာရောဂါအဖြစ် သတ်မှတ်တာပါ။ အဖြေမထွက်မချင်းတော့ အစ်မတို့က သံသယရှိ လူနာအဖြစ်ပဲ သတ်မှတ်ပါတယ်။
မေး။ ။ လက်ရှိ စစ်ထားတဲ့ အဖြေရပြီလား။
ဖြေ။ ။ လက်ရှိ အဖြေမရသေးပါဘူး။ ဒါပေမယ့် ကလေးကတော့ သက်သာလာပါပြီ။ သံသယရှိ လူနာအဖြစ် ကုသနေပါ တယ်။ သံသယရှိ လူနာတိုင်းကိုလည်း ဘာပဲဖြစ်ဖြစ် အသက်ကယ်နိုင်အောင်လို့ ကုသမှုတွေ လုပ်ထားပါတယ်။ ဆုံဆို့နာ ရောဂါ ဝေဒနာတွေက ပြင်းထန် ပါတယ်။
အဲဒီအခါကျတော့ အချိန်မီ မလုပ်ပေးနိုင်ဘူး ဆိုလို့ရှိရင် သူ့မှာ အသက်ရှူလမ်းကြောင်း ပိတ်တဲ့ လက္ခဏာနဲ့ သေတတ် တယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးကို ထိခိုက်တဲ့အတွက်ကြောင့် နှလုံးရောင်ရောဂါနဲ့လည်း သေတတ်တယ်။ ဒါကြောင့်မို့ လို့ အစ်မတို့က များသောအားဖြင့် ပြင်းထန်တဲ့ကလေးတွေ၊ ကုသမှု ခံယူနေတဲ့ကလေးတွေမှာ ဆိုရင် ၅၀ ရာခိုင်နှုန်းအထိ သေတယ်။
အစ်မတို့ဆေးရုံက ကုသရင်တောင်မှ ပြင်းထန်တဲ့ ကလေးတွေဆိုရင် ၁၀ ရာခိုင်နှုန်းလောက်အထိက သေနိုင်သေးတယ်။ သေဆုံးမှုများတဲ့ ရောဂါတခုဖြစ်တဲ့အတွက်ကြောင့် အစ်မတို့က ရောက်လာတာနဲ့ သံသယရှိလူနာဖြစ်တာနဲ့ သူ့ကို အဆိပ် ဖြေတဲ့ဆေး အရင်ဆုံး ထိုးထားပေးတယ်။ တကယ်လို့ အဖြေထွက်လာလို့ ရှိရင်လည်း ကြိုတင် ကာကွယ်ပြီးသားဖြစ်တာ ပေါ့။ အဲ့ဒီလိုနည်းနဲ့ ကုသပေးပါတယ်။
မေး။ ။ ဒါဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ ဆုံဆို့နာရောဂါ ဖြစ်လာပြီဆို ကုသလို့ ရတဲ့ ရောဂါတခုလို့ ပြောလို့ရမလား။
ဖြေ။ ။ ကုသလို့ရတယ်ဆိုပေမယ့်လည်း သေဆုံးနှုန်းက မြင့်တယ်လေ။ တချို့ရောဂါတွေကျတော့ ကုသလို့ ရတယ်ဆို တာ ၁၀၀ ရာခိုင်နှုန်း ကုသလို့ ရတယ်။ ဒီမှာတော့ အစ်မတို့က ၁၀၀ အထိ ကုသလို့ မရနိုင်ဘူး။ ဆေးရုံကို နောက်ကျမှ ရောက်တယ်ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းပဲ။
ဖြစ်တဲ့သူ ၂ယောက် ဆိုရင် ၁ယောက်သေနိုင်တယ်။ အစ်မတို့ ဆေးရုံမှာ ကုသမှု ရတယ်ဆိုရင်တောင်မှ ပြင်းထန်တဲ့လူနာ ဆိုရင် သူ့ရဲ့ ဆုံဆို့နာပိုးက နှလုံးတွေ သွားထိခိုက်ရင် ရာခိုင်နှုန်းအားဖြင့် ၁၀ ရာ ခိုင်နှုန်းလောက်အထိ သေနိုင်သေးတယ်။
ဒီရောဂါက အစ်မတို့အနေနဲ့ ၁၀၀ ရာခိုင်နှုန်းကုသလို့ မရတဲ့ ရောဂါဆိုပေမယ့် ကာကွယ်လို့ ရသေးတယ်၊ ကလေး ၂လ၊ ၃လ ၊ ၄လမှာ ကာကွယ်ဆေး ထိုးပေးတာတွေ ရှိတယ်။ ပုံမှန်းအားဖြင့်လည်း အစ်မတို့က ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်း မှာ ဆုံဆို့ နာရောဂါ ကာကွယ်ဆေးကို ထည့်ပြီးတော့ ထိုးပေးတယ်။
အရင်ကတည်းက ၁လခွဲ၊ ၂လ၊ ၃လ ထိုးပေးတယ်၊ အခုတော့ ၂လ၊ ၃လ၊ ၄လ ကာကွယ်ဆေးတွေ ထိုးပေးနေတယ်၊ ထိုးတဲ့ အခါမှာလည်း ဆုံဆို့၊ ကြက်ညှာ ပေါင်းထိုးတာတွေ ရှိတယ်။ အဲဒီ ထိုးဆေးကိုသာ အပြည့်ထိုးမယ် ဆိုလို့ ရှိရင် ဆုံဆို့နာ ရောဂါကို အပြည့်အ၀ ကာကွယ်နိုင်ပါတယ်။
အခုဖြစ်တဲ့ ကလေးဆိုရင် သူ့ကို ဆုံဆို့နာရောဂါလို့ သံသယရှိတယ်။ သူ့ရဲ့ကာကွယ်ဆေးထိုးမှုကို ကြည့်တဲ့အခါကျတော့ သူ့မှာ ကာကွယ်ဆေးထိုးထားခြင်း မရှိတာတွေ့ရတယ်။ အဲ့ဒီလို ကာကွယ်ဆေး မထိုးထားတဲ့ ကလေးတွေမှာကျတော့ ဖြစ် တတ်ပါတယ်။
မေး။ ။ ဆုံဆို့နာ ရောဂါ တွေ့ရှိပြီလို့ သံသယ ဖြစ်ရင် ဘယ်လို ကာကွယ်မှုတွေ လုပ်ပါသလဲ။
ဖြေ။ ။ ဆုံဆို့နာ ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းကနေ တဆင့် ဝင်ရောက်တဲ့ ရောဂါပိုး ဖြစ်တဲ့အတွက်ကြောင့် ဆုံ ဆို့နာ ဖြစ်လာမယ်ဆိုရင် တခြားလူကို ကူးစက်နိုင်ပါတယ်။ အစ်မတို့အနေနဲ့ ဒီဘက်က ဆုံဆို့နာလူနာတယောက် ရောက် လာမယ်ဆိုလို့ရှိရင် ပြည်သူ့ကျန်းမာရေး ဆေးရုံကို သတင်းပို့ပါတယ်။ ဆုံဆို့နာ ရောဂါ လူနာတယောက် ရောက်လာတယ်၊ အဲဒီ လူနာက အမည်၊ အသက်၊ မိဘအမည်၊ ဘယ်ရပ်ကွက် လိပ်စာအပြည့်အစုံနဲ့ သူတို့ကို သတင်းပို့တယ်။
ပို့တဲ့အခါကျရင် သက်ဆိုင်ရာက ရပ်ကွက်ထဲကို ဆင်းပြီးတော့ အနီးအနားမှာ ကူးစက်နိုင်တဲ့လူတွေကို ကာကွယ်ရေး အ တွက်ဆိုပြီး ဆေး တိုက်ကျွေးပါတယ်။ ကာကွယ်ဆေးကို ၇ ရက်ကနေ ၁၀ ရက်အထိ တိုက်ပေးတယ်၊ နောက်ပြီးကျရင် အဲဒီမှာ ရှိတဲ့သူတွေကို တခြားနေရာကို မသွားဖို့၊ ရပ်ကွက်အတွင်းမှာပဲ နေဖို့၊ ဒါမျိုးလေးတွေ လုပ်ပေးတာလည်း ရှိပါတယ်။ ဒါကလည်း ရောဂါပျံ့နှံ့ခြင်း မရှိအောင် အစ်မတို့ တတ်နိုင်သလောက် ကာကွယ်တာပဲ ဖြစ်ပါတယ်။
မေး။ ။ ဘယ်လို နေရာမျိုးတွေမှာ ဘယ်လို ပုံစံမျိုးနဲ့ ရောဂါ ကူးနိုင်ပါလဲ။
ဖြေ။ ။ ဆုံဆို့နာက အသက်ရှူလမ်းကြောင်းကနေ ကူးတယ်ဆိုတော့ တယောက်က တယောက်ကို ကူးတာ မြန်တယ်။ လူ တွေ အစုလိုက်ရှိမယ့် နေရာတွေမှာ ကူးလွယ်တယ်။ နှာရည်ကလည်း ကူးနိုင်တယ်၊ ချောင်းဆိုတာကလည်း ကူးနိုင်ပါ တယ်။ အသက်ရှူ လမ်းကြောင်းရောဂါပိုး ဆိုတော့ ကူးစက်ရ လွယ်ကူပါတယ်။
ဒီကလေးက ဆုံဆို့နာရောဂါရှိမယ်ဆိုရင် ကျောင်းသွားတက်တဲ့အခါ ကျောင်းက ကလေးတွေ ကူးသွားနိုင်တာပေါ့၊ ရပ် ကွက်ထဲမှာဆိုရင်လည်း ဗီဒီယိုရုံတို့ စုစုဝေးဝေးရှိနေတဲ့ နေရာတွေမှာ ကူးစက်တာ လွယ်ပါတယ်။
မေး။ ။ ဆုံဆို့နာနဲ့ ပတ်သက်လို့ အဆိပ်ဖြေဆေးတွေ ထိုးရတယ်ဆိုတော့ လုံလုံလောက်လောက် ချပေးထားတာမျိုး ရှိပါ သလား။
ဖြေ။ ။ ချပေးထားပါတယ်၊ အစ်မတို့ တိုးချဲ့ကာကွယ်ဆေးထိုးဌာနမှာ ဆုံဆို့နာရောဂါအတွက် ကာကွယ်ဆေးကို အပြည့် အ၀ ဆောင်ထားပါတယ်။ ဆေးရုံရောက်တဲ့ လူနာတိုင်း ထိုးပေးနိုင်အောင် ဆောင်ထားပါတယ်။
မေး။ ။ ဒီရောဂါဖြစ်တာ ရာသီဥတုကြောင့် ဖြစ်တတ်ပါသလား။
ဖြေ။ ။ သူက ရာသီဥတုကြောင့်တော့ မဟုတ်ဘူး။ ငယ်ငယ်တုန်းက ကာကွယ်ဆေး မထိုးခဲ့ရင် ဖြစ်နိုင်တယ်။
မေး။ ။ ဆုံဆို့နာရောဂါနဲ့ တခြားရောဂါတွေနဲ့ ဘယ်လို ကွာခြားပါသလဲ။
ဖြေ။ ။ ပုံမှန်အားဖြင့်တော့ ဒီရောဂါက ဖျားမယ်၊ ချောင်းဆိုးမယ်ဆိုတော့ ဖြစ်ပါတယ်။ အစ်မတို့ လေ့လာကြည့်တဲ့ အခါကျ တော့ အာသီးနာရောဂါနဲ့ ဆုံဆို့နာ ရောဂါကို မှားနေတယ်။ အဲဒီပိုးက မတူပါဘူး။ ဆုံဆို့နာ ရောဂါပိုး ရှိတဲ့ ကလေးတွေက ဖျားမယ်။ အာသီးနာမယ် ဆိုတာကတော့ မှန်ပါတယ်။ နောက်ပြီး အသက်ရှူလမ်းကြောင်း ပိတ်လာမယ်။
အဲဒီလို ဆိုရင် ဆေးရုံရောက်လာတာ များပါတယ်။ များသောအားဖြင့် ကုသတဲ့နေရာမှာ သေနှုန်းများတယ်ပေါ့လေ။ သေ နှုန်းများတဲ့အတွက် မိဘတွေအနေနဲ့ ဂရုစိုက်ဖို့ လိုပါတယ်။ ကလေးက ဖျားတယ်။ လည်ချောင်းနာတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းမှာ အမြန်ဆုံး ပြဖို့ လိုပါတယ်။
ဒီဆုံဆို့နာရောဂါက အသက်ရှူလမ်းကြောင်းက ဖြစ်တဲ့ရောဂါမို့လို့ ကူးစက်မြန်တဲ့ရောဂါ ဖြစ်တယ်လေ။ ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီအိမ်မှာ ဆုံဆို့နာရောဂါဖြစ်တယ်ဆိုရင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို သွားပြောလို့ ရှိရင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက မပြန့်ပွားဖို့အတွက် အဲဒီအိမ်မှာ ရှိတဲ့လူတွေကိုတော့ ဘယ်မှမသွားဖို့၊ ဒီလိုမျိုး သွားပြီးတော့ တားမြစ်တာမျိုးလည်း ရှိပါတယ်။
အဲဒီလို တားမြစ်တဲ့အတွက်မို့ စိုးရိမ်ကြတာတွေ ရှိတယ်ပေါ့။ အကုန်လုံးများ သေတော့မှာလားဆိုပြီး၊ အဲဒီလိုတော့ မဟုတ် ပါဘူး၊ တယောက်နဲ့ တယောက် မကူးစက်အောင်လို့ တားဆီးတဲ့သဘော ဖြစ်ပါတယ်။ အဲဒီလောက်ကြီး ထိတ်လန့်စရာ ရောဂါ တခုတော့ မဟုတ်ပါဘူး။
မေး။ ။ ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောပေးပါဦး။
ဖြေ။ ။ အစ်မ အနေနဲ့ ဖြည့်စွက်ပြောရမယ်ဆိုရင်တော့ ဆုံဆို့နာရောဂါဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါပါ။ အခု ဆောင်ရွက် နေတဲ့ တိုးချဲ့ကာကွယ်ဆေးထိုးပေးရေး လုပ်ငန်းမှာလည်း ဆုံဆို့နာကာကွယ်ဆေး ထိုးတာ ရှိပါတယ်။
ကာကွယ်ဆေးကို ကလေးတွေမှာ အတိအကျ ပြည့်ပြည့်၀၀ ထိုးခဲ့မယ်ဆိုရင်တော့ ဒီဆုံဆို့နာရောဂါကို ကာကွယ်ပြီးသား ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ ဒီဆုံဆို့နာရောဂါ မဖြစ်ပွားအောင် မိမိတို့ သားသမီးတွေကို ကာကွယ် ဆေး အပြည့်အ၀ ထိုးပေးကြပါလို့ ပြောချင်ပါတယ်။ ။